နယူးကာဆယ်နည်းပြရာထူးကို ရယူပြီး မိနစ် ၉၀ အကြာတွင် ဘင်နီတက်ဇ် လေ့ကျင့်ရေးစတင်

နယူးကာဆယ်နည်းပြရာထူးကို ရယူပြီး မိနစ် ၉၀ အကြာတွင် ဘင်နီတက်ဇ် လေ့ကျင့်ရေးစတင်

မတ် ၁၂၊ အင်္ဂလန် ။          ။ စပိန်လူမျိုးနည်းပြ ရာဖေး ဘင်နီတက်ဇ်သည် နယူးကာဆယ်နည်းပြ ရာထူးကို ရယူပြီးနောက် မိနစ် ၉၀ အကြာတွင် အသင်းသားများနှင့်အတူ   လေ့ကျင့်ခန်းစတင် ပြုလုပ်ခဲ့သည်။

နယူးကာဆယ်အသင်းသည် ပြီးခဲ့သည့် သောကြာနေ့က နည်းပြ မက္ကလာရင်ကို ရာထူးမှ ထုတ်ပယ်ပြီးနောက်တွင် ဘင်နီတက်ဇ်ကို နည်းပြသစ်အဖြစ် သုံးနှစ်စာချုပ် ချုပ်ကာ ခန့်အပ်ခဲ့သည်။

ဘင်နီတက်ဇ်က နယူးကာဆယ်နည်းပြဖြစ်လာပြီးနောက် ချက်ချင်း အသင်းသားများကို လေ့ကျင့်ရေးကွင်းသို့ သတင်းပို့ရန် အမိန့်ပေးခဲ့ပြီး မိနစ် ၉၀ အတွင်း လေ့ကျင့်ခန်းစတင်ခဲ့ခြင်း ဖြစ်သည်။

နယူးကာဆယ်အသင်းသားများအနေဖြင့် တန်းဆင်းဇုန်အန္တရယ်မှ အမြန်ဆုံးလွတ်ကင်းအောင် ကြိုးစားပေးကြရန်လည်း ဘင်နီတက်ဇ်က တိုက်တွန်း ပြောကြားလိုက်သည်။

'အင်္ဂလန်ရဲ့ သမိုင်းဝင် ကလပ်အသင်းတစ်သင်းနဲ့ ပူးပေါင်းခွင့်ရလို့ ကျေနပ်ပါတယ်။ ပရီးမီးယားလိဂ်မှာ တင်ကျန်နိုင်ဖို့က တကယ်ကို ကြီးမားတဲ့ စိန်ခေါ်မှုပါပဲ။

ဒါက ကျွန်တော်နဲ့ ကျွန်တော့်ဝန်ထမ်းတွေအတွက်ပဲ စိန်ခေါ်မှု မဟုတ်ပါဘူး။ နယူးကာဆယ်အသင်း၊ နယူးကာဆယ်ကစားသမားတွေနဲ့ နယူးကာဆယ် ပရိသတ်တွေအားလုံးအတွက် စိန်ခေါ်မှုပါပဲ။ ကျွန်တော်တို့အားလုံး တူညီတဲ့ ရည်မှန်းချက်၊ တူညီတဲ့ လမ်းကြောင်းနဲ့ အတူတကွ ကြိုးစားကြရမှာပါ' ဟု ဘင်နီတက်ဇ်က ပြောသည်။

နယူးကာဆယ်အသင်းသည် လက်ရှိအချိန်တွင် တစ်ပွဲလျော့ကစားထားပြီး ရမှတ် ၂၄ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် ၁၉ နေရာတွင် ရပ်တည်နေသည်။ ဘင်နီတက်ဇ်သည် ပထမဆုံး ပွဲစဉ်အဖြစ် အမှတ်ပေးဇယားထိပ်ဆုံးမှ လက်စတာနှင့် အဝေးကွင်းတွင် ယခုတစ်ပတ်သွားရောက်ကစားရမည် ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required