“မဲစာရင်း ပြုစုတဲ့သူတွေကို မဲစာရင်းကိစ္စ ပြန်စစ်”

“မဲစာရင်း ပြုစုတဲ့သူတွေကို မဲစာရင်းကိစ္စ ပြန်စစ်”

အခုဆိုရင် ရွေးကောက်ပွဲ ကော်မရှင် အသီးသီးက ထုတ်ပြန်တဲ့ အခြေခံ အကြို မဲစာရင်းမှာ အမှားအယွင်းတွေ အလွန်များနေတာ တိုင်းသိ ပြည်သိ ဖြစ်လာပါပြီ။ တကယ်တော့ ဒါဟာ ရွေးကောက်ပွဲ လုပ်ငန်းစဉ် တစ်ခုလုံးရဲ့ အစဦး အဆင့်ပဲလို့တောင် ပြောနိုင်ပါတယ်။ ဒီလို အဆင့်မှာတောင် ခုလောက် ဖြစ်ပျက်နေရင် နောင်လာမယ့် ရွေးကောက်ပွဲ အဆင့်တွေအတွက် အလွန်ရင်လေးစရာ ကောင်းနေပါတယ်။ အခြေခံ အကြိုမဲစာရင်းတွေကိစ္စ ဘာဖြစ်နေသလဲ၊ အဲဒီအပေါ် ပြည်သူတွေ၊ နိုင်ငံရေးပါတီက တာဝန်ရှိသူတွေ ဘယ်လို သေဘောထားနေကြသလဲ၊ အချိန် သိပ်မရတော့တဲ့ အခြေအနေအောက်မှာ ပြဿနာကို ဘယ်လိုဖြေရှင်းရင် ရနိုင်မလဲဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြပါ့မယ်။

အခု ထုတ်ပြန်လိုက်တဲ့ အခြေခံ အကြိုမဲစာရင်းတွေမှာ မပါဝင်တဲ့သူတွေ၊ ပါဝင်ပြီး တော့ မဲစာရင်းထဲ ဖော်ပြရာမှာ အချက်အလက် မှားနေသူတွေ၊ မပါသင့်ဘဲ ပါနေတဲ့သူတွေ အလွန်များ နေတယ်လို့ ဆိုပါတယ်။ မဲစာရင်းထဲ မပါတဲ့သူတွေ အနေနဲ့ မဲစာရင်းထဲ ပြန်ပါရ အောင် သွားပြီး ဖြည့်ပါလို့တော့ ဆိုပါတယ်။ ဒါပေမယ့် အဲလို သွားဖြည့်ထားပြီးရင် နောက်တစ်ကြိမ် မဲစာရင်း ထုတ်ပြန်ရာမှာ၊ ဒါမှမဟုတ် မဲစာရင်း အတည်ထုတ်ပြန်ရာမှာ ပါလာမယ်၊ မပါလာဘူး ဆိုတာကိုလည်း အာမ မခံကြတာကြောင့် ပြဿနာ မအေးနိုင်သေးပါဘူး။

အချက်အလက် မှားနေသူတွေ အတွက်ကတော့ ပြဿနာ နည်းနည်း လျော့ပါတယ်။ ပြန်ပြင်ဖို့ သွားတင်ပြထားတယ်၊ တကယ့်တကယ် မဲစာရင်း အစစ်ထုတ်ပြန်ရာမှာ ပြင်မပေးသည် ထားဦး၊ မဲစာရင်းထဲ နာမည်ပါနေပြီမို့ တကယ်မဲပေးတဲ့နေ့မှာ မဲပေးခွင့် ရကောင်းရနိုင်ပါသေးတယ်။ စစ်ရ ဆေးရလည်း ခက်နေပြီး ဘယ်လောက် မှားယွင်းနေမှန်း မသိနိုင်တာက မဲစာရင်းထဲမှာ မပါသင့်တဲ့ သူတွေ ပါဝင်နေတဲ့ ကိစ္စပါ။ ရွေးကောက်ပွဲ ကော်မရှင် ဘက်ကတော့ သေဆုံးသွားပြီးသူတွေ၊ အခြား မပါသင့်ဘဲ ပါနေတဲ့သူတွေ တွေ့ခဲ့ရင် ကန့်ကွက်နိုင်တယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် အဲဒီ အခြေအနေ သိနိုင်ဖို့ တစ်အိမ်တက်ဆင်း လိုက်ပြီး မစစ်ဆေးရင် မသိနိုင်ပါဘူး။

တစ်အိမ်တက်ဆင်း လိုက်စစ်ဆေး ခဲ့ပြီး အိမ်တစ်အိမ်မှာ မနေတော့တဲ့သူတွေ စာရင်းထဲ ပါနေရင်တောင် ဘာမှ လုပ်လို့ မရပါဘူး။ အကြောင်းကတော့ အဲဒီလူတွေဟာ အရင်ကတည်းက အဲဒီအိမ်မှာပဲ စာရင်းပေါက်နေ၊ အခြား ဘယ်နေရာမှာမှ စာရင်း မပေါက်ဘူး ဆိုတာမျိုး ဟုတ်မဟုတ် ဘယ်သူမှ မသိနိုင်ကြလို့ ဖြစ်ပါတယ်။ ဒီ ပြဿနာဟာ မသမာမှုတွေ ဖြစ်ပေါ်လာနိုင်ဖို့ လမ်းစ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

အခုဆိုရင် မဲစာရင်း စစ်ဆေးတဲ့သူတွေ အခက်တွေ့နေရတယ်ဆိုတဲ့ သတင်းလည်း ကြားနေရပါတယ်။ နေပြည်တော်မှာ မဲစာရင်း လိုက်စစ်ဆေးတဲ့ အင်န်အယ်လ်ဒီ ပါတီက လူတွေ ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲခံရတယ်လို့ ဆိုပါတယ်။ ဒီအတွက် ဒေါ်အောင်ဆန်းစုကြည်ကတောင် လွှတ်တော်နားချိန်မှာ ရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်း အသိပေး
ပြောဆိုရှင်းပြတာ လုပ်ခဲ့ပါသေး တယ်။ ဒါနဲ့ ပတ်သက်ပြီး တိုင်းရင်းပါတီတွေရဲ့ အတွေ့အကြုံကလည်း တစ်မျိုးပါ။ မဲစာရင်းတွေ လိုက်ပြီး စစ်ဆေးဖို့ ဆိုတာဟာ တစ်ရွာနဲ့ တစ်ရွာ ဝေးကွာတာကြောင့် မစစ်ဆေးနိုင်တဲ့အကြောင်း၊ အဲလို တစ်ရွာပြီး တစ်ရွာ၊ တစ်အိမ်ပြီး တစ်အိမ် လိုက်စစ်ဆေးရင် ငွေကုန်ကြေးကျ များမှာမို့ မတတ်နိုင်လို့ လက်လျော့လိုက်ရတဲ့ အကြောင်းတွေ ဖြစ်ပါတယ်။

မဲစာရင်းနဲ့ ပတ်သက်ရင် ကော်မရှင်ရဲ့ သဘောထားကတော့ ပြည်သူတွေ ကိုယ့်ဟာကိုယ်စစ်၊ ပါတီတာဝန်ရှိသူတွေ ကူညီစစ်၊ အင်န်ဂျီအိုတွေ ကူစစ်၊ မစစ်လို့၊ လုပ်စရာရှိတာ မလုပ်လို့ ကျန်ခဲ့ရင်၊ မှားခဲ့ရင် ကိုယ့်ဖာသာကိုယ်ခံဆိုတဲ့ မူဖြစ်ပါတယ်။ သူတို့ကိုတော့ လာအပြစ်မတင်နဲ့လို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုလို မဲစာရင်း အမြောက်အမြား မှားနေတဲ့ကိစ္စ သံသယ ရှိစရာ အလွန်ကောင်း ပါတယ်။ ဒီအတွက် အချိန်မီ အရေးအကြီးဆုံးလုပ်ဖို့ လိုတာက အောက်ခြေက မဲစာရင်းပြုစုတဲ့ သူတွေဟာ သူတို့ ကိုးကားရတဲ့ မူရင်း လဝက စာရင်းတွေအတိုင်း မှန်မှန်ကန်ကန် ဖြည့်သွင်းခဲ့ကြတာ မျိုးလား။ ဒါမှမဟုတ် မသမာမှုတွေ လုပ်ခဲ့သလားဆိုတာ စစ်ဆေးဖို့ လိုလာပါပြီ။

အဲဒီလို စစ်ဆေးနိုင်ဖို့အတွက် နိုင်ငံရေးပါတီတွေမှာ အခွင့်အရေး ရှိသင့်ပါတယ်။ အထက်အဆင့် ရွေးကောက်ပွဲ
ကော်မရှင် တာဝန်ရှိသူတွေနဲ့ ပြိုင်ပွဲဝင်မယ့် နိုင်ငံရေးပါတီ ပူးပေါင်းပြီး စစ်ဆေးဖို့ ဖြစ်ပါတယ်။ နိုင်ငံတကာမှာ ဆိုရင်တော့ ရွေးကောက်ပွဲ ဖြစ်စဉ်တစ်ခုလုံးကို ဘယ်နေရာမှာ မဆို ပွင့်လင်းမြင်သာမှုရှိရှိ လုပ်ကိုင်ကြတာချည်း
ဖြစ်ပါတယ်။ မဲစာရင်း စစ်လိုရင် စစ်ခွင့်ရှိသလို၊ မှန်မှန်ကန်ကန် မလုပ်သူတွေကိုလည်း အပြစ်ပေး အရေးယူဖို့ စည်းမျဉ်းစည်းကမ်း ဥပဒေ ရှိတာပါပဲ။ နောက်ပိုင်း မဲလက်မှတ်တွေ ရိုက်နှိပ်တဲ့ကိစ္စ၊ ဖြန့်ဝေတဲ့ ကိစ္စ၊ အသုံးပြုတဲ့ ကိစ္စတွေ လာပါဦးမယ်။ အဲဒီ အခါလည်း ကော်မရှင်ဟာ ပုံနှိပ်စက်မှာ ရိုက်နှိပ်တာက အစ ဖြန့်ဝေ မဲပေးတာ အဆုံး အဆင့်အားလုံး မှာ နိုင်ငံရေးပါတီတွေက စစ်ဆေးနိုင်ဖို့ စီစဉ်ပေးသင့်ပါတယ်။

နောက်ထပ် ပြဿနာတစ်ခုက အောက်ခြေ ကော်မရှင်တွေဟာ ကော်မရှင်က လုပ်ရမယ့် တာဝန်တွေကို ဝတ်ကျေတန်းကျေ လုပ်ပြပြီး နိုင်ငံရေးပါတီနဲ့ ပြည်သူတွေကို ပညာပြနေတဲ့ ကိစ္စပါ။ မဲစာရင်းကို လူတွေ ဖတ်လို့ မရတဲ့ အမြင့်ကြီးမှာ ကပ်ထားတာ၊ မဲစာရင်းကို စာအုပ်လို ချုပ်ထားပြီး ကြည့်ရခက်အောင် လုပ်ထားတာ၊ တိုင်ကီပုံး ပတ်လည်မှာ ကပ်ထားတာ၊ အဆောက်အအုံအတွင်းမှာ ကပ်ပြီး ပိတ်ထားချိန်များတာ စသဖြင့် နည်းလမ်းပေါင်းစုံနဲ့ ပညာပြနေတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါတွေနဲ့ ပတ်သက်ရင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဟာ တိကျတဲ့ လုပ်ငန်းလမ်းညွှန် ထုတ်ပြန်သင့် ပြီး မဲစာရင်းကို ငွေကုန်ခံပြီး ကူးလိုသူ ဘယ်သူ့ကိုမဆို အလွယ်တကူ ကူးယူနိုင်ခွင့်ပြုပေးဖို့လည်း လိုပါတယ်။

နောက်ပိုင်း ရွှေ့ပြောင်းနေထိုင်ကြသူတွေဟာ သူတို့ နေထိုင်ရာ နေရာမှာ မဲပေးခွင့်ရဖို့ ကိစ္စတွေ လုပ်ကြရပါဦးမယ်။ အဲဒီမှာလည်း အောက်ခြေ ကော်မရှင် အဖွဲ့ဝင်တွေရဲ့ အခန်းကဏ္ဍ အရေးကြီးပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ တိကျတဲ့ ညွှန်ကြားချက် မရှိရင် ပြဿနာတွေ အများကြီး ပေါ်ပေါက်လာပါဦးမယ်။

အရေးအကြီးဆုံးကတော့ မဲစာရင်းတွေ ဒီလို အများအပြား မှားနေတဲ့ကိစ္စ ပြည်သူတွေ၊ နိုင်ငံရေးပါတီတွေက
အောက်ခြေ ရွေးကောက်ပွဲ ကော်မရှင်တွေကို သံသယ ဝင်လာတဲ့ ကိစ္စ ဖြစ်ပါ တယ်။ ဒီ သံသယ ပြေပျောက်သွားအောင် မဲစာရင်းပြုစုတဲ့ သူတွေဟာ မူလ လဝက စာရင်းတွေ ကနေ မှန်မှန်ကန်ကန် ကိုးကားပြီး မဲစာရင်းပြုစုခဲ့တာ ဟုတ်ရဲ့လားဆိုတာ စစ်ဆေးရပါမယ်။ ဒါတင်မက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဟာ အောက်ခြေ
ကော်မရှင်အဖွဲ့ဝင်တွေ အနေနဲ့ နိုင်ငံရေးပါတီတွေနဲ့ ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်ကြဖို့၊ အကူအညီ ပေးကြဖို့ ညွှန်ကြားချက် ထုတ်ပြန်ပေးသင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags