ဟင်္သာတချစ်သူလမ်းကြား၌ လူသတ်အလောင်းဖျောက်မှုတွင် တရားခံဟုစွပ်စွဲခံထားရသူကိုဖမ်းမိ

ဟင်္သာတချစ်သူလမ်းကြား၌ လူသတ်အလောင်းဖျောက်မှုတွင် တရားခံဟုစွပ်စွဲခံထားရသူကိုဖမ်းမိ

ဟင်္သာတ ၊ မတ် ၁၁ ။         ။ ဟင်္သာတတက္ကသိုလ် အနောက်ဘက်ရှိ ချစ်သူလမ်းကြားဟု လူသိများသော ဟင်္သာတ မြို့ရှောင်လမ်းတွင် မတ် ၃ ရက်နေ့ နံနက်ပိုင်းကတူးဖော်ရမိသည့် လူသတ်အလောင်းဖျောက်မှု တရားခံဟု စွပ်စွဲထားသူကို ရန်ကုန်မြောက်ပိုင်း ခရိုင်တွင် ယနေ့မနက်က ဖမ်းဆီးရမိပြီးဖြစ်ကြောင်း ဟင်္သာတ အမှတ် ၁ မြို့မရဲစခန်းမှ သိရသည်။

သေဆုံးသူမှာ ဟင်္သာတမြို့နယ် စစ်ကုန်းအုပ်စု မရမ်းလေးကျေးရွာ မူလတန်းကျောင်း၏ မူလတန်းပြဆရာ ကိုအေးနိုင်ဖြစ်ပြီး၎င်း၏ ရည်းစားဖြစ်သူ နှင်းပွင့်ဖြူမှ နှလုံးခုန်နှုန်းနှင့်သွေးခုန်နှုန်းကိုမြင့်မားစေသည့် Adrenaline အား အလွန်အကျွံ့ထိုး၍ သတ်ခဲ့သည်ဟု ရဲစခန်း၏ ကနဦး စစ်ချက်များအရသိရသည်။

သေဆုံးသူ ကိုအေးနိုင်နှင့် ညီအစ်ကိုဝမ်းကွဲ တော်စပ်သူ ဘုရားကုန်းကျေးရွာ ကျန်းမာရေးမှူး သန်းဇော် အား အလောင်းတွေ့ပြီး ၅ရက်အကြာတွင် ခေါ်ယူစစ်ဆေးချက်အရ သိရှိရခြင်းဖြစ်ပြီး  မည်သို့သော် ကွင်းဆက်ဖြင့် ကျန်းမာရေးမှူး သန်းဇော်ကို ခေါ်ယူစစ်နိုင်သည်ကိုမူ ဟင်္သာတ အမှတ် ၁ မြို့မရဲစခန်း စခန်းမှူးက ထုတ်ဖော်ပြောကြားခြင်းမရှိပေ။

နှင်းပွင့်ဖြူနှင့် ကျန်းမာရေးမှူးသန်းဇော်သည် လွန်ခဲ့သည့် နှစ်နှစ်ခွဲ ကတည်းက ရည်းစားဖြစ်ခဲ့ပြီး အတူနေသည်ကို ပထမရည်းစားဖြစ်သူ ကိုအေးနိုင်က သိရှိပြီး အရက်မူးလာသည့်အခါတိုင်း ဆဲဆိုရိုင်းပြသည့်အတွက် နှင်းပွင့်ဖြူမှ သတ်ရန်ကြံခဲ့ကြောင်း  ကျန်းမာရေးမှူးသန်းဇော်က ဟင်္သာတတရားရုံးတွင် မတ် ၁၀ရက်နေ့က ဖြောင့်ချက်ပေးခဲ့သည်။

 နှင်းပွင့်ဖြူမှ အေးနိုင် အား သတ်လိုကြောင်း ကျန်းမာရေးမှူးသန်ဇော်အား မေးမြန်းခဲ့ရာ  Adrenaline အား overdoes ထိုးပြီး သတ်၍ရသည်ဟု အကြံပေးခဲ့ကြောင်း ဖေဖော်ဝါရီ ၂၁ရက်နေ့ တွင် နှင့်ပွင့်ဖြူ ရန်ကုန်ပြန်ရောက်လာပြီး လာစောင့်နေသော အေးနိုင်နှင့် တက္ကသိုလ်လမ်းရှိ အရက်ဆိုင်တွင် အရက်သောက်ကာ ချစ်သူလမ်းကြားသို့ သွားရောက်ခဲ့ကြောင်း ၊နှင်းပွင့်ဖြူမှ ကာမအားတိုးဆေး ထိုးပေးမည်ဟုဆိုကာ လက်မောင်းကို ဆေးထိုးပေးခဲ့ကြောင်း သန်းဇော်က တရားရုံးတွင် ဖြောင့်ချက်ပေးခဲ့သည်။

ဆေးရှိန်ကြောင့် အော်ဟစ်ပြီး ဝမ်းများသွားနေသဖြင့် ပါးစပ်အားတိတ်ဖြင့် ပိတ်ခဲ့ကြောင်း ၊ နှင်းပွင့်ဖြူ မှ သန်းဇော်အား မနေရဲ၍ လာရောက်ကူညီရန် ဖုန်းဆက် အကူအညီတောင်းသဖြင့် ပေါက်ပြားအား ပီနံအိတ်တွင်ထည့်၍ သွားရောက်ခဲ့ပြီး ပက်လက်အနေအထားဖြင့် သေဆုံးနေသော ကိုအေးနိုင်အား  မြုပ်နှံခဲ့ပြီး သန်းဇော်၏ဆိုင်ကယ်ဖြင့်ပင် ပြန်လာခဲ့ဟု ထွက်ဆိုခဲ့သည်။

ထို့နောက် ပေါက်ပြားအား လယ်တီကွင်း မြို့ထွက်တွင်လည်းကောင်း ကိုအေးနိုင်၏ဖုန်း Coolpad အနက်ရောင်အား ဦးပါရဲမြစ်ကမ်းရှိ မြစ်ထဲသို့ လွှင့်ပစ်ခဲ့ကြောင်း ၎င်းက ထွက်ဆိုသည်။

ထိုနေ့ ည ၁၀ နာရီအချိန်မှာပင် ရန်ကုန်သို့ လိုင်းကားဖြင့် နှင်းပွင့်ဖြူ ပြန်သွားခဲ့ကြောင်း ၊ ဆိုင်ကယ်ကို ယင်းညမှာပင် ချစ်သူလမ်းကြား၌ ထားရစ်ခဲ့ကြောင်း သန်းဇော်၏ ထွက်ဆိုချက်အရ သိရသည်။

ဖော်ထုတ်တွေ့ရှိချိန်က အသားများကျနေပြီဖြစ်ပြီး ပေါင်သားနှင့်အချို့နေရာများတွင်သာ အသားတစ်ချို့ကျန်ရစ်ခဲ့သောကြောင့် ၃လခန့်အကြာက မြုပ်နှံထားသည်ဟု ခန့်မှန်းခဲ့ကြသော်လည်း ဆက်လက်ဖော်ထုတ်ချက်အရ အလောင်းမြုပ်ထားသည်မှာ ၁၁ ရက် ခန့် သာကြာမြင့်သေးကြောင်း သိရသည်။

ယင်း အမှုအား ဟင်္သာတ အမှတ် (၁) မြို့မရဲစခန်းမှ (ပ)၇၉/၂၀၁၆ ပြစ်မှုပုဒ်မ ၃၀၂ဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly