ဝန်ကြီးများ တိုက်ခန်းလျောက်မှု ဆောက်လုပ်ရေးဝန်ကြီးဌာနဝန်ထမ်းများကို ခေါ်ယူစစ်ဆေးမှု မှန်သော်လည်း ခြိမ်းခြောက်မှုမရှိဟုရှင်း

ဝန်ကြီးများ တိုက်ခန်းလျောက်မှု ဆောက်လုပ်ရေးဝန်ကြီးဌာနဝန်ထမ်းများကို ခေါ်ယူစစ်ဆေးမှု မှန်သော်လည်း ခြိမ်းခြောက်မှုမရှိဟုရှင်း
ဓာတ်ပုံ- ဆောက်လုပ်ရေးဝန်ကြီးဌာနဖေ့စ်ဘုတ်

ရန်ကုန်၊ မတ် ၁၁ ရက် ။            ။ မန္တလေးမြို့ရှိ စိတ္တရမဟီ တိုက်ခန်းကိစ္စနှင့် ပတ်သက်၍ ခေါ်ယူမေးမြန်းခြင်းခံရသော်လည်း ဆဲဆို ကြိမ်းမောင်း၍ ရာထူးမှလျော့မည်ဟု ပြောဆိုခဲ့သည်ဆိုသည်မှာ မှန်ကန်မှုမရှိကြောင်း ဆောက်လုပ် ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးရန်နောင်က မဇ္ဈိမကို ပြောသည်။

ယခု ရက်ပိုင်းအတွင်း လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ပြည်ထောင်စုဝန်ကြီးအချို့ တိုက်ခန်းတောင်းဝယ်သည့် ကိစ္စနှင့်ပတ်သက်၍ စစ်ဆေးကြိမ်းမောင်းခြင်းခံနေရသည့်အတွက်   ဆောက်လုပ်ရေး   ပြည်ထောင်စုဝန်ကြီးနှင့် အကြီးအကဲများအား အရေးယူပေးရန် နိုင်ငံတော်သမ္မတထံ အကြောင်းကြားစာ ပို့ထားသည် ဆိုသည့် ကိစ္စနှင့်ပတ်သက်၍ ၎င်းက ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

"စစ်ဆေးမေးမြန်းခံရတာတော့ လုပ်ထုံးလုပ်နည်းအရတော့ ရုံးလုပ်ငန်းတွေဖြစ်နေတော့ လူကြီးတွေက ဒီတိုင်း ပုံမှန်သဘောပဲ ခေါ်ပြီးတော့ လုပ်ငန်းပိုင်းနဲ့ ဆက်စပ်တာတွေ   မေးတာပေါ့ဗျာ။   ခေါ်ပြီးတော့မှ ဘယ်သူတွေ ဘယ်သူတွေကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ တာဝန်ရှိတယ်။ ဒါပေမယ့် အဲဒီ့အထဲမှာ ဆဲဆိုတာတွေဘာတွေမရှိဘူး"ဟု ဦးရန်နောင်က ပြောသည်။

သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းအပါအဝင် ဒေါက်တာကံဇော်၊ ဦးတင်နိုင်သိမ်းအစရှိသဖြင့် အစိုးရဖွဲ့ဝင် အကြီးအကဲအချို့က မန္တလေးမြို့ရှိ စိတ္တရမဟီ တန်ဖိုးနည်းအိမ်ရာတွင် သင့်တော်သည့် တိုက်ခန်းတစ်ခန်း ရောင်းချပေးရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်ထံ လိပ်မူ၍ ပေးပို့သည့် တိုက်ခန်းလျောက်လွှာများ ပြီးခဲ့သည့်ရက်ပိုင်းက လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့ခြင်း ဖြစ်သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဝန်ထမ်းများ၏ ဖုန်းများသိမ်းယူစစ်ဆေးခြင်း၊ အမြဲတန်းအတွင်းဝန်နှင့် ဒုတိယ အမြဲတမ်းအတွင်းဝန်တို့မှ ဆဲဆိုခြင်း၊ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့၍ စစ်ဆေးနေသည့်အတွက်   အောက်ခြေဝန်ထမ်းများမှာ စိုးရိမ်ထိပ်လန့်နေရသည်ဟုဆိုကာ နိုင်ငံတော်သမ္မတထံလိပ်မူ၍ ပေးပို့ထားသည့် တိုင်ကြားစာတစ်စောင် ထပ်မံ ပျံ့နှံ့ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုင်းကြားစာတွင် မတ်လ ၈ရက်နေ့အထိ ခေါ်ယူစစ်ဆေးခြင်းခံခဲ့ရသူ ၂၅ရှိပြီး ဖြစ်ပြီး ကျန်ရှိသည့် ဝန်ထမ်းများ စိုးရိမ်ထိတ်လန့်နေကြောင်းနှင့် ယင်းသို့ ခေါ်ယူစစ်ဆေးခြင်းခံခဲ့ရသည့် ဒုတိယ ညွှန်ကြားရေးမှူး အဆင့်ရှိသူ ၃ဦး၊ လက်ထောက်ညွှန်ကြားရေးမှူး အဆင့်ရှိသူ ၄ ဦး၊ ဦးစီးအရာရှိ ၄ဦး၊ ဒုဦးစီးမှူး၂ဦး၊ အကြီးတန်းစာရေး ၂ဦးနှင့် နေ့စားဝန်ထမ်း ၁ ဦးတို့၏ စာရင်းကို ထည့်သွင်း ဖော်ပြထားသည်။

"ကျွန်တော်တို့ကို မိသားစုသဖွယ် မေးတာပဲရှိပါတယ်။ ကျွန်တော်တို့က သက်သေအဖြစ် ထွက်ဆိုပေးတာပဲ ရှိတယ်လေ။ ခုနက ပြောသလို ကြိမ်းမောင်းတာတို့ဘာတို့ မရှိပါဘူး"ဟု ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ကြီးက ပြောသည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သော် မတ်လ ၈ရက်နေ့နေ့ရက်စွဲဖြင့် သမ္မတထံ တိုင်ကြားစာတွင် နိုင်ငံတော် သမ္မတမှ တာဝန်ပေးထားသော ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်၊ ဒုဝန်ကြီးဦးစိုးတင့်တို့အပါအဝင် အကြီးအကဲ အချို့သည် စိတ္တမဟီ ဝန်ထမ်းအိမ်ရာ စီမံကိန်းမှ တိုက်ခန်းများအား ဝန်ကြီးအချင်းချင်း စည်းဝါးရိုက်ကာ လက်သိပ်ထိုးပေးခဲ့သည့် ကိစ္စနှင့် သက်ဆိုင်မှုမရှိသော အောက်ခြေဝန်ထမ်းများကို အငြိုးထားအနိုင်ကျင့်နေသည့်အတွက် တင်ပြရခြင်း ဖြစ်ကြောင်း ရေးသားထားသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်၊ ဒုတိယဝန်ကြီး ဦးစိုးတင့်၊ အမြဲတမ်းအတွင်းဝန် ဦးကျော်လင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းတင့်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြင့်မောင်ဝင်း၊ ညွှန်ကြားရေးမှူး ဦးအေးချိုတို့အား အရေးယူပေးပါရန် တင်ပြအသနားခံ အပ်ပါသည်ဟု ဖော်ပြပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required