မြန်မာနိုင်ငံတွင် သတင်းအချက်အလက်သိရှိပိုင်ခွင့် ဥပဒေဆိုင်ရာ အကြံပြုဆွေးနွေးပွဲတစ်ရပ် ယူနက်စကို ကျင်းပ

မြန်မာနိုင်ငံတွင် သတင်းအချက်အလက်သိရှိပိုင်ခွင့် ဥပဒေဆိုင်ရာ အကြံပြုဆွေးနွေးပွဲတစ်ရပ် ယူနက်စကို ကျင်းပ

ရန်ကုန်၊မတ်၊၁၀ ။           ။ သတင်းအချက်အလက်သိရှိပိုင်ခွင့်ဥပဒေဆိုင်ရာ အကြံပြုဆွေးနွေးပွဲတစ်ရပ်ကို မတ်လ၊ ၉ ရက်နေ့က ရန်ကုန်မြို့တွင် ယူနက်စကိုနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့က ကျင်းပခဲ့ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သော အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

အဆိုပါဆွေးနွေးပွဲသို့ သတင်းမီဒီယာကောင်စီ၊ ဂျာနယ်လစ်အဖွဲ့အစည်းများ၊ သတင်းမီဒီယာဌာနများ ၊ ပြည်တွင်း၊ပြည်ပ အရပ်ဘက်လူမှုအဖွဲ့အစည်းများ(CSOs) နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) မှ အကြီးတန်းကိုယ်စားလှယ်များ အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲကို မြန်မာယူနက်စကိုရုံး၏ အကြီးအကဲ ဆာဒါအူမာအလန် ကဖွင့်လှစ်ပေးခဲ့ပြီး ယခုဆွေးနွေးပွဲမှာ မြန်မာနိုင်ငံ အတွက် ပြဌာန်းမည့် သတင်းအချက်အလက်သိရှိပိုင်ခွင့်ဥပဒေ၏ အဓိကအခြေခံသဘောတရားများနှင့်ပတ်သတ်ပြီး ဘုံနားလည်မှုတစ်ရပ်တည်ဆောက်ရန် ပလက်ဖောင်းတစ်ခုထောက်ပံ့ပေးနိုင်ရန်နှင့် ပြန်ကြားရေးဝန်ကြီးဌာနက ပြင်ဆင်ထားသော ဥပဒေကြမ်း၏ အားသာချက်၊အားနည်းချက်များကို သုံးသပ်နိုင်ရန် ရည်ရွယ်ကြောင်းလည်း  ၎င်းက ပြောကြားသည်။

ဆွေးနွေးပွဲအတွင်းတွင် ပြန်ကြားရေးဝန်ကြီးဌာနက ပြင်ဆင်ထားသောဥပဒေကြမ်းကို အရပ်ဘက်လူမှုအဖွဲ့အစည်းများ နှင့် အစည်းအဝေးသို့တက်ရောက်လာသော ၊ တရားဥပဒေနှင့် ဒီမိုကရေစီစင်တာ၊ Article 19၊ SEAPA ၊ မဇ္ဈိမမီဒီယာ နှင့် မီဒီယာအဖွဲ့အစည်းများ အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းများထံ ရှင်းလင်းပြသခဲ့ပြီး ဥပဒေကြမ်း၏ အားနည်းချက်များ၊ လစ်ဟာမှုများကို ဝေဖန်အကြံပြုကြရန်လည်း ဖိတ်ခေါ်ခဲ့သည်။

ဥပဒေကြမ်းနှင့်ပတ်သတ်ပြီး ဆွေးနွေးပွဲတက်ရောက်သူများ၏ ဝေဖန်အကြံပြုမှုများကို ရွေးကောက်ခံလွှတ်တော်အသစ်နှင့် အစိုးရသစ်သို့ အာဏာလွှဲပြောင်းရာတွင်ထည့်သွင်းသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ဦးတင့်ဆွေက ပြောကြားသည်။ လွှတ်တော်အသစ်သည် မြန်မာနိုင်ငံတွင် သတင်းအချက်အလက်သိရှိပိုင်ခွင့် ပိုမိုအားကောင်းရေးအတွက် သင့်လျော်သည့်ဥပဒေများကို ထပ်မံပြဌာန်းသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။

NLD ၏ သတင်းအချက်အလက်ဗဟိုကော်မတီ ဥက္ကဌ ဦးအောင်ရှင်းကလည်း ဥပဒေကြမ်းကို ပြင်ဆင်ရန်အကြံပြုမှုများ ကို ကြိုဆိုကြောင်းနှင့် အစိုးရသစ်သည် သတင်းအချက်အလက်သိရှိပိုင်ခွင့်ကို ဦးစားပေးတစ်ရပ်အနေနှင့် လုပ်ဆောင်သွား မည် ဖြစ်ကြောင်းပြောကြားသည်။

NLD သည် မီဒီယာပြုပြင်ပြောင်းလဲရေးနှင့် ရှေ့ဆက်လုပ်ဆောင်ရမည့်နည်းလမ်းများနှင်ပတ်သတ်ပြီး ဆောင်ရွက်လျှက်ရှိ သလို ဖေဖော်ဝါရီလ၊ ၈ ရက်နေ့ကကျင်းပခဲ့သည့် Media Development Thematic Working Group (MDTWG) အစည်းအဝေး၊  ၂၀၁၅၊ ဒီဇင်ဘာက ကျင်းပခဲ့သည့် စတုတ္ထအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာမီဒီယာညီလာခံ တို့တွင် လည်း တက်တက်ကြွကြွပါဝင်ထားသည်။

တရားဥပဒေနှင့်ဒီမိုကရေစီစင်တာ၏ အမှုဆောင်ဒါရိုက်တာလည်းဖြစ်၊ သတင်းအချက်အလက်သိရှိပိုင်ခွင့်ဥပဒေကြမ်း ရေးဆွဲရာတွင် ပြန်ကြားရေးဝန်ကြီးဌာနကို အကူအညီပေးခဲ့သူလည်းဖြစ်သည့် တိုဘီမန်ဒယ်လ်က ဥပဒေကြမ်း၏ အားသာချက်၊အားနည်းချက်များကို ထောက်ပြခဲ့ပြီး နိုင်ငံတကာစံနှုံးများနှင့်လည်း နှိုင်းယှဉ်ချိန်ထိုးပြခဲ့သည်။

ဆွေးနွေးပွဲတက်ရောက်သူများက ဥပဒေကြမ်းကို ပြင်ဆင်သုံးသပ်ရန်နှင့်ပတ်သတ်ပြီး ဝေဖန်အကြံပြုခဲ့ကြရာ ယျေဘူယျအားဖြင့် အချက် ၃ ချက်ပေါ်မူတည်၍အကြံပြုခဲ့ကြကြောင်းတွေ့ရသည်။

ပထမအချက်အနေဖြင့် မကျေနပ်ချက်များ၊ အသနားခံချက်များကို တိုင်ကြားနိုင်မည့် စီမံခန့်ခွဲရေးစနစ်တစ်ရပ် ဥပဒေကြမ်းတွင် ပါဝင်သင့်ကြောင်း၊ ဒုတိယအချက်အနေဖြင့်  ဥပဒေကို အကောင်အထည်ဖော်မည့် အစိုးရဌာနများ၊အရာရှိများကို အရည်အသွေးမြှင့်တင်ရေး၊ ဆက်လက်စောင့်ကြည့်ရေး နှင့် စံနှုန်းများသတ်မှတ်ခြင်းတို့ အပါအဝင် ခိုင်မာအားကောင်းသော အဆင့်မြှင့်တင်မှုအစီအမံများ ပါဝင်သင့်ကြောင်း ၊ နောက်ဆုံးအချက်အနေဖြင့် ပြည်သူ့အကျိုးစီးပွားကို ချယ်လှယ်ရာရောက်သော သတင်းအချက်အလက်များကို   ပြည်သူများထံထုတ်ပြန်ပေးရန် ခွင့်ပြုသည့်ပြဌာန်းချက်တစ်ရပ် ထည့်သွင်းသင့်ကြောင်းဟူ၍ ဆွေးနွေးပွဲတက်ရောက်သူများက ဝေဖန်အကြံပြုခဲ့ကြခြင်း ဖြစ်သည်။

ပြည်တွင်း အရပ်ဘက်လူမှုအဖွဲ့အစည်းများကမူ သတင်းအချက်အလက်သိရှိပိုင်ခွင့်နှင့်ပတ်သတ်ပြီး စွမ်းဆောင်ရည် အဆင့်မြှင့်မှုများ၊ သတိပြုစောင့်ကြည့်မှုများ ဆက်လက်လုပ်ဆောင်သွားရန် အရေးကြီးကြောင်း အဓိကထားထောက်ပြ ဆွေးနွေးခဲ့ကြသည်။

၂၀၁၆ ခုနှစ်အစောပိုင်းတွင် မြန်မာနိုင်ငံတဝမ်းရှိ အစိုးရမဟုတ်သောအဖွဲ့အစည်း ၃၆ ခုသည် Right To Know အဖွဲ့ကို ထူထောင်ခဲ့ကြပြီး သတင်းအချက်အလက်သိရှိပိုင်ခွင့်ဥပဒေနှင့်ပတ်သတ်၍ လူအများအာရုံစိုက်သတိပြုလာရေး နှင့် ဥပဒေဖွံ့ဖြိုးလာသည်နှင့်အမျှ မြင့်တက်လာမည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍမြင့်တက်လာရေး     တို့ကို ပိုမိုအားထုတ်လုပ်ဆောင်သွားရန် ကတိပြုထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required