မန္တလေးမြို့ရှိ လူမှုရေးပရဟိတအသင်းများကို ကယ်ဆယ်ရေးသင်တန်းပေး

မန္တလေးမြို့ရှိ လူမှုရေးပရဟိတအသင်းများကို ကယ်ဆယ်ရေးသင်တန်းပေး
ဓာတ်ပုံ-အောင်ကိုဦး
 

မန္တလေး၊ မတ် ၁၁ ။             ။ မန္တလေးမြို့ရှိ လူမှုကူညီရေးပရဟိတအသင်းများမှ အဖွဲ့ဝင် ၁၃၀ ဦးကို သဘာဝဘေးအန္တရာယ်ကျရောက်ချိန်တွင် ကူညီကယ်ဆယ်မှုများပြုလုပ်ပေး   နိုင်ရန်နှင့် ယာဉ်မတော်တဆမှုများဖြစ်ပေါ်လာပါက ကူညီကယ်ဆယ်ပေးနိုင်ရန်အတွက် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းမှ သင်တန်းပေးလျက်ရှိသည်။

အဆိုပါသင်တန်းတွင် ချမ်းမြသုခ၊စိတ္တရ၊နိဗ္ဗာန်သုခ၊အမရရွှေပြည် စသည့် လူမှုကူညီရေးပရဟိတ အသင်း ၁၀ သင်းမှ အဖွင့်ဝင် ၁၃၀ ဦးကို မတ် ၈ ရက်မှစတင်ခဲ့ပြီး မတ်လ ၁၄ ရက်အထိ သင်ကြားပေးသွားမည်ဖြစ်သည်။

လေ့ကျင့်သင်ကြားပေးရခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌ ဦးလှထွန်းက "ကျွန်တော်တို့နိုင်ငံမှာ ဖြစ်ပေါ်လာမယ့် ဘေးအန္တရာယ်တွေ မီးဘေးဖြစ်ဖြစ်၊   လေဘေးဖြစ်ဖြစ်၊   ရေဘေးဖြစ်ဖြစ်၊ စစ်ဘေးသင့်တာကအစ ကူညီကယ်ဆယ်ဆောင်ရွက်နိုငိဖို့ အခုလိုသင်တန်းတွေပေးတာပါ။"ဟု ပြောသည်။

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ လူမှုပရဟိတအသင်းများကို အခမဲ့ သင်တန်းပေးမှုများကို ၂၀၀၃ခုနှစ်စတင်သင်ကြားပေးနေရာ ယခုသင်တန်းအပါအဝင် သင်တန်းသား၊သင်တန်းသူ ၅၀၀၀ ကျော်သင်ကြားပေးပြီးဖြစ်သည်ဟု ဦးလှထွန်းကဆိုသည်။

စိတ္တရ လူမှုကူညီရေးအသင်းမှ သင်တန်းသား ကိုကျော်ကျော်ထွန်းက "အခုလိုသင်ကြားခွင့်ရတော့ ဖြစ်တာနဲ့ အခြေအနေကြည့်ပြီး ဘယ်လိုကူညီကယ်ဆယ်ရမယ်ဆိုတာ ဆုံးဖြတ်နိုင်တယ်။ ယာဉ်တိုက်မှုဖြစ်လို့ ခြေလက်ကျိုးမဲ့တာကအစ ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာတွေသိရတယ်။တခြားကျန်တဲ့အသင်းတွေက ညီကို မောင်နှမတွေအနေနဲ့လည်း   နောက်ဖွင့်မယ့်သင်တန်းတွေမှာတက်စေချင်တယ်။"ဟုပြောသည်။

မြန်မာလူမှုကယ်ဆယ်ရေးအသင်းအနေဖြင့် ကျောက်ဆည်မြို့ရှိ လူမှုကူညီရေးပရဟိတအသင်းများကို မတ် ၁၅ ရက်တွင် သင်တန်းဖွင့်လှစ်သင်ကြားပေးဦးမည်ဖြစ်ကြောင်း ဦးလှထွန်း ကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required