ဖမ်းမိထားသော IS စစ်သွေးကြွတစ်ဦးထံမှ ဓါတုလက်နက်သတင်းများရ ဟု ကန်စစ်တပ်ပြော

ဖမ်းမိထားသော IS စစ်သွေးကြွတစ်ဦးထံမှ ဓါတုလက်နက်သတင်းများရ ဟု ကန်စစ်တပ်ပြော

ဝါရှင်တန်၊ မတ်၊ ၁၀ ။           ။ ဖမ်းဆီးရမိထားသော IS စစ်သွေးကြွတစ်ဦးကို စစ်ဆေးရာမှ ISIS အဖွဲ့၏ ဓါတုလက်နက်နှင့်ပတ်သက်သော သတင်းများ ကို ရရှိခဲ့သည် အမေရိကန်စစ်တပ်မှ အရာရှိများက ပြောကြားသည်။

ISIS အဖွဲ့၏ ဓါတုလက်နက်ထုတ်လုပ်ရေးတွင် အကြီးတန်းအရာရှိတစ်ဦးကို စစ်ဆေးရာမှ ရရှိသောအချက်အလက်များ အရ ဓါတုလက်နက်စက်ရုံများတည်ရှိသည်ဟုယူဆရသောနေရာများကို အမေရိကန်ဦးဆောင်သော နိုင်ငံစုံတပ်ဖွဲ့များက လေကြောင်းမှ ထိုးစစ်ဆင်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း အမေရိကန်တပ်မှ အရာရှိများက ထုတ်ဖော်ပြောကြား လိုက်ခြင်း ဖြစ်သည်။

လွန်ခဲ့သော ၃ ပတ်ခန့်က အီရတ်မြောက်ပိုင်းထိုးစစ်များအတွင်း ISIS ၏ ဓါတုလက်နက်ထုတ်လုပ်မှုများတွင် အရေးပါသူတစ်ဦးကို အမေရိကန် စစ်တပ်က ဖမ်းဆီးမိခဲ့သည်။

ထိုကဲ့သို့ အမေရိကန်စစ်တပ်မှ ဖမ်းဆီးမိခဲ့သူမှာ ဆယ်လ်မန်အယ်လ်ဘက်ကာဟု အမည်ရပြီး IS အကြမ်းဖက်အဖွဲ့၏ ဓါတုလက်နက်များ ထုတ်လုပ်ရာတွင် အဓိကနေရာမှပါဝင်သူဖြစ်သော်လည်း ထိုလုပ်ငန်းစဉ်တစ်ရပ်လုံးကို ၎င်းတစ်ယောက်ထဲ ကြီးကြပ်ခြင်းဟုတ်၊ မဟုတ်ကိုမူ စုံစမ်းနေဆဲဖြစ်သည်။

အယ်လ်ဘက်ကာ ကိုစစ်ဆေးရာမှရရှိသောအချက်အလက်များသည် အီရတ်နိုင်ငံအတွင်းရှိ IS အဖွဲ့၏ ဓါတုလက်နက် ထုတ်လုပ်မှုလုပ်ငန်းများ၏ တည်နေရာများကိုဖော်ထုတ်ကာ ပစ်မှတ်ထား တိုက်ခိုက်နိုင်ရန် လုံလုံလောက်လောက် အထောက်အကူဖြစ်ခဲ့သည်။

အမေရိကန်စစ်တပ်သည် IS အဖွဲ့၏ ဓါတုလက်နက်ထုတ်လုပ်မှုစီမံကိန်းများအားလုံး၏ တည်နေရာများကိုဖော်ထုတ်ပြီး တိုက်ခိုက်ချေမှုန်းနိုင်ရန် ပစ်မှတ်ထားလုပ်ဆောင်လျှက်ရှိသည်။

အမေရိကန်စစ်တပ်အနေဖြင့် IS အဖွဲ့၏ ဓါတုလက်နက်ထုတ်လုပ်မှုများကို နှိမ်နင်းရန်ရည်ရွယ်တိုက်ခိုက်နေသော်လည်း လိုအပ်သည့်နေရာများအားလုံးကို တိုက်ခိုက်နိုင်ခြင်း ရှိ၊မရှိ ရှင်းရှင်းလင်းလင်း မသိရသေးဘဲ လေကြောင်းထိုးစစ်များ အတွင်း အရပ်သားများနှင့် အခြားမဆိုင်သည့် ပစ်မှတ်များကို ထိခိုက်မှုအချို့လည်း ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required