အတည်ပြုပြဌာန်းထားသည့် အမျိုးသားပညာရေး ဥပဒေပြင်ဆင်သည့် ဥပဒေ ဗကသများ အဖွဲ့ချုပ် လက်မခံ

အတည်ပြုပြဌာန်းထားသည့် အမျိုးသားပညာရေး ဥပဒေပြင်ဆင်သည့် ဥပဒေ ဗကသများ အဖွဲ့ချုပ် လက်မခံ
အမျိုးသားပညာရေးဥပဒေအတွက် ၄ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်လာသည့် ကျောင်းသားများ။

ရန်ကုန်၊ဇွန် ၂၉ ။       ။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုးပြီး  အတည်ပြုပြဌာန်းလိုက်သည့် အမျိုးသားပညာရေး
ဥပဒေကို ပြင်ဆင်သည့် ဥပဒေကို လေးပွင့်ဆိုင်သဘောတူညီချက်များနှင့် ကိုက်ညီမှုမရှိသဖြင့်  ဗမာနိုင်ငံ လုံးဆိုင်ရာကျောင်းသား သမဂ္ဂများ  အဖွဲ့ချုပ်(ဗကသ)က သဘောတူလက်ခံမည်မဟုတ်ဟု ဗကသ ဒုဥက္ကဌ ကိုလင်းထက်နိုင်က မဇ္ဈိမကိုပြောသည်။

ဗကသ ဒုဥက္ကဌ ကိုလင်းထက်နိုင်က “ကျွန်တော်တို့ ဒီဥပဒေကို သဘောမကျပါဘူး။ လက်မခံပါဘူး။ ဒါကို အတိအလင်းပြော ပါတယ်။ လက်မခံရတဲ့အကြောင်းရင်းက ကျွန်တော်တို့ အဓိက ထည့်သွင်းရေးဆွဲစေချင်တဲ့ တောင်းဆိုချက် ၁၁ ချက်ရှိခဲ့တယ်။ အားလုံးလည်းသိပြီးသားပါ။ အဲ့တာရဲ့ အဓိက အနှစ်သာရဖြစ်တဲ့ ဗဟိုချုပ်ကိုင်မှုလျှော့ချရေးက ပြန်ပြင် လိုက်တဲ့ဥပဒေမှာ ပြန် လည်ပါဝင်နေဆဲပါ။ ”ဟုပြောသည်။

ဥပဒေ အခန်း ၄ ပါ အမျိုးသားပညာရေး မူဝါဒကော်မတီ ဆိုသည့် အချက်ကို လုံးဝလက်ခံနိုင်ရန် မရှိပဲ ဥပဒေသည် ဆရာ၊ကျောင်း သားများ သမဂ္ဂများနှင့် ပတ်သက်၍လည်း ယေဘုယျဆန်လွန်ပြီး သမဂ္ဂများကို တက္ကသိုလ် ပဋိညဉ်နှင့် အညီ လွတ်လပ်စွာဖွဲ့စည်း ခွင့်ဆိုသည်မှာ ပဋိညဉ်ကို မည်ကဲ့သို့ မည်သူက ရေးဆွဲမည်နည်းဆိုသည့် အချက်သည် မေးခွန်းဖြစ်နေသည်ဟု လည်း၎င်းကဆို သည်။

အဆိုပါ ဥပဒေနှင့်ပတ်သက်၍  ဗကသ ဗဟိုလုပ်ငန်းကော်မတီ အဖွဲ့ဝင်  ကိုရှိန်းရာဇာထွန်းက  “ မကြာခင် ဒီကိစ္စနဲ့ ပတ်သက်ပြီး သဘောထားကြေညာချက် ထုတ်ပြန်မှာပါ။  ကျွန်တော်တို့ တောင်းဆိုထားတဲ့ အချက်တွေထဲက ဘယ်အချက်တွေရတယ်။ ဘယ်အချက်တွေကတော့ မရဘူးဆိုတာတွေ ပါမှာပါ။ ဝေဖန်သုံးသပ်ထားတာပါ။ ”ဟုပြောသည်။

ကျောင်းသားကိုယ်စားလှယ်များ တောင်းဆိုထားသည့် အချက်များ အတည်ပြုလိုက်သည့် ဥပဒေတွင် ပါဝင်မှုမရှိဘဲ လေးပွင့်ဆိုင် သဘောတူညီချက်လည်း ဖောက်ဖျက်ခံရကာ တောင်းဆိုချက်များ ရရှိရန် ဗကသ အနေဖြင့် နည်းလမ်းမျိုးစုံသုံးကာ တောင်းဆို သွားမည်ဖြစ်သည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

ဥပဒေပါ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခွင့်နှင့်ပတ်သက်၍လည်း ကျောင်းသားများကို သမဂ္ဂ ဖွဲ့စည်းခွင့်ပေးထားသော်လည်း လွတ်လပ်စွာလှုပ်ရှားခွင့်မပြုဘဲ ပုံစံတစ်မျိုးဖြင့် ပြန်လည်ထိန်းချုပ်ရန် ပြင်ဆင်ထားမှုများကို တွေ့မြင်နေရသည်ဟုလည်း ကိုရှိန်းရာဇာထွန်းက ဆိုသည်။

ပြည်ထောင်စုလွှတ်တော်က အတည်ပြု ဆုံးဖြတ်လိုက်သည့် အမျိုးသားပညာရေး ဥပဒေပြင်ဆင်သည့် ဥပဒေကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဇွန်လ ၂၅ ရက် ရက်စွဲဖြင့် လက်မှတ်ရေးထိုး  အတည်ပြုပြ ဌာန်းလိုက်ပြီး ယင်းဥပဒေအပေါ် ပညာရေး ဆိုင်ရာ အဖွဲ့အစည်းများ၏ ဝေဖန်မှု များရှိနေသည်။

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER)က ဇွန်လ ၂၉ ရက် ရက်စွဲဖြင့် အမျိုးသားပညာရေး ဥပဒေ ကို ပြင်ဆင်သည့် ဥပဒေနှင့် ပတ်သက်၍ သဘောထားမှတ်ချက် ပေးပို့ခဲ့သေးသည်။

သဘောထားမှတ်ချက်တွင်ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သည့် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေတွင် လေးပွင့်ဆိုင်သဘောတူညီချက်များနှင့် ကွဲလွဲမှု များရှိနေသည်ဟု ဖော်ပြထား သည့်အပြင် လေးပွင့်ဆိုင်ဆွေးနွေး ပွဲတွင် သဘောတူညီခဲ့သည့်အတိုင်း  ပြန်လည်ပြင်ဆင်ပေးရန် တောင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly