ပြစ်မှုနှင့် ပြစ်ဒဏ် ကိုက်ညီစေဖို့ သင့်

ပြစ်မှုနှင့် ပြစ်ဒဏ် ကိုက်ညီစေဖို့ သင့်

မိမိတို့တိုင်းပြည်ရဲ့ အကြီးမားဆုံး စိမ်ခေါ်မှုတွေထဲမှာ အဂတိလိုက်စားမှုကြီးကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ အမြစ်တွယ်ရုံတင်မက အခက်အလက် ဝေဝေဖြာဖြာနဲ့ မိမိတို့နိုင်ငံရဲ့ စာရိတ္တမဏ္ဍိုင်ကို စိမ်ခေါ်ခြိမ်းခြောက်နေတဲ့ ပြဿနာကြီးလည်း ဖြစ်ပါတယ်။ တိုင်းပြည်နဲ့လူမျိုး ဂုဏ်သိက္ခာကို မြေကြီးပေါ်ရောက်တဲ့အထိ ဆွဲချထားနိုင်တဲ့ ပြဿနာကြီးလည်း ဖြစ်ပါတယ်။

ကမ္ဘာ့အလည်မှာ အဂတိလိုက်စားမှု အများဆုံး နိုင်ငံတွေထဲမှာ ထိတ်တန်းက ရပ်တည်နေတဲ့ နိုင်ငံကြီးလည်း ဖြစ်ခဲ့ပါတယ်။ ဝမ်းနည်းဖို့ ကောင်းပါတယ်။ အခုအခါမှာတော့ မြန်မာတွင်သာမက ကမ္ဘာကပါ စောင့်ကြည့်နေခဲ့ကြရတဲ့ ဖားကန့်ဒေသ ကျောက်စိမ်းတွင်းဒေသ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီများရဲ့ အတိုင်းအဆ ကြီးမားလှတဲ့ ကျောက်စိမ်းတူးဖော်မှုနဲ့ပတ်သက်ပြီး တာဝန်ရှိသူများကို အငြိမ်းစားပေးခြင်းနဲ့ အလုပ်ထုတ်ပယ်ခြင်းဖြင့် အရေးယူဆောင်ရွက်ခဲ့ပါတယ်။ တချိန်တည်းမှာပဲ ဒီလိုအရေးယူမှုဟာ ပြစ်ဒဏ်နဲ့ ပြစ်မှု မကိုက်ညီတဲ့အကြောင်း ပြစ်မှုအနေနဲ့ ကြီးမားလှတဲ့ တာဝန်လစ်ဟင်းမှု သဘောတွေ ရှိပေမယ့် ပေးတဲ့ပြစ်ဒဏ်ကြတော့ ပေါ့ပါးလှတဲ့ ပြစ်ဒဏ်များသာ ဖြစ်တယ်ဆိုပြီး အများပြည်သူက ချက်ချင်းဆိုသလိုပဲ ဝိုင်းဝန်းဝေဖန်လာကြရပါတယ်။

ဒီနေရာမှာ ပြစ်မှုအခြေအနေကို အသေးစိတ် မဟုတ်သည့်တိုင် ယေဘုယျအားဖြင့်လည်းကောင်း၊ တချို့ အချက်အလက်များအရလည်းကောင်း ပြစ်ဒဏ်အကြီးအသေးကို ခန့်မှန်းပြောဆိုကြတာတွေ ရှိပါတယ်။ ဥပမာ မြင်လို့မကောင်းလောက်အောင် ရာထောင်ချီတဲ့ ယန္တယားကြီးများ ၂၄ နာရီမပြတ် ကျောက်စိမ်းမြေများ တူးဖော်ယူငင်နေကြတာ၊ ဒီကျောက်စိမ်းမြေတွေကို တပါးနိုင်ငံထဲ နေ့ရောညပါ သယ်ယူသွားနေကြတာတွေဟာ ဘယ်လိုမှ ဖုံးကွယ်ပြောဆိုလို့ မရနိုင်လောက်အောင် သက်သေတွေ မျက်မြင်တွေ ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းတွေနဲ့ တာဝန်သိသူတွေက အဆက်မပြတ် ဖော်ပြနေခဲ့ကြတဲ့ အချက်ဖြစ်ပါတယ်။

ဒါ့အပြင် ဒီလို အတိုင်းအဆမရှိ မဆင်မခြင် အလျင်စလို မြေများတူးဖော် ယူငင်ခြင်း၊ စွန့်ပစ်ပစ္စည်းများ စွန့်ပစ်မြေများကိုလည်း စနစ်တကျမရှိ စွန့်ပယ်ခြင်းကြောင့် မြေစာပုံ ပြိုကျလို့ လူ၁၀၀ ကျော် သေဆုံး ခဲ့ကြရတဲ့ ကိစ္စဟာလည်း ကမ္ဘာနဲ့အဝှမ်း သိရှိတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။

ဒီပြဿနာ ၂ ခုကတော့ အသိသာဆုံး အထင်ရှားဆုံး အချက် ၂ ချက်ဖြစ်ပြီးတော့ ဒီ ပြဿနာ ၂ ခုနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို အရေးယူခဲ့တယ်လို့လည်း အသံမကြားခဲ့ရပါဘူး။ ဒါဟာ ကျော်မကောင်း ကြားမကောင်း နိုင်လောက်အောင် တရားလွန် တာဝန်မဲ့မှုများ ဖြစ်တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။

အခုတော့ လက်ရှိအစိုးရ အာဏာစွန့်လွှတ်ရတော့မည့်အချိန် ရက်ပိုင်းမျှသာ ကျန်ရှိတော့တဲ့ အချိန်ကြကာမှ ဖားကန့်ဒေသ တာဝန်ရှိသူတချို့ကို ရာထူးမှ ထုတ်ပယ်ခြင်း၊ အငြိမ်းစားပေးခြင်းဖြင့် ကမန်းကတန်း အရေးယူ ဆောင်ရွက်တဲ့သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ တချို့လေ့လာ စောင့်ကြည့်နေကြတဲ့ သူတချို့ကဆိုရင် ဒါဟာ ပြစ်ဒဏ်ပေးတာ မဟုတ်ပဲ နောင်အစိုးရ လက်ထက်ကြရင် အရေးယူခံရကိန်းမြင်လို့ အခုကတည်းက မဆိုစလောက် ပြစ်ဒဏ်ပေးပြီး အကာအကွယ်ပေးဖို့ လုပ်တာသာဖြစ်တယ်၊ ဒီလုပ်ရပ်ဟာ အပြစ်ရှိသူကို တနည်းအားဖြင့် ဖေးမသလိုတောင် ဖြစ်နေတယ်လို့ ဝေဖန်ထောက်ပြကြပါတယ်။

ဒါပေမယ့်လည်း ဒီလို လူသိထင်ရှား အရေးယူဆောင်ရွက်ခြင်းဟာ တနည်းအားဖြင့်ဆိုရင် ဖားကန့်ဒေသ တာဝန်ရှိသူတချို့ဟာ ပြစ်မှုတွေ ကျူးလွန်ခဲ့တာ အမှန်ပဲဖြစ်တယ်ဆိုတဲ့ ဝန်ခံချက်ကို ပေါ်လွင်စေတယ်လို့ ဆိုရမှာပါ။ ဘယ်လိုပြစ်မှုလည်းဆိုရင် ပြည်သူပိုင်ပစ္စည်း အလွဲသုံးစားပြုခြင်း၊ အဂတိလိုက်စားခြင်းနဲ့ ကိုယ်တိုင်ပါဝင် ပတ်သက်ခြင်းအမှုတွေ ကျူးလွန်ခဲ့ကြတာတော့ အမှန်ပဲ ဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။

တည်ဆဲဥပဒေများအရ ဆိုရင်တော့ အနည်းဆုံး ၁၀ နှစ်အထက် ပြစ်ဒဏ်ထိုက်သည့် ပြစ်မှုများလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်သူပိုင်ပစ္စည်း အလွဲသုံးစားပြုလုပ်မှု၊ လာဘ်ပေးလာဘ်ယူမှု၊ တာဝန်မဲ့မှု အစရှိတဲ့ပြစ်မှုများကို ကျူးလွန်ခဲ့ကြတာ သေချာတယ်လို့လည်း ပြည်သူများက အခိုင်အမာ ယုံကြည်ထားကြပါတယ်။

ထို့ကြောင့် ဖားကန့်ဒေသ တာဝန်ရှိသူတချို့ကို သည်လို အရေးယူ ဆောင်ရွက်ပုံမျိုးကတော့ မိမိတို့နိုင်ငံရဲ့ ကမ္ဘာကျော် အဂတိလိုက်စားမှုပြဿနာ၊ တာဝန်မဲ့မှုပြဿနာနဲ့ တရားရေးမဏ္ဍိုင် ယိုင်နဲ့မှုပြဿနာကြီးကို ဘယ်လိုမှ ထိရောက်စွာ ဖြေရှင်းနိုင်ရန် မရှိဘဲ ပြည်သူတို့ရဲ့အမြင်မှာ ယိုင်နဲ့နေတဲ့ တရားရေးမဏ္ဍိုင်ကို ပိုမိုအထင်သေးစေပြီး  အဂတိလိုက်စားမှု၊ တာဝန်မဲ့မှုများသာ ဆက်လက်ဖြစ်ထွန်းစေရန် တွန်းအားပေးသလို ဖြစ်လာစေနိုင်ကြောင်း မဇ္ဈိမက ရှုမြင်သုံးသပ် မိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly