စင်ကာပူ၊ လက်ဘနွန်အသင်းတို့နှင့် ကစားမည့် မြန်မာ့လက်ရွေးစင်အသင်း လူစာရင်းထုတ်ပြန်

စင်ကာပူ၊ လက်ဘနွန်အသင်းတို့နှင့် ကစားမည့် မြန်မာ့လက်ရွေးစင်အသင်း လူစာရင်းထုတ်ပြန်
လေ့ကျင့်ပြင်ဆင်မှုများပြုလုပ်နေသည့် မြန်မာ့လက်ရွေးစင်အသင်းအားတွေ့ရစဉ် (ဓာတ်ပုံ - ရွှေဘုတ်)

မတ် ၈၊ ရန်ကုန် ။           ။ စင်ကာပူလက်ရွေးစင်အသင်း၊ လက်ဘနွန်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရန် ပြင်ဆင်မှုများပြုလုပ်နေသည့် မြန်မာ့လက်ရွေးစင်အသင်း အနေဖြင့် မတ်လ ၇ ရက် က အပြီးသတ် ကစားသမား ၂၅ ဦးစာရင်းအား တရားဝင်ထုတ်ပြန်လိုက်သည်။

မြန်မာ့လက်ရွေးစင်အသင်း၏ အပြီးသတ်လူစာရင်းတွင် ပဏာမစာရင်း၌ ပါဝင်ခြင်းမရှိသည့် ရန်ကုန်အသင်းတိုက်စစ်မှူး သန်းပိုင်၊ နောက်ခံလူ သီဟထက်အောင် တို့ ပြန်လည် ပါဝင်လာခဲ့ပြီး ဒဏ်ရာပြဿနာရှိနေသည့် ကျော်မင်းဦးနှင့် ငြိမ်းချမ်းအောင် တို့ ပါဝင်ခဲ့ခြင်း မရှိတော့ပေ။

မြန်မာအသင်းသည် ယင်းပြိုင်ပွဲများသွားရောက်ယှဉ်ပြိုင်ရန်အတွက် ဖေဖော်ဝါရီ ပထမအပတ်မှ စတင်ကာ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။

လက်ရွေးစင်အသင်းအား လက်ရှိတွင် နည်းပြချုပ်အဖြစ် ဂတ်ဇီဆီဖရိုင်းဒရစ်က ကိုင်တွယ်ကာ လက်ထောက်နည်းပြအဖြစ် ဦးကြည်လွင်၊ ဂိုးနည်းပြအဖြစ် ဦးအောင်ဇော်နှင့် ကြံ့ခိုင်ရေးမှူးနည်းပြအဖြစ် မီရိုဆလပ် တို့က တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် မတ် ၂၄ တွင် စင်ကာပူနိုင်ငံ၌ စင်ကာပူလက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲကစားမည် ဖြစ်ပြီး မတ် ၂၉ တွင် လက်ဘနွန်အသင်းနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုနောက်ဆုံး ပွဲစဉ်အား ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။

ထို့ကြောင့် လာမည့် မတ် ၂၁ ရက်တွင် စင်ကာပူနိုင်ငံသို့ ထွက်ခွာကာ ခြေစမ်းပွဲယှဉ်ပြိုင်ကစားမည် ဖြစ်ပြီး ယင်းခြေစမ်းပွဲအပြီးနောက် လက်ဘနွန်နိုင်ငံ သို့ ခြေစစ်ပွဲကစားရန် တိုက်ရိုက်သွားရောက်မည် ဖြစ်သည်။

မြန်မာလက်ရွေးစင်အသင်းလူစာရင်း

ဂိုး - ရန်အောင်လင်း၊ ကျော်ဇင်ဖြိုး၊ ပြည့်ဖြိုးအောင်
နောက်တန်း - ဒေးဗစ်ထန်း၊ ဇော်မင်းထွန်း၊ သီဟထက်အောင်၊ ကျော်ဇင်လွင်၊ နန္ဒကျော်၊ အောင်ဇော်၊ ဟိန်းသီဟဇော်၊ ဖြိုးကိုကိုသိန်း
အလယ်တန်း - လှိုင်းဘိုဘို၊ ရဲကိုဦး၊ အောင်သူ၊ မျိုးကိုထွန်း၊ နိုင်နိုင်ကျော်၊ ရန်အောင်ကျော်၊ ကြည်လင်း၊ ရန်နိုင်ဦး၊ မောင်မောင်လွင်
ရှေ့တန်း - ကျော်ကိုကို၊ သန်းပိုင်၊ ဆော်လမန်၊ သက်နိုင်၊ ဝင်းနိုင်စိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly