ဗီယက်နမ်တွင် မအေတူ၊ ဖအေကွဲ အမွှာကလေးနှစ်ဦး တွေ့

ဗီယက်နမ်တွင် မအေတူ၊ ဖအေကွဲ အမွှာကလေးနှစ်ဦး တွေ့

ဟနွိုင်း၊ မတ်၊ ၈ ။           ။ ဗီယက်နမ်နိုင်ငံတွင် မအေတူ၊ဖအေကွဲ အမွှာကလေးနှစ်ဦးကို တွေ့ရှိခဲ့သည်။

ဗီယက်နမ်လူမျိုးဇနီးမောင်နှံစုံတွဲတစ်တွဲက သူတို့၏ အမွှာကလေးနှစ်ဦးကို DNA စစ်ဆေးရာမှ အမွှာကလေး ၂ ဦးသည် မိခင်တစ်ဦးတည်းမှမွေးဖွားထားသော်လည်း ဖခင်တစ်ယောက်စီနှင့် ရထားခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ကလေးနှစ်ယောက်သည် အမွှာဖြစ်သော်လည်း တစ်ယောက်နှင့် တစ်ယောက် မတူကြသဖြင့် အဆိုပါဇနီးမောင်နှံ၏ ဆွေမျိုးများက DNA စစ်ဆေးရန်တိုက်တွန်းခဲ့ရာမှ ယခုကဲ့သို့ ကလေးနှစ်ယောက်မှာ ဖခင်တစ်ယောက်စီနှင့် ရရှိခြင်း ဖြစ်ကြောင်းတွေ့ရှိခဲ့ခြင်းလည်း ဖြစ်သည်။

DNA စစ်ဆေးမှုများအရ အမွှာကလေး ၂ ယောက်သည် ဆေးရုံတွင်ကလေးချင်းမှားယွင်းခဲ့ခြင်းမျိုးလည်း မရှိခဲ့ဘဲ မိခင်တစ်ဦးတည်းမှ မွေးဖွားထားပြီး မတူသည့်ဖခင် ၂ ဦးနှင့်ရခဲ့ခြင်းဖြစ်ကြောင်းလည်း သေချာလျှက်ရှိသည်။

အမွှာကလေး ၂ ယောက်သည် လက်ရှိအချိန်တွင် အသက် ၂ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး တစ်ယောက်တွင် ထူ၍ ကောက်သောဆံပင်များရှိကာ ကျန်တစ်ယောက်တွင်မူ ပါး၍ဖြောင့်သောဆံပင်များရှိနေသည်။

DNA စစ်ဆေးတွေ့ရှိမှုနှင့်ပတ်သတ်ပြီး အမွှာကလေး ၂ ယောက်၏ မိသားစုမှာ အံ့သြတုန်လှုပ်လျှက်ရှိကာ အခြေအနေကို အကောင်းဆုံးဖြေရှင်းနိုင်ရန် ကြိုးစားလျှက်ရှိသည်။
အမွှာကလေး ၂ ယောက်နှင့် ၎င်းတို့၏မိသားစုဝင်များနှင့်ပတ်သတ်သည့် အသေးစိတ်အချက်အလက်များကိုမူ ကာယကံရှင်များ၏တောင်းဆိုမှုကြောင့် တာဝန်ရှိသူများက ထုတ်ပြန်ခဲ့ခြင်းမရှိချေ။

မအေတူ၊ဖအေကွဲ အမွှာကလေး ၂ ယောက်မွေးဖွားရန်မှာ အလွန်တရာခဲယဉ်းပြီး ယခုစစ်ဆေးတွေ့ရှိသည့် အမွှာကလေး ၂ ဦးမှာ လက်ရှိအချိန်ထိ သိရှိထားသမျှမှတ်တမ်းများအရ ဗီယက်နမ်နိုင်ငံ၏ ပထမဆုံးမအေတူ၊ဖအေကွဲ အမွှာအဖြစ်ပင် မှတ်တမ်းဝင်ဖွယ်ရာရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required