ကန်ဒေါ်လာ သန်း ၃၀၀ တန် နျူကလီးယားစမ်းသပ်ခန်း တည်ဆောက်ရန် ဘိုလီးဗီးယား နှင့် ရုရှား လက်မှတ်ရေးထိုး

ကန်ဒေါ်လာ သန်း ၃၀၀ တန် နျူကလီးယားစမ်းသပ်ခန်း တည်ဆောက်ရန် ဘိုလီးဗီးယား နှင့် ရုရှား လက်မှတ်ရေးထိုး

လာပတ်ဇ်၊ မတ်၊ ၇ ။              ။ ဘိုလီးဗီးယားနိုင်ငံတွင် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကုန်ကျမည့် နျူကလီးယား စမ်းသပ်ခန်းတစ်ခု တည်ဆောက်ရန် ဘိုလီးဗီးယားနှင့် ရုရှားတို့ ပြီးခဲ့သော တနင်္ဂနွေနေ့က သဘောတူစာချုပ်တစ်ရပ် လက်မှတ်ရေးထိုးခဲ့သည်။

ထိုကဲ့သို့ ကမ္ဘာ့အဆင့်နျူကလီးယားသုတေသနစမ်းသပ်ခန်းတစ်ခု တည်ဆောက်ရန် ရုရှားနှင့် လက်မှတ်ရေးထိုးလိုက် ကြောင်းကို ဘိုလီးဗီးယားသမ္မတ အီဗိုမိုရေးလက်စ်က ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

'' အခုဆိုရင် ကျွန်တော်တို့ဟာ အရေးပါတဲ့ စီမံကိန်းတွေကို ပူးပေါင်းလုပ်ဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။ ဒီစာချုပ်အရ ရုရှားနိုင်ငံနဲ့တင်မကဘဲ တစ်ခါတစ်ရံ တရုတ်၊ ဥရောပတို့နဲ့ပါ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ် '' ဟု သမ္မတအီဗိုရေးလက်စ် က စာချုပ်လက်မှတ်ရေးထိုးပွဲတွင် ပြောကြားခဲ့သည်။

'' အလိုရမ္မက်ကြီးတဲ့သူတွေ၊ ရန်စတဲ့သူတွေ မဟုတ်ဘဲ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ရင်းနှီးမြုပ်နှံမှုတွေ လုပ်တဲ့မိတ်ဖက်တွေ ခုလိုရောက်လာတာ သိပ်ကိုဝမ်းသာစရာပါပဲ '' ဟုလည်း အီဗိုရေးလက်စ်က ပြောကြားခဲ့သည်။

အီဗိုရေးလက်စ်သည် ၎င်း ၏လက်ဝဲယိမ်းသောအစိုးရအဖွဲ့အပေါ် အထင်အမြင်သေးစွာဆက်ဆံသည့်နိုင်ငံဟု ၎င်းမကြာခဏ ပြောကြားလေ့ရှိသည့် အမေရိကန်ပြည်ထောင်စုကို ရည်ရွယ်၍ ထိုကဲ့သို့ ပြောသည်ဟု ယူဆရသည်။

အယ်အော်လ်တိုမြို့တွင် ရုရှားနည်းပညာများဖြင့် ဆောက်လုပ်မည့် ယင်း နျူကလီးယားစမ်းသပ်ခန်းကို ဆောက်လုပ်ရန် အချိန် ၄ နှစ်ခန့်ကြာမြင့်မည်ဖြစ်ပြီး ဆေးပညာသုတေသနလုပ်ငန်းများ၊ အစားအသောက်ဘေးကင်းရေးသုတေသနများ နှင့် လက်နက်ထုတ်လုပ်ရန်၊ တိုက်ခိုက်ရန်အတွက် မရည်ရွယ်သော နျူကလီးယားသုတေသနလုပ်ငန်းများကို လုပ်ဆောင်သွား မည်ဖြစ်သည်။

စပိန်တို့လက်မှ လွတ်လပ်ရေးရပြီးနောက် ဘိုလီးဗီးယားခေါင်းဆောင်များတွင် သက်တမ်းအရှည်ဆုံးခေါင်းဆောင် ဖြစ်သော မိုရေးလက်စ်သည် ပြီးခဲ့သည့်လက ပြုလုပ်ခဲ့သည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် သမ္မတနေရာဆက်လက်ထမ်းဆောင်ခွင့် ရှုံးနိမ့်ခဲ့သဖြင့် ၂၀၂၀ ခုနှစ်တွင် ရာထူးမှဆင်းပေးရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required