ကံမမြို့နယ်တွင် စက်သုံးဆီဆိုင်များ ပိတ်ထားရ

ကံမမြို့နယ်တွင် စက်သုံးဆီဆိုင်များ ပိတ်ထားရ

ရန်ကုန်၊ မတ် ၇ ။             ။ နွေရာသီ မီးဘေးလုံခြုံရေးစီမံချက်ကြောင့် မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်တွင် စက်သုံးဆီဆိုင်များကို ပိတ်ခိုင်းထားရခြင်းဖြစ်ကြောင်း ကံမမြို့နယ်မှ ရဲမှူးစိုးပိုင်က ပြောသည်။

" စည်းကမ်းနဲ့အညီ တရားဝင်ရောင်းချခွင့်မရှိဘဲ ရောင်းနေကြတော့ နွေရာသီမှာ မီးဘေးအန္တရာယ် စိုးရိမ်ရပါတယ်။ အဲဒါကြောင့် မီးဘေး အန္တရာယ် လုံခြုံရေးစီမံချက်ကြောင့် ပိတ်ခိုင်းရတာပါ" ဟု ကံမမြို့နယ်မှ ရဲမှူးစိုးပိုင်က မဇ္ဈိမသို့ ပြောသည်။

တရားဝင်ရောင်းချခွင့် လိုင်စင်ရှိပါက လွတ်လပ်စွာရောင်းချနိုင်ကြောင်း၊ စက်သုံးဆီ ရောင်းချနေသည့် ဆိုင်များကို သွားရောက်စစ်ဆေးရာတွင် စည်းကမ်းနှင့် မညီညွတ်မှုများရှိသည့် ကိုတွေ့မြင်ခဲ့ရကြောင်း ၎င်းကပြောသည်။

"စက်သုံးဆီဆိုင်တွေပိတ်ထားတော့ ကျွန်တော်တို့အနေနဲ့ အစစ အရာရာခက်ခဲကုန်ပါတယ်။ ဆယ်တန်း စာမေးပွဲက ဖြေရတော့မယ်ဆိုတော့ ကျေးရွာတွေကနေ မြို့ပေါ်ကို လာရတဲ့အခါ ဆီအလွယ်တကူဝယ်လို့ မရရင် ဒုက္ခရောက်ပါတယ်" ဟု ကံမမြို့နယ် ဒေသခံတစ်ဦးဖြစ်သူ ကိုအောင်ကျော်သူက ပြောသည်။

မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၆၄ အုပ်စုရှိပြီး တရားဝင်ရောင်းချခွင့်ရထားသော စက်သုံးဆီဆိုင်ကြီးမရှိဘဲ ဓါတ်ဆီ၊ ဒီဇယ်ဆီများကို ပုလင်းတွင်ထည့်၍ ရောင်းချသည့် ဆိုင်များသာရှိကြောင်း ဒေသခံများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly