ရခိုင်ပြည်နယ် ရေကြီးရေလျှံမှုအတွက် ပြည်နယ်အစိုးရ ရံပုံငွေ ကျပ်သန်းငါးထောင် သုံးမည်

ရခိုင်ပြည်နယ် ရေကြီးရေလျှံမှုအတွက် ပြည်နယ်အစိုးရ ရံပုံငွေ ကျပ်သန်းငါးထောင် သုံးမည်
သံတွဲမြို့ရေကြီးပြီးနောက် ဓာတ်ပုံ (ကိုဆောင်းသစ်)

ရန်ကုန် ၊ဇွန် ၂၉  ။        ။ ရခိုင်ပြည်နယ် တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် ရေကြီးရေလျှံမှုများနှင့် လမ်းတံတား ပျက်စီး မှုများအတွက် ပြည်နယ်အစိုးရ ရံပုံငွေကျပ်သန်းငါးထောင် အသုံးပြုပြီးပြန်လည်ကူညီရေးနှင့် ပြုပြင်ရေးလုပ်ငန်းများ ကိုဆောင်ရွက် သွားမည် ဟု ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက မဇ္ဈိမကိုပြောသည်။

 ရခိုင်ပြည်နယ် သံတွဲ၊တောင်ကုတ်၊ဂွ၊ကျောက်ဖြူ ၊စစ်တွေ၊အမ်း၊ကျောက်တော်၊ဘူးသီးတောင်မြို့နယ် များတွင် ရေးဘေးနှင့် လေ ဆင်းနှာမောင်းတိုက်ခိုက်မှုကြောင့် နေအိမ်အချို့ပျက်စီးကာ သွား သဖြင့် လူဦးရေထောင်နှင့်ချီကာ အကူအညီ လိုအပ်လျှက်ရှိ သည် ဟုဆိုသည်။

 ဦးတင်မောင်ဆွေက  "ပြည်နယ် ဝန်ကြီးတွေက သက်ဆိုင်ရာ မြို့နယ် အသီးသီးကို ကွင်းဆင်း သွား ကြပါပြီ သူတို့ပြန်လာမှ ဘယ်ဒေသမှာ ဘယ်လောက်ပျက်စီးတယ်ဆိုတာ အတိအကျ သိရမှာပါ "ဟု ပြောသည်။

 ရခိုင်ပြည်နယ် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ပြည်နယ် အစိုးရ အဖွဲ့ ဝန်ကြီးများ ပါဝင်သော ကယ်ဆယ်ရေးအဖွဲ့ကို ဖွဲစည်းထားပြီး ပြည်နယ် ဝန်ကြီးများက ကွင်းဆင်းစစ်ဆေးလျှက်ရှိသည် ဟုဆိုသည်။

ဦးတင်မောင်ဆွေက "သဘာ၀ ဘေးအန္တာရယ် အတွက် သန်း ၅၀၀၀ ခွင့်ပြုထားပါတယ်  "ဟု ပြောသည်။

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ဒါ၀ ကကျေးရွာတွင် လေဆင်နှာမောင်းတိုက်ခိုက်မှုကြောင့် အိမ်ခြေ ၉၀ ကျော် ပျက်စီးသွား ပြီး ပြန်လည် ပြုပြင်ရေးလုပ်ငန်းများဆောင်ရွက်လျှက်ရှိသည် ဟုလည်း သံတွဲမြို့နယ်  ရဲတပ်ဖွဲ့မှူး ခင်ဇော် ကပြောသည်။

 ထို့ပြင် အမ်း-တောင်ကုတ် ကားလမ်း သည် ရေကြီးရေလျှံမှုကြောင့် ပျက်စီးသွားပြီး ပြင်ဆင်နိုင်ခြင်း မရှိသေးသဖြင့် ထိုလမ်းမ ကို ပိတ်ထားရဆဲဖြစ်သည် ဟု အဝေးပြေးကားလုပ်ငန်း လုပ်ကိုင်သူတစ်ဦးကပြောသည်။

ထို့ပြင် မြို့နယ် အများစု မှ ဈေးနှင့် စာသင်ကျောင်းများမှာလည်း ပိတ်ထားရဆဲဖြစ်သည်။

အမ်းမြို့နယ် စခန်းမော်ရွာ၊ (AELC အင်္ဂလိပ်စာသင်တန်းကျောင်း မှ ဦးအောင်ကိုဦး က " ကျွန်တော်တို့ရွာလည်း တစ်ရွာလုံး နီးပါးလောက်မြုတ်သွားပြီး ခုတော့ ရေကျသွားပြီး ဖြစ်တဲ့အတွက် တင်ကျန်နေတဲ့ ရွံ့၊ နှုန်းတွေကို ပန့်နဲ့ ထိုးဆေးနေကြပါတယ် ရွာထဲမှာ ရှိတဲ့ ရေစုပ်စက် အရေအတွက် နဲ့ အိမ်ခြေနဲ့ မမျှတော့ တော်တော်လေး အချိန်ယူ ပြန်လုပ်ရမှာပါ။  ပစ္စည်းတွေ ဆုံးရှုံးတာထက် လောလောဆယ် အိမ်သာတွေ မရှိတော့တဲ့ အတွက် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများ ကိုလည်း အချိန်မီ ဆောင်ရွက်နိုင်ဖို့ ကြိုးစားရပါမယ်"  ဟု ပြောသည်။

 ရေကြီးရေလှံျမှုဖြစ်ပွားပြီးနောက်ပိုင်း ဈေး များ စားသုံးကုန်အချို့ပျက်စီးကာ ၊ကားလမ်းများလည်း ပိတ်မိနေသောကြောင့် ရပ်ကွက်ဈေးဆိုင်များတွင် ကုန်ဈေးနှုန်းများမြင့်တက်လာသည် ဟု သံတွဲဒေသခံ ဦးကျော်ထွန်းကပြောသည်။

အစိုးရထံမှ  အကူအညီရရှိရေးနှင့်ပတ်သက်၍ ၎င်းက "တစ်ရက်လုပ်မှ တစ်ရက်စားရတဲ့ လူတွေအတွက် အခက်အခဲတွေတော့ရှိပါတယ်၊ ဘတ်ဂျက်ချပေးတာကိုလည်း ဝမ်းသာပါတယ် ဒါပေမယ့် ဌာန ဆိုင်ရာ ဆင့်ဆင့်လာဘ်စားလို့ အဆင့်မမှီတဲ့ ကတ္တရာလမ်းအသစ်ကြီးတွေ ရေနဲ့ ပါသွားတာကိုတော့ ဒီငွေတွေနဲ့ ပြန်ဖာ သူတို့က ပြန်စားဆိုရင်တော့ ဒုက္ခခံရတဲ့သူတွေက တော့ မထူးဘူး "ဟု  ဆိုသည်။

 ရခိုင်ပြည်နယ် အနှံ့တွင်ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး  လက်ရှိတွင် ရေကျသွားပြီဖြစ်သော်လည်း ပျက်စီးသွားသော အိမ်များကိုပြန်လည် ပြုပြင်နေခြင်း၊ တင်ကျန်သော ရွှံ့နှုန်းများကို ဆေးကျော နေရခြင်း နှင့် လမ်းများပြုပြင်ဖာထေးနေရခြင်း တို့ကို ပြုလုပ်နေရသည်ဟု ဒေသခံများက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly