ရီးယဲလ်နောက်ခံလူရာမို့စ်ကို မန်ယူနှင့်အပြိုင်ခေါ်ရန် မန်စီးတီးအသင့်ဖြစ်နေ

ရီးယဲလ်နောက်ခံလူရာမို့စ်ကို မန်ယူနှင့်အပြိုင်ခေါ်ရန် မန်စီးတီးအသင့်ဖြစ်နေ

ဇွန် ၂၉၊ မန်ချက်စတာ။ ။ ရီးယဲလ်မက်ဒရစ်နောက်ခံလူ ရာမို့စ်ကိုခေါ်ယူရန်ကြိုးပမ်းမှုတွင် မန်စီးတီးအသင်းလည်းပါဝင်လာပြီး မြို့ခံပြိုင်ဘက် မန်ယူအသင်းနှင့် ပြိုင်ဆိုင် ရန် အသင့်ဖြစ်နေပြီဖြစ်သည်။

ရီးယဲလ်မက်ဒရစ်အသင်းက ပေါင် ၆၄ သန်းဈေးနှုန်းသတ်မှတ်ထားသည့် အသက် ၂၉ နှစ်အရွယ်နောက်ခံလူ ရာမို့စ်ကို မန်ယူအသင်းက နှစ်ကြိမ်ကမ်းလှမ်းခဲ့ရာ နှစ်ကြိမ်လုံးကို ရီးယဲလ်မက်ဒရစ်က ပယ်ချထားသည်။

မန်ယူအသင်းကလည်း အပြန်အလှန်အားဖြင့် ရီးယဲလ်မက်ဒရစ်ကလိုချင်နေသည့် ဂိုးသမား ဒီဂီယာကို ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းသတ် မှတ်ထားသည်။

ရာမို့စ်၏အစ်ကိုလည်းဖြစ်၊ အေးဂျင့်လည်းဖြစ်သည့်ရီနီနှင့်အတူအလုပ်လုပ်နေသည့် ရီစကိုဆိုသူက "အရာရာဖြစ်လာနိုင်တဲ့အနေအထားမျိုးမှာ ရာမို့စ်ရီးယဲလ်မှာဆက်ရှိဖို့ တော်တော်ခက်ပါတယ်"ဟု ပြီးခဲ့သည့်တစ်ပတ်တွင် ပြောဆိုထားသည်။

မန်ယူနှင့် ရီးယဲလ်မက်ဒရစ်အသင်းကြား အခြေအနေတင်းမာနေမှုကို မန်စီးတီးအသင်းက စောင့်ကြည့်နေသည်။ မန်စီးတီးအသင်းသည် ပြီးခဲ့သည့်ရာသီက ဖလားလက်မဲ့ဖြစ်ခဲ့သည့်တိုင် နည်းပြပယ်လီဂရီနီကိုထောက်ခံခဲ့သဖြင့် နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ကြီးမားသည့် အပြောင်းအရွှေ့များဖြစ်လာနိုင်သည်ဟု မယ်ရာသတင်းစာက သုံးသပ်ဖော်ပြမှုလည်း ရှိနေသည်။

ဘောလုံးရာသီပြီးဆုံးပြီးနောက်ပြောကြားခဲ့သည့် မိန့်ခွန်းတွင်မန်စီးတီးအသင်းဥက္ကဋ္ဌ အယ်လ်မူဘာရတ်က အသင်း၏အဆင့်အတန်းကို နောက်တစ်ဆင့်သို့မြှင့်တင်နိုင်ရန် အရည်အသွေးမြင့်ကစားသမားများခေါ်ယူမည်ဟု ကတိပြုခဲ့သည်။

မန်စီးတီးအသင်းသည်လက်ရှိတွင် လီဗာပူးလ်မှစတာလင်းကိုကမ်းလှမ်းမှုနှစ်ကြိမ်ပယ်ချခံထားရပြီး ဂျူဗင်တပ်ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာကိုလည်း ကြိုးပမ်းနေသည်။ ထို့ပြင်ဝုဖ်ဘတ်မှ ဒီဘရိုင်းကိုလည်း ပေါင်သန်း ၃၀ ဖြင့်လိုချင်နေသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly