တရုတ်၊ အိန္ဒိယကို ယှဉ်ပြိုင်နိုင်လောက်တဲ့ ရင်းနှီးမြှုပ်နှံမှုတော့ ဖြစ်လာမှာ မဟုတ်ပါဘူး

06 March 2016
တရုတ်၊ အိန္ဒိယကို ယှဉ်ပြိုင်နိုင်လောက်တဲ့ ရင်းနှီးမြှုပ်နှံမှုတော့ ဖြစ်လာမှာ မဟုတ်ပါဘူး

ချက်ပြည်သူ့နိုင်ငံ စီးပွားရေးသံခင်းတမန်ခင်းနှင့် တွေ့ဆုံခြင်း

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိန်းကဏန်းတွေကို ကြည့်တဲ့အခါမှာချက်နိုင်ငံရဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကိုမတွေ့ရဘူးဗျ၊ ဒါကြောင့်ဘာကြောင့်ပါလဲခင်ဗျ

ခင်ဗျားပြောတာ လုံးဝမှန်ပါတယ်။ လောလောဆယ်တော့ ချက်ကုမ္ပဏီတွေရဲ့ ထင်သာမြင်သာရှိတဲ့ ရင်းနှီးမြှုပ်နှံတာတွေမရှိသေးပါဘူး၊ ဒါကြောင့်ချက်နိုင်ငံခြားရေးဝန်ကြီးနဲ့အတူလိုက်ပါလာတဲ့ ချက်ကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံမှာစီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်ဖို့နဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းတွေကို သတ်သတ်မှတ်မှတ်သိမြင်နိုင်ဖို့ ရောက်လာခဲ့ပါပြီ။

အရင်သမိုင်းနောက်ခံမှာတော့ မြန်မာနိုင်ငံဟာချက်ရဲ့ အရှေ့တောင်အာရှအကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံဖြစ်ခဲ့ပါတယ်။ ဒါက ၁၉၈၀ ကာလတွေတုန်းကပါ၊ ပြီးတော့ ၁၉၈၁ ခုနှစ်မှာခင်ဗျားတို့ မြန်မာအစိုးရကိုချေးငွေပေးဖို့ သဘောတူညီခဲ့ပါ တယ်။ ကျွန်တော်တို့က အခုလက်ရှိလည်းလည်ပတ်နေတုန်းဖြစ်တဲ့ အကြီးစားစက်ရုံ (၇) ခုကိုတည်ဆောက်ဖို့ အမေရိကန်ဒေါ်လာ ၁၆၂ သန်းကိုထောက်ပံ့ပေးခဲ့ပါတယ်။

လက်ရှိမှာလည်းဒီစက်ရုံတွေကဒီဘက်ခေတ်ထဲမှာအလုပ်လုပ်ကိုင်နေဆဲဖြစ်ပြီးဒီစက်ရုံတွေကထွန်စက် စက်ရုံ၊ ပန့် (Pump)ထုတ်တဲ့စက်ရုံ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံစတဲ့ အတော်လေးကို ကြီးမားတဲ့ စီမံကိန်းတွေဖြစ်ကြပါတယ်။ ဒီနယ်ပယ်တွေနဲ့ပတ်သတ်တဲ့ အချက်အလက်မှတ်တမ်းတွေရှိပါတယ်၊ ခေတ်နဲ့အညီလည်း ပြန်လည်တည်ဆောက်နိုင်ဖို့အတွက် ကျွန်တော်တို့မှာနည်းပညာတွေရှိပါတယ်။

ဒါ့အပြင် စီးပွားရေးအခွင့်အလမ်းအသစ်တွေကိုလည်း ဖွင့်ပေးခဲ့တာရှိပါတယ်။ ခင်ဗျားတို့တိုင်းပြည်က အခုဆိုပွင့်လင်းလွတ်လပ်လာတဲ့ အခြေအနေတွေရှိလာနေပါတယ်၊ ဒါကြောင့် အခြေခံအဆောက်အဦး ကဏ္ဍဖွံ့ဖြိုးဖို့လည်း အခွင့်အလမ်းတွေကိုတွေ့မြင်လာနေရပါတယ်။ နိုင်ငံခြားကလူတွေက စိတ်ဝင်စားလို့ လာရောက်လည်ပတ်လာနေကြပါတယ်၊ ခင်ဗျားတို့မှာ သဘာဝအလှအပတွေရှိတယ်၊ လှပတဲ့ပင်လယ်ပြင်ရှိတယ်၊ ယဉ်ကျေးပျူငှာမှုနဲ့ သမိုင်းချီတဲ့ အထိမ်းအမှတ်တွေ လည်းပိုင်ဆိုင်ထားတယ်၊ ဒီအရာတွေကို မြှင့်တင်နိုင်ဖို့ အခြေခံအဆောက်အဦး တိုးတက်လာဖို့က တစ်ဘက်မှာလိုအပ်နေပါတယ်။ ပိုမိုကောင်းမွန်လာမယ့် ဆက်သွယ်ရေးချိတ်ဆက်မှုစနစ်ဖြစ်လာဖို့  လေဆိပ်တည်ဆောက်ဖို့နဲ့ လေယာဉ်ပျံတွေ ဝယ်ယူဖို့ဆိုတာမျိုးတွေလိုအပ်လာသလိုဟိုတယ်အသစ်တွေတည်ဆောက်တာ၊ အခြေခံအဆောက်အဦးအင်္ဂါရပ်တွေ တည်ဆောက်တာမျိုးကိုလည်းလိုအပ်နေပါတယ်။ ဒီကဏ္ဍတွေနဲ့ပတ်သတ်ပြီးတော့ ချက်ကိုယ်စားလှယ်အဖွဲ့ကတာဝန်ယူလုပ်ကိုင်နိုင်မယ့် ဆက်နွယ်ကုမ္ပဏီတွေကတင်ပြထားခဲ့ပါတယ်။ သူတို့က မြန်မာနိုင်ငံမှာစီးပွားဖက်အသစ်တွေကိုရှာဖွေနေကြပါတယ်။

စွမ်းအင်ကဏ္ဍကလည်းအရေးပါတဲ့ကိစ္စပါ၊ ဘာကြောင့်လဲဆိုတော့ ခင်ဗျားတို့နိုင်ငံမှာ စွမ်းအင် လိုအပ်ချက်တွေကို ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ လာမယ့် ၂၀၃၀ ခုနှစ်အရောက်မှာ လျှပ်စစ်စွမ်းအားမဂ္ဂါဝပ် ၂၀၀၀၀ ထပ်ပြီး ဖြည့််တင်းပေးနိုင်ဖို့ မျှော်မှန်းချက်တွေရှိနေတယ်လို့ သိရတဲ့အပေါ်မှာချက်နိုင်ငံအနေနဲ့လည်းဒီအစီအစဉ်မှာ ပူးပေါင်းပါဝင်ချင်ပါတယ်။

နောက်တစ်ခုကဘဏ္ဍာရေးကိစ္စပါ၊ ဒီအတွက်လည်းကိုယ်စားလှယ်အဖွဲ့ကချက်အစိုးရဘဏ်ဖြစ်တဲ့ ချက်ပို့ကုန်ဘဏ်နဲ့ ဆက်သွယ်ချိတ်ဆက်နိုင်အောင်လည်းတင်ပြခဲ့ပါတယ်။ ဒီဘဏ်ကနေ ပြည်ပရောက် ချက်ကုမ္ပဏီတွေကို ငွေကြေးထောက်ပံ့ပေးဖို့နဲ့ စာချုပ်ချုပ်ဆိုထားတဲ့ လုပ်ငန်းတွေ ခိုင်မာအောင် အာမခံပေးတာမျိုးတွေပါဝင်ပါတယ်။

ဒီရက်ပိုင်းတွေထဲမှာချက်နိုင်ငံခြားရေးဝန်ကြီးမစ္စတာလူဗိုမီး(ရ) ဇိုရာလက်(ခ) လည်ပတ်ခဲ့တယ်၊ အဓိကတာဝန်အခန်းကဏ္ဍကဘာဖြစ်မလဲ ၊ ဒီကနေဘယ်လိုအချက်အလက်တွေကိုယူဆောင်သွားမလဲ

ခင်ဗျားသိတဲ့အတိုင်းပဲ..တကယ်တော့ ကျွန်တော်ညွှန်ကြားပေးနေရတဲ့ ချက်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ စီးပွားရေးသံတမန်ဌာနက ဝန်ကြီးဌာနတစ်ခုလုံးမှာသိပ်ကိုအရေးပါနေတဲ့   ဒေါင့်တိုင်ကြီးတစ်ခုဖြစ်ပါတယ်။ ဒီကနေစီးပွားရေးအခွင့်အလမ်းတွေမြှင့်တင်တာ၊ လုပ်ငန်းအချင်းချင်းပူးပေါင်းလုပ်ကိုင်တာတွေနဲ့ ပတ်သတ်တဲ့မူဝါဒတွေကို ညွှန်ကြားဆောင်ရွက်ပေးရတာပါ။ ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေးကပို့ကုန်အခြေခံတဲ့ စီးပွားရေးဖြစ်သလိုဥရောပရဲ့ စက်မှုလုပ်ငန်းမှာလည်းအချက်အခြာကျတဲ့   နိုင်ငံတွေထဲကတစ်ခုလည်းဖြစ်နေပါတယ်၊ ကျွန်တော်တို့ရဲ့ နိုင်ငံရပ်ခြားမှာထားတဲ့ စီးပွားရေးမူဝါဒက ဈေးကွက်အသစ်တွေရှာဖွေဖို့၊ နယ်မြေအသစ်တွေတိုးချဲ့ဖို့နဲ့ ဒီအပေါ်မှာပူးပေါင်းလုပ်ကိုင်ဖို့ပါ။

ဒီအချိန်မှာတော့ ချက်ရဲ့ အကြီးဆုံးကုန်သွယ်ဖက်ကဥရောပဖြစ်ပါတယ်၊ အထူးပြုနိုင်ငံကတော့ ဂျာမနီပေါ့လေ၊ ကျွန်တော်တို့ ပို့ကုန်ရဲ့ ၈၄ ရာခိုင်နှုန်းနီးပါးလောက်ကဥရောပကိုသွားပါတယ်၊ ကျွန်တော်တို့ ပို့ကုန်ကဏ္ဍကိုအာရှ၊ အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိကအပြင် တောင်၊မြောက် အမေရိကနိုင်ငံတွေဆီကိုလည်းသွားချင်ပါတယ်။ ပြောရရင်တော့ အခုလာရောက်တာကလည်း ပူးပေါင်းဆောင်ရွက်မှုတံခါးချပ်အသစ်ကိုဖွင့်လှစ်ဖို့ဖြစ်ပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံကိုပေါ့၊ ကျွန်တော်တို့အနေနဲ့ ဆက်ဆံရေးကို ပြန်လည်တည်ထောင်လိုတယ်၊ စီးပွားရေးနယ်ပယ်နဲ့ ပူးပေါင်းလုပ်ဆောင်ခြင်းတွေမှာလည်းခိုင်မြဲအောင် ချည်နှောင်လိုတယ်။ အခုကတော့ ကျွန်တော်တို့ရဲ့ ကတိကဝတ်တွေကိုအတိအကျပြောပြလို့ မရသေးပါဘူး၊ ဆိုရရင်တော့ ပိုကောင်းမယ့် ရလာဒ်တွေ၊ ပိုမိုတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ မြန်မာပြည်ထဲကို ဝင်ရောက်ချင်ပါတယ်။

ဒီနေ့မှာတော့ ကျွန်တော်တို့ရဲ့ ချက်ကုန်သည်ကြီးများအသင်းနဲ့ မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ်တို့ဟာ နှစ်နိုင်ငံကြားတကယ့်ကိုအရေးပါတဲ့ စာချုပ်တစ်ခုကို ချုပ်ဆိုနိုင်ခဲ့ပါတယ်၊ ဒီကနေ နှစ်နိုင်ငံကြားစီးပွားရေးဖလှယ်တာတွေလုပ်ကိုင်ရနိုင်မှာဖြစ်ပြီးအနာဂတ်ဆက်ဆံရေးတွေ ခိုင်မာလာဖို့ မျှော်လင့်ပါတယ်။

မြန်မာနဲ့ ချက်နိုင်ငံတို့ဟာရင်းနှီးမြှုပ်နှံရေး၊ ကုန်သွယ်ရေးနဲ့ စီးပွားရေးချိတ်ဆက်မှုတွေအတွက် စာချုပ်ချုပ်ဆိုထားပြီးပြီ၊ ဒါကဘယ်လိုခရီးဆက်မှာလဲ၊ ပြီးတော့ နှစ်နိုင်ငံကြား ဘယ်လို အကောင်အထည်ဖော်သွားမှာလဲခင်ဗျ

ဒီကနေတော့ ကျွန်တော်တို့ရဲ့ စီးပွားရေးပူးပေါင်းမှုတွေကိုအတိအကျကိုလုပ်ကိုင်ချင်ပါတယ်၊ လောလောဆယ်တော့ ကျွန်တော်တို့ လေဆိပ်တည်ဆောက်ဖို့ ကမ်းလှမ်းထားတာရှိပါတယ်၊   လေယာဉ်ပြေးလမ်းအပါအဝင် အချိန်တိုအတွင်းမှာသယ်ယူပို့ဆောင်ရေးနဲ့ပတ်သတ်တဲ့ ရွှေ့လျားမှုတွေအတွက် ပိုကောင်းမွန်အောင် လုပ်ကိုင်နိုင်မယ့် နည်းစနစ်တွေ ကျွန်တော်တို့ဆီမှာရှိနေပါတယ်။ ဒီနည်းစနစ်တွေကိုအသုံးပြုနိုင်ဖို့ ခင်ဗျားတို့အစိုးရနဲ့ ကုမ္ပဏီတွေကိုကမ်းလှမ်းနိုင်ပါတယ်။ ပြီးတော့ လေယာဉ်ဝယ်ယူဖို့ဆိုတဲ့နေရာမှာလည်း အထူးသဖြင့် ခုံ ၁၉ ခုံပါတဲ့ L410 တွေဝယ်ယူနိုင်ဖို့ကိုလည်း ကုမ္ပဏီတစ်ချို့ကိုကမ်းလှမ်းထားပါတယ်၊ ဒီကောင်က နိုင်ငံအတွင်းသယ်ယူပို့ဆောင်နိုင်ဖို့နဲ့ ကုန်ပစ္စည်းသယ်ဆောင်နိုင်ဖို့အပြင် အရေးပေါ်အခြေအနေမျိုးတွေမှာ လူနာတင်လေယာဉ်မျိုးအဖြစ်လည်း အသုံးပြုနိုင်ဖို့ တည်ဆောက်ထားတာပါ။ ဒါတွေကိုတော့ ခင်ဗျားတို့ရဲ့ဈေးကွက်ထဲမှာတွေ့မြင်ချင်တဲ့အကြောင်းအရာတွေပါ။ ပြီးတော့ ဆက်သွယ်ရေးနည်းပညာကဏ္ဍသုံးပစ္စည်းတွေ၊ စွမ်းအင်ကဏ္ဍနဲ့ပတ်သတ်ပြီးတင်ပို့ချင်တာတွေရယ်လည်းလုပ်ကိုင်ချင်ပါတယ်။

ဒါဆိုရင် ခင်ဗျားတို့စိတ်ဝင်စားတဲ့ အထူးပြုကဏ္ဍများရှိလားဗျ

ကျွန်တော်တို့ကကဏ္ဍ(၇)ခုမှာပူးပေါင်းလုပ်ဆောင်ဖို့ စိတ်ဝင်စားပါတယ်။ ဒါတွေကတော့ အခြေခံအဆောက်အဦးတည်ဆောက်ရေးအပိုင်း၊ သယ်ယူပို့ဆောင်ရေး၊ပြည်သူ့လေကြောင်းလုပ်ငန်း၊ စွမ်းအင်၊ ဆက်သွယ်ရေး၊ကျန်းမာရေးကဏ္ဍနဲ့ စိုက်ပျိုးရေးကဏ္ဍတွေကိုအနာဂတ်မှာပူးပေါင်းသွားချင်ပါတယ်။တစ်ချို့ကိုလည်းစကားပြောဆွေးနွေးထားပါတယ်။

အစားအသောက်နဲ့ လယ်ယာကဏ္ဍအတွက်ရောဘယ်လိုရှိလဲဗျ

ဟုတ်ပါပြီ။ အစားအစာနဲ့ လယ်ယာကုန်ထုတ်လုပ်ငန်းကချက်ပြည်သူ့နိုင်ငံရဲ့ အားကောင်းတဲ့ အခန်းကဏ္ဍဖြစ်ပါတယ်။ ဒီနေရာအတွက် ကျွန်တော်တို့ရဲ့ နည်းပညာတွေကိုခင်ဗျားတို့ရဲ့ ထုတ်လုပ်သူတွေဆီကိုပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် ဖြည့်စွပ်ချင်တာကခင်ဗျားတို့နိုင်ငံမှာခရီးသွားလုပ်ငန်းနဲ့ ပတ်သတ်ပြီးအလားအလာအကြီးကြီးရှိတယ်၊ မြန်မာကကမ္ဘာလှည့်ခရီးသည်တွေအတွက် တကယ့်ကိုဆွဲဆောင်နိုင်တယ်၊ ကျွန်တော်တို့နဲ့ ချိတ်ဆက်မှုပိုပိုကောင်းလာမယ်ဆိုရင် ချက်ကခရီးသည်တွေ ဒီထက်ကိုပိုလာရောက်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ချက်ပြည်သူ့နိုင်ငံကဥရောပအရှေ့ဖျားနဲ့ ဗဟိုဥရောပနိုင်ငံတွေထဲက နိုင်ငံတစ်ခုဖြစ်တယ်၊ ကုန်သွယ်ရေးအတွက်လည်းမဟာဗျူဟာကျမယ်လို့လည်းထင်တယ်၊ ဆိုတော့ ဒီကနေအာဆီယံနဲ့ ဘယ်လိုချိတ်ဆက်လို့ရမလဲခင်ဗျ။

ကျွန်တော်တို့က ကုန်းမြေပတ်လည်ဝန်းရံနေတဲ့ တိုင်းပြည်တစ်ခုပါ၊ ပင်လယ်ပြင်ဆိုတာမရှိတာကြောင့် ဒီကနေအခွင့်အရေးမရှိဘူးပေါ့၊ ဒါပေမယ့် ကျွန်တော်တို့ဆီမှာတိကျတဲ့ မီးရထားလမ်းစနစ်ရှိတယ်ဗျ၊ သူကကမ္ဘာပေါ်မှာသိပ်သည်းမှုအမြင့်ဆုံးရထားလမ်းစနစ်ထဲမှာပါတယ်။ ရထားလမ်းစနစ်ထိန်းချုပ်မှုလည်းတိကျတယ်၊ လုံခြုံရေးစနစ်လည်းတကယ့်ကို မြင့်တယ်၊ ဒီကနေပဲ ကျွန်တော် ကုန်စည်တင်ပို့တာ၊တင်သွင်းတာတွေလုပ်ပါတယ်၊ ကုန်သွယ်ရေးအတွက် အဓိကဆိပ်ကမ်းကတော့ ဂျာမနီနိုင်ငံ၊ ဟမ်းဘက်မြို့မှာရှိတာပါ၊ သူကလည်းအာဆီယံနိုင်ငံကုန်သွယ်ရေးအတွက် အဓိကလမ်းကြောင်းဖြစ်ပါတယ်၊ အဲဒိကနေ ကျွန်တော်တို့ မီးရထားလမ်းစနစ်တွေချိတ်ဆက်မယ်၊ ကုန်တင်ကားတွေနဲ့ သယ်ဆောင်နိုင်မယ်ဆိုရင် အပြန်အလှန်ကုန်သွယ်ရေးတွေ လုပ်ဆောင်နိုင်မှာပါ။

အကယ်၍ မြန်မာပြည်မှာသာရင်းနှီးမြှုပ်နှံမယ်ဆိုရင် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုနဲ့ ဖက်စပ်လုပ်ကိုင်တာ..ဘယ်ဟာကိုဦးစားပေးမှာလဲ

ကျွန်တော့်အနေနဲ့ကတော့ ဖက်စပ်လုပ်တာကိုဦးစားပေးမှာပါ။ ချက်ကုမ္ပဏီအများစုကတော့ ရန်ကုန်မှာစီးပွားဖက်တွေ ရှာဖွေချင်နေကြတာပါ၊ ဘာကြောင့်လဲဆိုတော့ ဒီမှာစီးပွားရေးလုပ်ကိုင်ဖို့ သိပ်ကိုခက်ခဲဦးမှာဆိုတော့ သူတို့ကိုကူညီဖို့လူလိုတယ်ဗျ။ အကြောင်းအရာတိုင်းအတွက် ထောက်ပံ့ပေးဖို့လည်းလိုအပ်တယ်။ ကျွန်တော်တို့ အတွက်တော့ ပြည်တွင်းကစီးပွားဖက်နဲ့ လက်တွဲရတာကပိုပြီးလက်တွေ့ဆန်ပါလိမ့်မယ်။

အနာဂတ်အတွက်ရောဘာတွေမျှော်လင့်လဲ

ကျွန်တော်တို့ကတော့ ချက်ကရင်းနှီးမြှုပ်နှံမှုတွေ မြန်မာပြည်ကို ပိုပြီးဝင်လာနိုင်ဖို့ မျှော်လင့်တာပဲ။ အမှန်တော့လည်းခင်ဗျားတို့ရဲ့ အိမ်နီးချင်းတရုတ်၊အိန္ဒိယကိုယှဉ်ပြိုင်နိုင်လောက်တဲ့ ရင်းနှီးမြှုပ်နှံမှုတော့ ဖြစ်လာမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ မြင့်မားတဲ့ နည်းပညာတွေ၊ အရည်အသွေးမြင့်ကုန်ပစ္စည်းတွေကိုပေးအပ်ချင်တယ်၊ ဒီကနေတော့ အလုပ်အကိုင်အခွင့်အလမ်းတစ်ချို့ကိုဖန်တီးပေးနိုင်မှာပေါ့ဗျာ။

ကျွန်တော့်မေးခွန်းတွေအတွက် အချိန်ပေးတဲ့အတွက် ခင်ဗျားကိုကျေးဇူးတင်ပါတယ်ဗျာ။

ကျွန်တော်ကလည်းကျေးဇူုးအထူးတင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly