တရုတ်နည်းပညာကုမ္ပဏီ ZTE ကို ကန့်သတ်ပိတ်ပင်မှုများချမှတ်ရန် အမေရိကန်ကုန်သွယ်ရေးဌာန ပြင်ဆင်

တရုတ်နည်းပညာကုမ္ပဏီ ZTE ကို ကန့်သတ်ပိတ်ပင်မှုများချမှတ်ရန် အမေရိကန်ကုန်သွယ်ရေးဌာန ပြင်ဆင်

မတ်၊ ၆ ။           ။ အမေရိကန်ကုန်သွယ်ရေးဌာနသည် ဆက်သွယ်ရေးနည်းပညာကိရိယာများ ထုတ်လုပ်လျှက်ရှိသည့် တရုတ်ကုမ္ပဏီ ZTE ကို ပို့ကုန်ဆိုင်ရာကန့်သတ်ပိတ်ပင်မှုများ ချမှတ်ရန်ပြင်ဆင်လျှက်ရှိသည်။

ZTE ကုမ္ပဏီသည် အီရန်နိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုက ထိန်းချုပ်ကန့်သတ်ထားသည့် ပို့ကုန်လုပ်ငန်းဆိုင်ရာ ထိန်းချုပ်မှုများကို ချိုးဖောက်ခဲ့သည်ဟု အမေရိကန်ကုန်သွယ်ရေးဌာနက တွေ့ရှိခဲ့သဖြင့် ယခုကဲ့သို့ အရေးယူရန် ပြင်ဆင်လာခြင်း ဖြစ်သည်။

အမေရိကန်ကုန်သွယ်ရေးဌာနသည် ZTE ကုမ္ပဏီထံသို့တင်ပို့မည့် အမေရိကန်လုပ်ပစ္စည်းများအတွက် ပို့ကုန်လိုင်စင် ချထားပေးမှုကို ကန့်သတ်သွားမည်ဖြစ်သည်။

ထိုအရေးယူကန့်သတ်မှုသည် လာမည့်အင်္ဂါနေ့တွင် စတင်အသက်ဝင်မည်ဖြစ်ပြီး အမေရိကရှိ ကုမ္ပဏီများသာမက တရုတ်နိုင်ငံရှိ ZTE ကော်ပိုရေးရှင်းထံ အမေရိကန်လုပ်ပစ္စည်းများတင်ပို့လိုသည့် ကမ္ဘာတဝမ်းရှိကုမ္ပဏီများအားလုံးအပေါ် တွင်ပါ သက်ရောက်မည်ဖြစ်ရာ ZTE ကုမ္ပဏီအနေဖြင့် အမေရိကန်နိုင်ငံလုပ်ပစ္စည်းများ ဝယ်ယူရန်အခက်တွေ့သွားမည် ဖြစ်သည်။

ZTE ကုမ္ပဏီသည် အမေရိကန်အစိုးရက အီရန်နိုင်ငံအပေါ်ချမှတ်ထားသော ပို့ကုန်ဆိုင်ရာ ကန့်သတ်ချက်များကို ချိုးဖောက်ပြီး အီရန်၏ အကြီးဆုံးဆက်သွယ်ရေးကုမ္ပဏီကြီး TCI ထံသို့ နာမည်ကျော်အမေရိကန်နည်းပညာကုမ္ပဏီ ကြီးအချို့၏ ဒေါ်လာသန်းနှင့်ချီတန်ဖိုးရှိသော ကုန်ပစ္စည်းများ တင်ပို့ပေးရန် သဘောတူစာချုပ်များချုပ်ဆိုခဲ့ကြောင်း ၂၀၁၂ ခုနှစ်အတွင်းတွင် ရိုက်တာသတင်းဌာန ကဖော်ပြခဲ့သည်။

ထိုကဲ့သို့ ရိုက်တာသတင်းတွင် ဖော်ပြခဲ့ပြီးနောက်တွင် အမေရိကန်ကုန်သွယ်ရေးဌာနက ZTE ကုမ္ပဏီအပေါ်  စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာမှ ယခုကဲ့သို့ ပို့ကုန်ဆိုင်ရာကန့်သတ်ပိတ်ပင်မှု ချမှတ်ရန် ပြင်ဆင်လာခဲ့ခြင်း ဖြစ်သည်။

အမေရိကန်ကုန်သွယ်ရေးဌာနက ပို့ကုန်ဆိုင်ရာကန့်သတ်ပိတ်ပင်မှုများ ချမှတ်မှုနှင့်ပတ်သတ်ပြီး ZTE ကုမ္ပဏီမှ တာဝန်ရှိသူများကမူ လက်ရှိအချိန်ထိတစ်စုံတစ်ရာ မှတ်ချက်ပေးပြောကြားခြင်း မရှိသေးချေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly