နေတိုးစစ်ရေးလေ့ကျင့်မှုမတိုင်မီ ထိပ်တန်းပိုလန်ဗိုလ်ချုပ်ကြီးများ ရာထူးမှနုတ်ထွက်

နေတိုးစစ်ရေးလေ့ကျင့်မှုမတိုင်မီ ထိပ်တန်းပိုလန်ဗိုလ်ချုပ်ကြီးများ ရာထူးမှနုတ်ထွက်

ဝါဆော၊ မတ် ၅ ။          ။ နေတိုးစစ်ရေးလေ့ကျင့်မှုမတိုင်မီ လအနည်းငယ်အလိုတွင် ထိပ်တန်းပိုလန်ဗိုလ်ချုပ်ကြီးအချို့ ရာထူးမှရုတ်တရက် နုတ်ထွက်လိုက်ရာ အငြင်းပွားဖွယ်   ပြုပြင်ပြောင်းလဲမှုများကြောင့် ဝေဖန်ခံနေရသော အစိုးရသစ်မှာ တုန်လှုပ်သွားခဲ့သည်။

"ဗိုလ်ချုပ်ကြီးငါးယောက်ဟာ လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်းကပဲ သူတို့ရဲ့နုတ်ထွက်လွှာကို တင်ခဲ့ပါတယ်"ဟု ပိုလန် တပ်မှူးချုပ်၏ည ပြောခွင့်ရအမျိုးသား အက်ဇက်ဇေပန်ဂလပ်ဇက်က မတ်၄က ရုပ်သံအင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။ သို့သော်လည်း နုတ်ထွက်သည့် ဗိုလ်ချုပ်ကြီးများ၏ အမည်များကိုမူ ဂလပ်ဇက်က ထုတ်ဖော်မပြောကြားခဲ့ပေ။ သို့သော်လည်း နုတ်ထွက်သူများတွင် ပူးတွဲစစ်ဦးစီးချုပ် အိုင်ရီနီးယပ်ဘာနီယက်နှင့် အကြီးတန်းတပ်မှူးကြီးများပါဝင်သည်ဟု ပြည်တွင်းမီဒီယာများက ဖော်ပြသည်။

ဇူလိုင်လတွင် ပြုလုပ်ရန်စီစဉ်ထားသော Anaconda ဟုအမည်ပေးထားသော စစ်ရေးလေ့ကျင့်မှုမတိုင်မီ နုတ်ထွက်မှုများကို ပိုလန်ဒု-ကာကွယ်ရေးဝန်ကြီး ဘာတော့ဇ်ကောင်နက်ကီက   ပြင်းထန်စွာဝေဖန်ခဲ့သည်။ ယင်းကာလတွင် နေတိုးမဟာမိတ်သည် ဝါဆောတွင် ထိပ်သီးဆွေးနွေးပွဲကျင်းပမည်ဖြစ်သည်။ နေတိုးသည် ရုရှားခြိမ်းခြောက်မှုကို တားဆီးရန်ဆိုကာ ၎င်း၏စစ်အင်အားနှင့် တပ်ဖွဲ့ဝင်များ ပိုလန်တွင် တိုးမြင့်ချထားသည်။ မော်စကိုကလည်း နေတိုး၏အင်အားဖြန့်ကျက်မှုက ၎င်း၏တံခါးဝရောက်လာသည့်အတွက် ခါးခါးသည်းသည်းဆန့်ကျင်လျက်ရှိသည်။

နုတ်ထွက်မှုများမှာ ၁၉၉၁ခုနှစ်က ဆိုဗီယက်ပြည်ထောင်စုမပြိုကွဲမီ စစ်ထဲသို့ဝင်ရောက်ခဲ့သည့် စစ်ဘက်ဝန်ထမ်းများအား ရာထူးတိုးမြင့်မှုကို ပိတ်ဆို့သည့် ကာကွယ်ရေးဝန်ကြီးသစ် အန်တိုနီမက်ဆီယာရီဝစ်၏ မကြာသေးမီက အစီအစဉ်များကြောင့် ဖြစ်နိုင်ကြောင်း ပြည်တွင်းမီဒီယာများက ရေးသားထားသည်။

ရုရှားနှင့် တင်းမာမှုများရှိနေစဉ် အစိုးရနှင့် စစ်တပ်တွင်း ကွန်မြူနစ်ခေတ်က ဝန်ထမ်းများကို ကာကွယ်ရေးအကြီးအကဲသစ်က မထားလိုတော့ခြင်းဖြစ်မည်ဟု ယုံကြည်ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required