ဒီနှစ်နွေရာသီ ပူပြင်းမယ် မီးဘေး သတိရှိကြဖို့ ဒေါက်တာထွန်းလွင် သတိပေး

05 March 2016
ဒီနှစ်နွေရာသီ ပူပြင်းမယ် မီးဘေး သတိရှိကြဖို့ ဒေါက်တာထွန်းလွင် သတိပေး

တစ်ပတ်အတွင်း မိုးလေဝသသ ခန့်မှန်းချက်များကို မိုလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်နှင့် တွေ့ဆုံမေးမြန်းလျက် အပတ်စဉ် သောကြာနေ့တိုင်း မဇ္ဈိမက တင်ပြလျက် ရှိပါတယ်။  ဒီတစ်ပတ် တင်ပြချက်ကတော့ မတ်လ ၄ ရက်မှ ၁၁ ရက် အထိ ခန့်မှန်းချက်ပဲ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ အယ်နီညိုအခြေအနေ တင်ပြချက်၊ ထူးခြားတဲ့ မိုးလေဝသများ အခြေအနေတွေကို တင်ပြထားပြီး ဒီနှစ်နွေရာသီဟာ ပူပြင်းနိုင်တာကြောင့် မီးဘေး သတိရှိကြဖို့ ဦးထွန်းလွင်က ပြောထားပါတယ်။

ယခုနှစ် နွေရာသီ အခြေအနေ

နွေရာသီကာလမှာ ထူးခြားတဲ့ မိုးလေဝသ ပြောင်းလဲမှု တစ်ရပ်အနေနဲ့ နေ့တိုင်း ကြုံတွေ့ရမယ့် အချက်တစ်ခုကတော့ မြန်မာနိုင်ငံတစ်ဝှမ်းမှာ နေ့အပူချိန်တွေဟာ တစ်နေ့ထက် တစ်နေ့ ပိုမိုမြင့်တက်လာခြင်းပဲ ဖြစ်ပါတယ်။ ဒီလိုမြင့်တက်တဲ့ နေရာ မှာလည်း ကနဦးအစ အပူချိန်မြင့်တက်မှုကို မြန်မာနိုင်ငံ တောင်ပိုင်း ဒေသတွေက စတင်မှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ မြစ်ဝကျွန်းပေါ်ဒေသများဟာ အပူချိန်များ တစ်ဖြေးဖြေး မြင့်တက်လာမှာပဲ ဖြစ်ပါတယ်။ ဒီအချိန်အထိ မြန်မာနိုင်ငံ အလယ်ပိုင်းအနေနဲ့တော့ အပူချိန်ထူးထူးခြားခြား မြင့်တက်မှု မရှိသေးပဲ နောက်ကနေ လိုက်နေတဲ့ သဘောမျိုးတွေ့ရမှာ ဖြစ်ပါတယ်။

မြစ်ဝကျွန်းပေါ်ရဲ့ထူးခြားချက်နှင့် နိုင်ငံ အလယ်ပိုင်း အခြေအနေ

ဒါပေမယ့် ထူးခြားတာက မြန်မာနိုင်ငံတောင်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသတွေဟာ အပူချိန် တဖြေးဖြေးမြင့်တက်လာရာမှ ရေဘုယျအားဖြင့် အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ် ဒါမှ မဟုတ်ရင် ၁၀၄ ဒီဂရီ ဖာရင်ဟိုက်ကို အရင်ဆုံးရောက်ရှိမှာ ဖြစ်ပေမယ့်လို့ အဲဒီအပူချိန်ကို ရောက်ပြီးရင်တော့ အဲဒီထက်ကို ဆက်မတက်ဘဲ အဲဒီနေရာမှာပဲ ရပ်တန့် သွားလေ့ ရှိပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသလို့ သတ်မှတ်ထားတဲ့ စစ်ကိုင်းတိုင်း အောက်ပိုင်း မန္တလေးတိုင်း မကွေးတိုင်း စတဲ့ဒေသတွေဟာ အပူချိန်ဟာ နောက်ကနေ လိုက်လာပြီး တဖြေးဖြေး သူတို့လည်း တစ်ချိန်မှာ ၄၀ ဒီဂရီစင်တီဂရိတ်ကို ရောက်ရှိ လာပြီးတဲ့နောက် ဒီဒေသများကတော့ ၄၀ ဒီဂရီစင်တီဂရိတ်ရဲ့ အထက်ကို ကျော်လွန်အောင် ဆက်လက်မြင့်တက်သွားမှာ ဖြစ်ပါတယ်။ ဒါဟာ နွေရာသီတစ်ရာသီလုံး မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသရဲ့ အစဉ်လာဖြစ်ပါတယ်။ ဒါကြောင့်နောက်ပိုင်းမှာ အပူဆုံးဒေသဟာ မြန်မာနိုင်ငံ အလယ်ပိုင်း ဖြစ်လာမှာ ဖြစ်ပါတယ်။

အပူနှင့် ပတ်သက်သည့် သတိပေးချက်

ဒီနှစ်ဟာ အပူနဲ့ပတ်သက်ပြီး အလွန်သတိထားရမယ့် နှစ်တစ်ခု ဖြစ်နေပါတယ်။ အကြောင်းကတော့ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုကိုဖြစ်စေတတ်တဲ့ အယ်နီညို ရာသီဥတု ဖြစ်ပေါ်နေတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ မတ်လဆန်းကနေ စတင် တော့မယ့် ဒီနှစ်နွေရာသီမှာ အပူချိန်မြင့်တက်မှုကို အလွန်သတိထားဖို့ လိုအပ် နေပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ တုန်းက အလွန်ပူပြင်းတဲ့ နွေရာသီကာလ မန္တလေးမှာ ဖြစ်ပေါ်ခဲ့ရာမှာ အပူကြောင့် ဝေဒနာ ခံစားရတဲ့အတွက် လူအသေပျောက်တွေ များခဲ့ပါတယ်။ အဲဒီနှစ်က မှတ်မှတ်ရရ အသေပျောက် လူ တစ်ရာကျော်ထိ ရှိခဲ့ပါတယ်။ ရန်ကုန်မှာလည်း အထိုက်အလျောက် သေဆုံးမှုတွေ ရှိခဲ့ပါတယ်။ ဒီလိုပူပြင်း ခြောက်သွေ့မှုကို ဒီနှစ်နွေရာသီမှာ ကြုံရနိုင်ဖွယ် ရှိတဲ့အတွက်ကြောင့် အပူလွန်ကဲမှု အန္တရာယ်ကိုတော့ အထူးသတိပြုဖို့လိုမယ်လို့ တင်ပြလိုပါတယ်။

သမိုင်းမှာ အင်အားအကောင်းဆုံး ဖြစ်သွားတဲ့ အယ်နီညို

ဆက်လက်ပြီးတင်ပြလိုတဲ့ အကြောင်းအရာကတော့ အခု ၂၀၁၆ခုမှာ ဖြစ်နေတဲ့ အယ်နီညို ရာသီဥတု ဖြစ်ပါတယ်။ အယ်နီညိုရာသီဥတုဟာ ပြီးခဲ့တဲ့ ၂၀၁၅ ဇွန်လ ကတည်းက စတင်ဖြစ်ပေါ်ခဲ့ပါတယ်။ ၂၀၁၅ရဲ့ ဒီဇင်ဘာ ခရစ်စမတ်ကာလမှာ အင်အား အမြင့်ဆုံးကို ရောက်ရှိခဲ့ပါတယ်။ အဲ့ဒီအခါမှာတော့ ၂၀၁၅မှာ ဖြစ်ပေါ်တဲ့ အယ်နီညိုရဲ့ အင်အားဟာ သမိုင်းမှာ အားကောင်းဆုံး အင်အားအဖြစ် စံချိန်တင်ထားခဲ့တဲ့ အယ်နီညိုရဲ့ အင်အားထက် ဒီထက်ရှိ အယ်နီညိုအင်အားက ပိုမိုပြီးတော့ သာလွန်သွားခဲ့ပါတယ်။ ဒါကြောင့် ဒီနှစ်အယ်နီညိုဟာ အယ်နီညိုရဲ့ သမိုင်းမှာ အားအကောင်းဆုံး အယ်နီညို ဖြစ်ပါတယ်။ အယ်နီညို ဖြစ်စဉ်တစ်ခုဟာ အနည်းဆုံး ၁၂လခန့် ကြာတတ်တဲ့အတွက်ကြောင့် ဒီအယ်နီညိုဟာ ပြီးခဲ့တဲ့ ၂၀၁၅ ဇွန်လက စတင်ခဲ့ရာမှာ ယခု ၂၀၁၆ ဇွန်လထိ ရေဘုယျအားဖြင့် သူရဲ့ ထိခိုက်မှုများ ဆက်လက်ကြုံတွေ့ရဖွယ် ရှိပါတယ်။ အယ်နီညိုနဲ့ ပတ်သက်ပြီး နောက်ဆုံးတိုင်းတာမှုကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က  တိုင်းတာ ကြည့်တဲ့အခါမှာ အယ်နီညိုဟာ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်တယ်။ ဆက်လက်လဲ အားကောင်း နေဆဲ ဖြစ်ပေမယ့်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလနဲ့ နှိုင်းစားမယ် ဆိုရင်တော့ အယ်နီညိုရဲ့ အင်အားဟာ တဖြေးဖြေးလျော့ကျ လာခဲ့တာကို တွေ့ရပါတယ်။

အယ်နီညို အားပြန်ပျော့ပြီ

ဒီနေရာမှာ အယ်နီညိုရဲ့ အင်အားကို ဘာကိုကြည့် ပြောရသလဲဆိုရင်တော့ မြန်မာနိုင်ငံရဲ့ အရှေ့ဘက်မှာရှိတဲ့ ပစိဖိတ် သမုဒ္ဒရာ အဲဒီသမုဒ္ဒရာရဲ့ အီကွေတာ ရပ်ဝန်းမှာရှိတဲ့ ရေမျက်နှာပြင် အပူချိန်တွေကို ပစိဖိတ်သမုဒ္ဒရာရဲ့ အရှေ့ဖက်ပိုင်း ဒေသမှာရှိတဲ့ ရေမျက်နှာပြင် အပူချိန်တွေကို ကြည့်ရပါတယ်။  ရေမျက်နှာပြင် အပူချိန်တွေဟာ ပုံမှန် အပူချိန်ရဲ့အထက် ဘယ်လောက်မြင့်တက်နေတဲ့ အချက်ပေါ်မှာမူတည်ပြီးတော့ အယ်နီညိုရဲ့  အင်အားကို ခန့်မှန်းရပါတယ်။ ရေဘုယျအားဖြင့် ပင်လယ်ရေ မျက်နှာပြင် အပူချိန်ဟာ ၂ ဒီဂရီစင်တီဂရိတ်ရဲ့ အထက်ကျော်လွန်အောင် အပူချိန်တွေ မြင့်တက်နေရင် ဒါဟာ အားကောင်းတဲ့ အယ်နီညိုလို့ ခေါ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းကတော့ အပူချိန်မြင့်တက်မှုဟာ အမြင့်ဆုံး ၂.၈ ထိ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ပထမပတ်အထိ အပူချိန်မြင့်တက်မှုဟာ ၂.၅ နဲ့ ၂.၃ ရှိခဲ့ရာမှာ အခု ၂၂ရက်နေ့မှာတော့ အယ်နီညို စောင့်ကြည့်နေတဲ့ ဧရိယာ နီညို ၃ နီညို ၄ ဆိုတဲ့ နေရာ တစ်ခုလုံးရဲ့  အပေါ်မှာ အပူချိန်မြင့်တက်မှုဟာ ပုံမှန်ရဲ့ အထက် ၂.၃ ဒီဂရီစင်တီဂရိတ်အထိ ရှိနေဆဲ ဖြစ်ပေမယ့် နီညို ၃ လို့ခေါ်တဲ့ ဧရိယာ အတွင်းမှာ တော့ ပင်လယ်ရေ မျက်နှာပြင် အပူချိန်မြင့်တက်မှုဟာ ဒီနှစ်အယ်နီညို ဖြစ်စဉ်တစ်လျှောက် ပထမဆုံး အကြိမ်အဖြစ် ၂ ဒီဂရီစင်တီဂရိတ်အောက် ကျဆင်းပြီး ၁. ၉ ဒီဂရီစင်တီဂရိတ်သာ ရှိတာ တွေ့ရှိရပါတယ်။ ဒါကိုကြည့်ချင်အားဖြင့် အယ်နီညိုဟာ တဖြေးဖြေး အားပြန်လျော့လာနေပြီဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။

သင်္ချာပုံစံတွေကို သုံးပြီးတော့ ဒီအယ်နီညိုဟာ ဘယ်လောက်ထိ ရှိနေအုံးမယ်ဆိုတာကို ဆန်းစစ်ကြည့်တဲ့ အခါမှာတော့ ဒီနှစ် ဇွန်လထိ ရှိနိုင်တယ်လို့ သင်္ချာပုံစံ တွက်ချက်မှုအရ သိရပါတယ်။ အရေးကြီးတဲ့ အချက်ကတော့ လာမည့်ဇွန်လမှာ အယ်နီညို အားပျော့ သွားပေမယ်လို့ အယ်နီညိုရဲ့ ထိခိုက်မှုကတော့ ဒီနှစ်ကုန်တဲ့အထိ ဆက်လက်ဖြစ်ပေါ်နေမှာ ဖြစ်ပါတယ်။ နောက်ပိုင်းလတွေမှာတော့ အယ်နီညိုရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ လာနီညာ ဖြစ်လာနိုင်တယ်လို့လဲ သင်္ချာပုံစံ ခန့်မှန်းမှုများက ဖော်ပြထားပါတယ်။

အယ်နီညိုကြောင့် ထိခိုက်မှုများ

အယ်နီညို ထိခိုက်မှုတွေကို လေ့လာတဲ့အခါ ပြီးခဲ့တဲ့ ၂၀၁၅ တစ်ခုတည်းမှာပဲ ကမ္ဘာ အရပ်ရပ်မှာ ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ စစ်တမ်းများမှာ တွေ့ရပါတယ်။ အထူးသဖြင့် အိန္ဒိယနိုင်ငံ တရုတ်နိုင်ငံ၊ အမေရိကန်နိုင်ငံ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား စတဲ့နိုင်ငံတွေမှာ အယ်နီညိုကြောင့် အလွန်ပြင်းထန်တဲ့ ရာသီဥတုများ ဖြစ်ပေါ်ခဲ့တဲ့အတွက် သေဆုံး သူပေါင်း နှစ်သောင်း နှစ်ထောင်ကျော်ထိ ရှိခဲ့ပါတယ်။ အထွေထွေအရပ်ရပ် ပျက်စီး မူကတော့ အမေရိကန်ဒေါ်လာ ၆၆ ဘီလီယံကျော်အောင် ပျက်စီးခဲ့တယ်လို့ မှတ်တမ်းများ အရ တွေ့ရပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း အယ်နီညိုကြောင့် ပြီးခဲ့တဲ့နှစ်မှာ ဇူလိုင် သြဂုတ်လတွေမှာ သမိုင်းမှာ အဆိုးဆုံး ဖြစ်ရပ်တစ်ခုဖြစ်တဲ့ ရေကြီးခြင်းကို ကြုံတွေ့ ခဲ့ရပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံမှာ ပြန်ကြည့်တဲ့ အခါမှာ အဲဒီလို ရေကြီးတဲ့ ဖြစ်စဉ် ရှိသလို မိုးခေါင် နေတဲ့နေရာများလည်း ရှိနေတာ တွေ့ရတယ်။ ရေနဲ့ပတ်သက်တဲ့ရောဂါများ ဖြစ်ပွားခဲ့တာ တွေ့ရတဲ့အပြင် စိုက်ပျိုးသီးနှံအထွက်တွေမှာလည်း လျော့ကျခဲ့တာကို တွေ့ရတဲ့အတွက် ပြီးခဲ့တဲ့နှစ် ဆန်စပါးဈေးတွေကို လေ့လာမှုတစ်ခု ပြုလုပ်ခဲ့တဲ့ အခါမှာ ၂၀၁၅ ဇွန်လမှာ ရှိတဲ့ ဆန်စပါးဈေးဟာ အောက်တိုဘာလမှာ ၃၈.၄ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့တယ်လို့ တွေ့ရပါတယ်။ သီးနှံအထွက်တွေ နိမ့်ကျ လျော့ဆင်းခဲ့တဲ့ အတွက်ကြောင့် စာနပ်ရိက္ခာ လုံခြုံမှုကိုလည်း စိန်ခေါ်မှုများရှိခဲ့တယ်လို့ ဒီလေ့လာချက်မှာ ဖော်ပြထားပါတယ်။

အယ်နီညိုကြောင့် မြန်မာနိုင်ငံမှာ ဘာတွေ ဖြစ်နေသလဲ

အယ်နီညိုရာသီဥတုရဲ့ ပူပြင်းခြောက်သွေ့မှုကြောင့် မြန်မာနိုင်ငံမှာ လက်ရှိအားဖြင့် ကြုံတွေ့နေရတဲ့ ထိခိုက်မှု ကဏ္ဍ ငါးခုမှာ တွေ့နိုင်ပါတယ်။ ပထမဦးဆုံး ကဏ္ဍအနေနဲ့ ရေရှားပါးမှု ပြဿနာကို တွေ့ရပါတယ်။ ဒုတိယအနေနဲ့ အပူချိန်လွန်ကဲမှုကို တွေ့နေ ရပါတယ်။ တတိယကတော့ စိုက်ပျိုးသီးနှံကျဆင်းမှုနဲ့ စတုတ္ထကတော့ ရောဂါ ဖြစ်ပွားခြင်းနဲ့ နောက်ဆုံး ပဉ္စမကတော့ မီးလောင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီကဏ္ဍ ငါးခုလုံးမှာ ၂၀၁၅/၂၀၁၆ ဟာ ထူးထူးခြားခြား ထိခိုက်မှုတွေ ရှိနေတယ်လို့ ကျွန်တော်တို့ ဆိုရမှာ ဖြစ်ပါတယ်။

မီးလောင်မှုတွေ အထူးသတိပြုကြ

နောက်ဆုံးအနေနဲ့ တင်ပြလိုတာကတော့ လာမည့် နွေရာသီကာလမှာ အပူချိန် မြင့်တက် နိုင်တဲ့ သဘာဝကြောင့် မီးလောင်မှုကိုတော့ အထူးဂရုစိုက်ဖို့ လိုမယ်လို့ အကြံပြု လိုပါတယ်။ ဒီကိစ္စကတော့ တောနှင့်မြို့ပါ နှစ်ဌာနလုံးမှာ အရေးပါတဲ့ ကိစ္စဖြစ်တဲ့အတွက် မီးလောင်ကျွမ်းမှု ကာကွယ်ဖို့ကတော့ လူတိုင်းရဲ့ တာဝန်ဖြစ်တယ်လို့ပဲ အကြံပြု တင်ပြလိုပါတယ်။

လာမည့်တစ်ပါတ်အတွက် မိုးလေဝသ ခန့်မှန်းချက်

လာမည့်တစ်ပါတ်အတွက် မိုးလေဝသ ခန့်မှန်းချက်ကတော့ ဘင်္ဂလားပင်လယ်အော်မှာ အထူးသဖြင့် အနောက်တောင်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင်မှာ တိမ်အသင့်တင့်မှ တိမ်ထူထပ် နိုင်ပါတယ်။ ကျန်ဒေသမှာတော့ အများအားဖြင့် တိမ်အနည်းငယ် ဖြစ်နိုင် ပေမယ့်လို့ လာမယ့်တစ်ပါတ်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်ဖို့ အလားလာတော့ မရှိနိုင်ဘူးလို့ပဲ ခန့်မှန်းရပါတယ်။ မြန်မာ့ကမ်းရိုးတန်း ကမ်းလွန် ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်သာရှိပြီး လှိုင်းအမြင့်က တစ်ပေမှ သုံးပေခန့် ရှိနိုင်ပါတယ်။ ဒါပေမယ့် တနင်္သာရီဘက်မှာတော့ အရှေ့လေပြင်းကျရောက်မှုကြောင့် ရံဖန်ရံခါ  လှိုင်းအမြင့် ၅ပေမှ ၇ပေခန့်ထိ ရှိနိုင်ပါတယ်။

အပူချိန်များအနေနဲ့တော့ လာမည့်တစ်ပါတ်မှာ နေ့အပူချိန်များမြင့်တက်လာရာမှာ အထူးသဖြင့် မကွေးတိုင်း ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့မှာ နေ့အပူချိန်များဟာ ၄၂ ဒီဂရီစင်တီဂရိတ်ခန့်ထိ မြင့်တက်လာနိုင်ပါတယ်။ ကျန်အလယ်ပိုင်းဒေသတွေ မြစ်ဝကျွန်းပေါ်ဒေသတွေ မြေလတ်ပိုင်း ဒေသတွေမှာလည်း နေ့အပူချိန်တွေဟာ ၄၀ ဒီဂရီစင်တီဂရိတ်ထိ အနိမ့်ဆုံး မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းရရှိပါတယ်။

အဓိက တင်ပြလိုတဲ့အချက်ကတော့ လာမည့် တစ်ပါတ်အတွင်း မြန်မာနိုင်ငံ တစ်ဝှမ်းမှာ မိုးရွာသွန်းမှု ရှိနိုင်ပါတယ်။ အထူးသဖြင့် ရှမ်းပြည်နယ်မှာ မိုးအသင့်တင့် အနည်းဆုံး ၃ရက်မှ ၅ရက်ခန့် ရွာသွန်းနိုင်ပါတယ်။ ကျန်ဒေသတွေဖြစ်တဲ့ ကချင်ပြည်နယ် စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့မှာလည်း လာမည့်တစ်ပါတ်အတွင်းမှာ အနည်းဆုံး တစ်ရက်မှ ၃ရက်ခန့် နေရာကွက်ကျား မိုးထက်ချုန်း ရွာသွန်းဖွယ် ရှိတယ်လို့ ခန့်မှန်းရရှိထားပါကြောင်း တင်ပြအပ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly