တူရကီ သတင်းစာတိုက် နိုင်ငံပိုင်သိမ်းခံရပြီး ရဲကဝင်စီး

တူရကီ သတင်းစာတိုက် နိုင်ငံပိုင်သိမ်းခံရပြီး ရဲကဝင်စီး

အစ္စတန်ဘူလ်၊ မတ် ၅ ။         ။ တူရကီနိုင်ငံရှိ အတိုက်အခံသတင်းစာကြီးဖြစ်သော Zaman ဇမ်မန်းသတင်းစာတိုက်အား နိုင်ငံတော် ထိန်းချုပ်မှုအောက်တွင် ထားရှိရန် တရားရုံးက အမိန့်ချမှတ်ပြီးနောက် သတင်းစာတိုက်အား ရဲအလုံးအရင်းဖြင့် ဝင်းစီးခဲ့သည်။

မတ် ၄ ရက်နှောင်းပိုင်းတွင် အစ္စတန်ဘူလ်ရှိ ယင်းသတင်းစာတိုက်အဆောက်အအုံကို ရဲက ဝင်စီးခြင်းဖြစ်ပြီး သတင်းစာတိုက် အပြင်တွင် စုရုံးရောက်ရှိနေသည့် ဆန္ဒပြသူများအား မျက်ရည်ယိုဗုံးများ ပစ်ခတ်ဖြိုခွင်းခဲ့သည်။

ဇမ်မန်းသတင်းစာတိုက်သည့် အမေရိကန်တွင် အခြေစိုက်သည့် သြဇာကြီးသော ဘာသာရေးခေါင်းဆောင် ဖက်သူလက်ဂူလန်၏ ဟစ်မက်လှုပ်ရှားမှုနှင့် နီးကပ်ဆက်နွှယ်မှုရှိထားသည့် သတင်းစာဖြစ်သည်။

ဟစ်မက်လှုပ်ရှားမှုသည် သမ္မတ အာဒိုဂန်အစိုးရ ဖြုတ်ချရေး ရည်ရွယ်ချက်ရှိသည့် အကြမ်းဖက်အုပ်စုသာဖြစ်ကြောင်း တူရကီက ပြောသည်။ ဂူလန်သည် ယခင်က သမ္မတ အာဒိုဂန်၏ မဟာမိတ်ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် ခွာပြဲခဲ့ကြသူများဖြစ်သည်။ ဟစ်မက်လှုပ်ရှားမှုအား ထောက်ခံသူအများစုအားလည်း ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

တူရကီအစိုးရအနေဖြင့် သတင်းမီဒီယာသမားများအပေါ် ဆက်ဆံမှုနှင့် ပတ်သက်ပြီး နိုင်ငံတကာ၏ ဝေဖန်မှုများလည်း တိုးမြှင့်လာလျက်ရှိသည်။

မတ် ၄ ရက်၌ တရားရုံးက စောင်ရေများသော ဇမ်မန်းသတင်းစာအား အစိုးရလက်အောက်တွင် ထားရှိလည်ပတ်ရန် အမိန့်ချမှတ်ခဲ့သည်။ သို့သော်လည်း မည်သည့်ရှင်းလင်းချက်မှ မပါရှိသည့် အမိန့်ဖြစ်သည်။

နောက်ပိုင်းတွင် ဇမ်မန်းသတင်းစာအား ထောက်ခံသူများက သတင်းစာတိုက် အပြင်ဖက်တွင် လာရောက်စုရုံးကြပြီး သတင်းစာတိုက်အား နိုင်ငံပိုင်သိမ်းခြင်းအား ဆန္ဒပြခဲ့ကြသည်။ “သတင်းလွတ်လပ်ခွင့်အတွက် ကျွန်တော်တို့တွေ တိုက်ပွဲဝင်သွားမယ်။”ဟု ဆန္ဒပြသူတစ်ဦးက ပြောသည်။ ဆန္ဒပြသူများအား ရေအမြှောက်များ၊ မျက်ရည်ယိုဗုံးများ သုံးကာ ရဲက ဖြိုခွင်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required