ရခိုင်ဝန်ကြီးချုပ်အဖြစ် NLD ပါတီဝင်ကို ခန့်ပါက မူလဆုံးဖြတ်ချက်အတိုင်း အစိုးရ အဖွဲ့တွင် ပါဝင်မည်မဟုတ်ဟု ANP ပြော

ရခိုင်ဝန်ကြီးချုပ်အဖြစ် NLD ပါတီဝင်ကို ခန့်ပါက မူလဆုံးဖြတ်ချက်အတိုင်း အစိုးရ အဖွဲ့တွင် ပါဝင်မည်မဟုတ်ဟု ANP ပြော
၂၀၁၅ ရွေးကောက်ပွဲအတွက် မြောက်ဦးမြို့နယ် ရခိုင်အမျိုးသားပါတီ (ANP) ပါတီဝင်များ၊ စည်းရုံးရေးဆင်းစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ/DMG)

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ စိတ်ကြိုက် ခန့်အပ်နိုင်ပြီး ၎င်းတို့အနေဖြင့် ယခင် ဆုံးဖြတ်ထားသည့်အတိုင်း အစိုးရအဖွဲ့တွင် ပါဝင်မည် မဟုတ်ကြောင်း ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ထပ်မံ ပြောကြားလိုက်သည်။

မတ်လ ၄ ရက်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီ ထိပ်ပိုင်းခေါင်းဆောင်အချို့ တွေ့ဆုံအပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးညီပုအား ခန့်အပ်မည်ဟု ပြောကြားချက်အပေါ် ဒေါက်တာအေးမောင်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

"NLD ဘက်က လုပ်ပိုင်ခွင့် ရှိပါတယ်။ သမ္မတ သူတို့ ရွေးမှာကိုးဗျ။ အဲတော့ သူတို့စိတ်ကြိုက် လုပ်ပိုင်ခွင့်ရှိပါတယ်။ စိတ်ကြိုက် ဝန်ကြီးချုပ်တွေကို ခန့်ခွင့်ရှိတယ်။ အစိုးရအဖွဲ့ကို ဖွဲ့ခွင့်ရှိတယ်။ အဲဒီအခါမှာ ကျွန်တော်တို့က သဘောထားတွေကို ပြောပြထားတာ ရှိပါတယ်။ NLD ဘက်က ဝန်ကြီး ချုပ်တာဝန်ယူရင် တည်ငြိမ်အေးချမ်းပြီးမှ ဖွံ့ဖြိုးတိုးတက်တဲ့ ရခိုင်ပြည်နယ်ဖြစ်ဖို့ အဓိက ဆောင်ရွက်နိုင် တယ်လို့ NLD ဘက်က ယုံကြည်ရင် ခန့်အပ်မှာပေါ့။ ကျွန်တော်တို့က ကျွန်တော်တို့ဘက်ကတော့ ဇာတ်ကောင်ကိုတင်မှ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်မယ်လို့ ယုံကြည်တယ်" ဟု သူကဆိုသည်။

ပြည်နယ်ဝန်ကြီးချုပ် တာဝန် ထမ်းဆောင်ခွင့်မရပါက ရခိုင်အမျိုးသားပါတီအနေဖြင့် အစိုးရ အဖွဲ့တွင် မည်သည့်တာဝန်မျှ ပါဝင်ထမ်းဆောင်မည် မဟုတ်ဟု ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း တရားဝင် ပြောကြားထားပြီး ယခုလည်း ယင်းဆုံးဖြတ်ချက်ကို ပြင်မည်မဟုတ်ဟု ၎င်းက ဆိုသည်။

"ကြေညာချက်ဆိုတာ ပျော်လို့ လုပ်တာမှမဟုတ်တာ။ လူတစ်ဦးတည်းရဲ့ သဘောထားမဟုတ် ဘူး။ အစည်းဝေးတစ်ခု အထမြောက်နိုင်တဲ့ အင်အားစု တနည်းအားဖြင့် CEC အဖွဲ့နဲ့ ဆုံးဖြတ်ထားတာ ဖြစ်တယ်။ အဲဒီဆုံးဖြတ်ချက်ကို ပါတီဝင်အားလုံး လိုက်နာဖို့လိုတယ်" ဟု ဒေါက်တာ အေးမောင်က ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များနှင့် အစိုးရအ ဖွဲ့အား နိုင်ငံတော်သမ္မတမှ တိုက်ရိုက် ဖွဲ့စည်းခွင့်ရှိပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ကို ဖွဲ့စည်းပုံအရသာ ခန့်အပ်မည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က မဇ္ဈိမကို ပြောကြားထားသည်။

လက်ရှိတွင် ရခိုင်အမျိုးသားပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးအေးသာအောင် အား အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌအဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တာဝန်ပေးအပ်ထားပြီး လက်ရှိ တာဝန်ထမ်းဆောင်လျှက် ရှိသည်။

နိုင်ငံတော် သမ္မတအမည်စာရင်း တင်သွင်းမည့်နေ့ကို မတ်လ ၁၀ ရက်အဖြစ် သတ်မှတ်ထား ပြီး သမ္မတ ရွေးခြယ်ပြီးပါက နိုင်ငံတော် သမ္မတမှ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ကို ရွေးခြယ်ခန့်အပ်ကာ ဝန်ကြီးချုပ်များက အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို ပြည်နယ်နှင့်တိုင်းဝန်ကြီးချုပ်တို့ က စာရင်းပေး ခန့်အပ်သွားရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly