ငရုတ်သီးစိုက်ပျိုးရေးနဲ့ ငရုတ်သီးစျေးကွက်အခြေအနေ

04 March 2016
ငရုတ်သီးစိုက်ပျိုးရေးနဲ့ ငရုတ်သီးစျေးကွက်အခြေအနေ

ငရုတ်ပင်ကတော့ နွေအကြိုက် သီးနှံပဲ ဖြစ်ပါတယ်။ နှစ်ရှည်မျိုး ဖြစ်ပေမယ့် နှစ်ချင်းစိုက်ပျိုးပြီး စားသုံးနိုင်ပါတယ်။ အသီးကိုသာ စားသုံးရတာပါ။ အပင်ရဲ့ အမြင့်ကတော့ ၆လက်မကနေ သုံးပေအထိမြင့် ပါတယ်။အပင်ရဲ့ အကျယ်ကတော့ ၆လက်မကနေ နှစ်ပေထိ  ကျယ်ပါတယ်။ ငရုတ်သီးများကတော့ စပ်တဲ့အမျိုးနဲ့ မစပ်တဲ့အမျိုးဆိုပြီးတော့ နှစ်မျိုးရှိပါတယ်။ ငရုတ်သီးရဲ့ အနံ့နဲ့စပ်တဲ့ အရသာတွေကြောင့် ဟင်းတော်တော်များများမှာ ငရုတ်သီးကို သုံးစွဲကြပါတယ်။  ငရုတ်သီးကတော့ အမျှင်ဓာတ် ဗီတာမင် စီဓာတ် များစွာပါဝင်ပါတယ်။

ခေါင်းလောင်းပုံ ငရုတ်သီးတွေကတော့ အဖြူရောင် အဝါရောင် လိမ္မော်ရောင် အနီရောင် ချောကလက် အညိုရောင် စသဖြင့် အရောင်မျိုးစုံ ရှိကြပါတယ်။ မြန်မာနိုင်ငံမှာတော့ ကျွန်းငရုတ် ကုန်းငရုတ်ဆိုပြီး နှစ်မျိုးခွဲခြား စိုက်ပျိုးကြပါတယ်။ ကုန်းငရုတ်ကတော့ မိုးရေနဲ့ ဖြစ်စေ သွင်းရေနဲ့ ဖြစ်စေ စိုက်ပျိုးလို့ ရပါတယ်။ ကျွန်းငရုတ်ကတော့ မြစ်ရေကျပြီးချိန်မှာ မြေကြီးအစိုဓာတ်ကို ဖမ်းပြီး စိုက်ပေးရတာပါ။ အရွက်တွေကလည်း အစိမ်းရောင် ခရမ်းရောင် ရောင်စုံအကျားများပါ ရှိပါတယ်။

ငရုတ်ပင်ရဲ့ မူရင်းဒေသကတော့ ပီရှုးနိုင်ငံကပဲ ဖြစ်ပါတယ်။ ငရုတ်ပင်ကိုတော့ ပျိုးထောင်ပြီး စိုက်ပျိုးနိုင်သလို မျိုးစေ့ကိုလည်း တိုက်ရိုက်ချ စိုက်ပျိုးနိုင်ပါတယ်။ မြေကွက်ရဲ့ အပူချိန် ၆၀ဒီဂရီ ဖာရင်ဟိုက်မှာဆိုရင်တော့ အပင်ပေါက်များကို ပြောင်းရွေ့စိုက်ပျိုးနိုင်ပါတယ်။ ငရုတ်ပင်ဟာ လေထုအပူချိန် ၇၀ ဒီဂရီ ဖာရင်ဟိုက်နဲ့ ၈၀ ဒီဂရီဖာရင်ဟိုက် အတွင်းမှာဆိုရင်တော့ အကောင်းဆုံးပဲ စိုက်ပျိုး ဖြစ်ထွန်းနိုင်ပါတယ်။

ငရုတ်ပင်ကို စိုက်ပျိုးမယ့် မြေကွက်ရဲ့ အပေါ်ယံမှာ နှစ်လက်မ သုံးလက်မခန့် မြေဆွေးများကို ခင်းထားပေးရမှာပါ။ စိုက်ပျိုးတဲ့ အခါမှာလည်း တစ်ပင်နှင့်တစ်ပင်ကို တစ်ပေ ဒါမှမဟုတ်ရင် နှစ်ပေခန့် ခွာပြီး စိုက်ပျိုးပေးရမှာပါ။ တစ်တန်းနှင့် တစ်တန်းကိုတော့ သုံးပေခန့်ခြားပြီး စိုက်ပျိုးပေးရမှာပါ။ အပူချိန် ၆၀ ဒီဂရီဖာရင်ဟိုက်အောက ်ဒါမှမဟုတ်ရင် ၉၀ဒီဂရီ ဖာရင်ဟိုက်အထက် ရောက်နေမယ်ဆိုရင်တော့ ငရုတ်ပွင့်တွေ ကြွေကျတတ်ပါတယ်။ ငရုတ်ပင်ကတော့ မဂ္ဂနီဆီယမ်ကို ကြိုက်နှစ်သက်ပါတယ်။  လစဉ် ငရုတ်ကို အချိုးညီညီ ဓာတ်မြေသြဇာများ ကျွေးပေးရမှာပါ။ နိုက်ထရိုဂျင်ဓာတ် များသွားတယ် ဆိုရင်တော့ အရွက်တွေသာ ဖြစ်ထွန်းပြီး အသီးအပွင့်တွေက နည်းသွားမှာပါ။

ပေါင်းမြက်များကို ရှင်းလင်းပေးရန် လိုအပ်ပါတယ်။ ပူတဲ့ဒေသတွေမှာဆိုရင်တော့ ကောက်ရိုးကို နှစ်လက်မ သုံးလက်မခန့် ထူအောင် ဖုံးအုပ်ထားပေးခြင်းဖြင့် ပေါင်းမြက်များကို သက်သာစေပြီး အစိုဓာတ်ကို လည်း ထိန်းသိမ်းနိုင်ပါတယ်။ ရေကို တစ်ပါတ်တစ်ခါ သွင်းပေးရမှာပါ။ ပန်းပွင့်ချိန်မှာ ရေငတ်နေမယ်ဆိုရင်တော့ အပွင့်တွေ ကြွေကျပြီး အသီးနည်းသွားမှာပဲ ဖြစ်ပါတယ်။ ရေကို နံနက်ပိုင်း သွင်းပေးတာ အကောင်းဆုံးပါပဲ။  ညနေပိုင်းမှာ ရေသွင်းပေးမယ်ဆိုရင်တော့ စိုစွတ်နေတဲ့ အရွက်များက ရောဂါပိုးများကို ဖိတ်ခေါ်သလို ဖြစ်နေပါတယ်။ လေတိုက်များတဲ့ ဒေသတွေမှာ ဆိုရင်တော့ ငရုတ်ပင်ကို လေကွယ်ရာ အရပ်မှာ စိုက်ပျိုးတာဟာ အကောင်းဆုံး ဖြစ်ပါတယ်။

ငရုတ်သီးများကို ခူးဆွတ်တဲ့အခါမှာ အရွယ်ရောက်ရင် ဖြစ်စေ အရောင့်ရင့်လျင် ဖြစ်စေ ခူးဆွတ်နိုင်ပါတယ်။ ခူးဆွတ်တဲ့နေရာမှာလည်း အကိုင်းများကို မကျိုးပဲ့စေပဲ အသီးများကိုသာ ဖြတ်ယူခူးဆွတ်ရမှာ ဖြစ်ပါတယ်။ အသီးများကို ပုံမှန်ခူးခြင်းကလည်း ငရုတ်သီးများကို ပုံမှန်သီးစေပါတယ်။ ရင့်နေတဲ့ အစိမ်းရောင် အသီးမှ မှည့်ရန်အတွက်ကတော့ နှစ်ပါတ်ကနေ လေးပတ်ထိ ကြာနိုင်ပါတယ်။

ငရုတ်အစပ်မျိုးဟာ အချိုမျိုးထက် ပိုပြီး မှည့်ချိန်မြန်ဆန်ပါတယ်။ အစပ်မျိုးကတော့ ရာသီဥတုနဲ့ အပူဒဏ်ပေါ်မှာ မူတည်ပြီးတော့ ပူစပ်မှု အနည်းအများ ကွာခြားပါတယ်။ ငရုတ်အစပ်ပင်ဟာ ရေဒါမှမဟုတ် အဟာရဓာတ် ချို့တဲ့တဲ့ အခါမှာ ပိုပြီးတော့ စပ်ပါတယ်။ ဒါပေမယ့် အထွက်နှုန်းကတော့ လျော့နည်းသွားတတ်ပါတယ်။

ငရုတ်ပင်မှာတော့ ပြပိုး၊ ဖြတ်ပိုး၊ လောက်ကောင်၊ ပြောင်းဖူးလောက်ကောင် စတဲ့ ရောဂါပိုးတွေဟာ အပင်နဲ့ အသီးတို့အတွက်ကျရောက်တတ်ပါတယ်။ မြေအောင်းပိုးတွေကိုတော့ မြေကွက်ပြောင်းလဲစိုက်ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။

ငရုတ်မျိုးများကတော့ ခေါင်းလောင်းပုံ အမျိုးမျိုး အရှည်အဝိုင်းနှင့် အပူစပ်မျိုးတွေပဲ ဖြစ်ပါတယ်။ စပ်တဲ့အမျိုးတွေမှာဆိုရင်တော့ အလွန်စပ်တဲ့အမျိုးနဲ့ အနည်းငယ်စပ်တဲ့ အမျိုးဆိုပြီးတော့ နှစ်မျိုးရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ ကုလားအော်၊ ရွှေအပ်၊ မိုးမျှော် စတဲ့ အမျိုးတွေကတော့ အလွန်စပ်ပြီး ငရုတ်ပွခေါ်တဲ့ စည်းပူး မျိုးကတော့ အစပ်ပေါ့ပါတယ်။ အတောင့်အရှည်မျိုးများကတော့ အလည်လတ် စပ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ကျွန်းငရုတ်နဲ့ ကုန်းငရုတ်ဆိုပြီးတော့ နှစ်မျိုုးခွဲခြားစိုက်ပျိုးကြပါတယ်။ ကုန်းငရုတ်ကတော့ မိုးရည်နဲ့ဖြစ်စေ သွင်းရေနဲ့ ဖြစ်စေ စိုက်ပျိုးလို့ ရပါတယ်။ ကျွန်းငရုတ်ကတော့ မြစ်ရေကျပြီးချိန်မှာ မြေကြီးအစိုဓာတ်ကို ဖမ်းပြီး စိုက်ပေးရပါတယ်။

ငရုတ်သီးမှာပါတဲ့ အဟာရဓာတ်တွေကတော့ ၁၀၀ ဂရမ်မှာ အစိုဓာတ် ၈၅.၇ ဂရမ် ကယ်လိုရီ ၂၉ ဂရမ် ပရိုတင်း ၂.၉ဂရမ် အဆီဓာတ် ဝ.၆ ဂရမ် အမျှင်ဓာတ် ၆.၈ ဂရမ် ကာဗွန်ဟိုက်ဒရိုက် ၃ ဂရမ် ကယ်ဆီယမ် ဝ.၃ ဂရမ်နဲ့ ဖော့စရတ် ဝ.၈ ဂရမ်တို့ ပါဝင်ပါတယ်။ ကျွန်းငရုတ်ကို စိုက်ပျိုးနေသူ တောင်သူတစ်ဦးဖြစ်တဲ့ ဦးခင်မောင်ညွန့်က ငရုတ်စိုက်ပျိုးမှုအကြောင်း အခုလို ရှင်းပြပါတယ်။

“ ဒီမျိုးက ဒါကျောက်စိမ်းပေါ့နော်။ ပန်မျိုးခေါ်တာပေါ့။ ဒါနိုင်ငံခြားမျိုးတွေပေါ့။ အစိမ်းစားတဲ့ မျိုးခေါ်မှာပေါ့။ ကျောက်စိမ်းမျိုးဆိုတော့ လောလောဆယ် ဆိုင်တွေမှာ သုံးကြတာပေါ့။ ဒါကို အများဆုံးစားကြတာ။ အစိမ်းမျိုးဆိုတော့ ဒီမျိုးတွေကို မျိုးစေ့တန်းက ဝယ်ပြီး ပျိုးတာပါ။ ပထမဆုံးအနေနဲ့ အထုပ်ကလေးနဲ့ ပျိုးရတာပေါ့။ ပျိုးပြီးတော့ တစ်လသားပြည့်တဲ့အခါမှာ မြေကြီးပေါ်မှာ အကွက်ကျ ချစိုက်တယ်။ စိုက်ပြီးတော့ ရက် ၂၀လောက်ကြာတော့ သူ့ကို အစာအနည်းအပါး လိုက်ကျွေးရတယ်။ နှစ်လသားဖြစ်ရင် ရေတင်ပေးရတယ်။ ရေလေးနဲ့ အစာလေးနဲ့ လိုက်ပေးရတယ်။ နောက် သုံးလနီးတဲ့အခါကျတော့ အသီးခူးရပြီပေါ့။ ခွသီး ခူးရတယ်ဆိုတာပေါ့။ ခွသီးခူးရောင်းတယ်။ နောက်တစ်သုတ်လောက်ကြရင်တော့ များမျာစားစား ခူးရတာပေါ့”

“သူက ပထမဆုံးအနေနဲ့ ပြပေါ့။ ပြဆိုတာ အပွင့် အညွှန့်ဖူးလေးတွေပေါ့။ ဒီကောင်လေးကို စုပ်လိုက်တဲ့ အခါကျတော့ အပင်က မတက်တော့ဘူး။ အဲတာကြောင့် ကိုယ့်က ပြဆေးတို့ ပိုးဆေးတို့ကို အပင်သေးတဲ့အချိန်မှာ လိုက်လိုက် ဖြန်းပေးရတာပေါ့။ အဲတာတော့ ဂရုစိုက်ရတာပေါ့နော်။ ၁၅ရက်တစ်ပါတ် ဒါမှမဟုတ်လည်း ၁၀ရက်တစ်ပါတ်လောက်ပေါ့။ လိုက်လိုက်ဖြန်းပေးရတာပေါ့နော်။ အပင်ကို အခြေအနေကြည့်ပြီးတော့ပေါ့။ ရာသီဥတု သိပ်မကောင်းဘူး မိုးအုံ့တယ်ဆိုရင်တော့ ဆေးလိုက်ဖြန်းပေးရတာပေါ့။ ဒီကျောက်စိမ်းမျိုးကတော့ တာရှည်ခံတာပေါ့။ ဗမာလိုခေါ်မယ်ဆိုရင် တန်ဆောင်မုန်းလပေါ့နော်။ အဲကတည်းက စစိုက်တာပေါ့။ စိုက်ပြီးသွား လို့ရင်ရှိရင် နတ်တော် ပြာသိုလောက်ဆို အသီးခူးရပြီ။ အဲဒီအချိန်ကတည်းက တလျောက်ပေါ့နော်။ ကိုယ့်ဟာကိုယ် အပင်အနေထားကြည့်ပြီး ခူးရတာပေါ့။

          ခူးလို့ရှိရင် ဘယ်ချိန်ထိခူးရတယ်ဆိုတော့ မြစ်ဝကျွန်းပေါ်ဒေသဆိုတော့ ဧရာဝတီမြစ်ရေတက်လာမှသာ ဒါတွေ မြှုပ်သွားခါမှ မခူးရတော့တာပေါ့။ ကျန်တဲ့ အချိန်က တလျောက်လုံးခူးပေါ့နော်။ အမှုန့်စားတဲ့ ငရုတ်သီးမျိုးကတော့ သူက အမှည့်ထားတယ်။ အမှည့်ထားပြီးမှ အခြောက်လှန်းတယ်။ အခြောက်လှန်းပြီးတော့ ပွဲရုံတွေကို ပို့တယ်။ အချိန် တစ်ရာ နှစ်ရာ အဲလိုမျိုးပေါ့။ တစ်ပိဿာကို ၂၅၀၀ ရှိမယ်။ ၃၀၀၀လည်းရှိမယ် အစားစားပေါ့။ သူကတော့ငွေအလုံးအရင်းနဲ့ရတာပေါ့။ ဒီကောင်ကတော့ လက်လီရတဲ့ သဘောပေါ့နော်။ အဲတာလေးတော့ ကွာခြားချက်ရှိတာပေါ့။ စိုက်ပျိုးရေး လုပ်တဲ့သူကတော့ ကိုယ်နဲ့တွက်ချေကိုက်မယ့်ဟာလေးတွေ ကိုယ့်ဒေသနဲ့ ကိုက်ညီမယ့်ဟာလေးတွေ လုပ်သင့်တာပေါ့နော်။ ဒါတွေက ဒို့ဒေသနဲ့ကြတော့ မြို့ဈေးကွက်နဲ့ နီးတယ်။ မြို့နဲ့လည်း အဆင်ပြေတယ်ပေါ့။ နယ်တွေကြတော့ ဒို့လိုမျိုး ရောင်းဖို့ချဖို့ဆိုတာ သူတို့က သိပ်မလွယ်ဘူးလေ။ သွားရလာရတာ ခရီးစရိတ်ရှိတာပေါ့နော်။ ဒို့ကတော့ မြို့ဆိုတော့ စရိတ်မရှိတဲ့ အတွက် ကိုယ့်ဟာကိုယ် ပုံမှန်လေး ရောင်းလို့ချလို့ လွယ်တာပေါ့။ တစ်ချို့ကျတော့လည်း တစ်ပါတ်ခြားပေါ့နော်။ တစ်ပါတ်ကို ဒိုင်ကို သွားပို့တာပေါ့။ ပို့လို့ရှိရင် အချိန်တစ်ရာလည်း ဖြစ်မယ်။ အချိန်ငါးဆယ်လည်း ဖြစ်မယ်ပေါ့။ အခင်းကျယ်ရင် ကျယ်သလို အခင်းကျဉ်းရင် ကျဉ်းသလိုပေါ့။ သူတို့ ဒိုင်တွေရှိတယ်။ တစ်ချို့ကျတော့ လက်လီလက်ကားရောင်းကြတာပေါ့။ များသောအားဖြင့်တော့ ဒိုင်ပို့တာများပါတယ်။ ဒိုင်က များများစားစား သိမ်းတာပေါ့”

ငရုတ်သီးများကို ရောင်းချနေသူ တစ်ဦးကလည်း ငရုတ်သီးဈေးကွက်နဲ့ပတ်သက်ပြီး အခုလို ရှင်းပြပါတယ်။ကိုလည်း ငရုတ်သီးဈေးကွက်နဲ့ ပတ်သက်ပြီး အခုလို ရှင်းပြသွားခဲ့ပါသေးတယ်။

“လက်ရှိ ငရုတ်စိမ်းရဲ့ ဈေးကွက်အနေထားကတော့ လေးရာဈေးပဲ ရှိတယ်။ ဟိုရက်ကတော့ လေးရာငါးဆယ်။ အခုရက်မှာ ရောင်းအားကတော့ သိပ်မကောင်းဘူး။ အရောင်းပါးတယ်ပေါ့နော်။ ကိုးလပိုင်း ဆယ်လပိုင်း ပေါ်တုန်းကတော့ ၁၀၀၀ ကျော်ထိရှိတယ်။ အဲရက်က ဖြုန်းအားကတော့ တစ်ထောင်ဝင် တစ်ထောင်ကုန်တယ်။ အခုရက်ကတော့ လေးငါးရာကျော်ပေါ့။ ဖြုန်းရတဲ့ လမ်းကြောင်းကတော့ ငါးသိုင်းချောင်း ကျုံပျော် ရေကြီး ပုသိမ် ပေါ့နော်။ ရန်ကုန်ကတော့ လိုရင်မှာတယ်။ မလိုရင် မမှာဘူး။ ရန်ကုန်ဈေးကွက်ကတော့ ဟင်္သာတ ဈေးကွက်နဲ့  ပြိုင်နေတယ်။ အခုရက် ဖြုန်းအားကတော့ သိပ်မကောင်းတော့ဘူးပေါ့နော်။ ဒီနှစ်လပိုင်း သုံးလပိုင်းဆို ရောင်းအား သိပ်မကောင်းတော့ဘူး။ ကုန်းအထွက်များတယ်။ နောက်ရာသီဥတု အခြေနေကလည်း တစ်ချို့က ကုန်းခြောက်ကို ပြောင်းကုန်ကြပြီလေ။ အခု ဒီကျွန်းခင်းတွေက ထွက်ပြီဆိုတော့ ထွက်အားကောင်းတယ်။ အနိမ့်ခင်းတွေ ထွက်လာတဲ့ အခါကျတော့ တစ်ရက်ကို ကုန်ချိန်က ရောင်းနိုင်သလောက် လက်ခံမယ်ဆိုရင် သောင်းနဲ့ချီဝင်နိုင်တယ်။ ရောင်းနိုင်တာက ထောင်ဂဏန်း ရာဂဏန်းပဲ ရောင်းနိုင်တဲ့ အတွက် ရောင်းအား သိပ်မကောင်းတော့တာ။ ရောင်းအား ကျသွားတာ။ အထွက်အားလည်း များလာတယ်။ ဒီငရုတ်စိမ်းကတော့ အခုလက်ရှိ တောင်သူူတွေကို အခြောက်ဈေးနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အခြောက်ဈေးကတော့ ကောင်းတယ်။ အဲတော့ အခြောက်ထားဖို့ပဲ ပြောတော့တယ်။ အစိမ်းကို ရောင်းရသလောက်ပဲ ရောင်းတော့တဲ့ အခြေအနေမှာ ရှိပါတယ်”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required