မင်းကင်းတွင် အမျိုးသမီး မြို့တော်ဝန်အဖြစ် ပထမဆုံးအကြိမ် အရွေးခံရ

မင်းကင်းတွင် အမျိုးသမီး မြို့တော်ဝန်အဖြစ် ပထမဆုံးအကြိမ် အရွေးခံရ

မုံရွာ၊ မတ် ၂ ။ ။ မင်းကင်းမြို့နယ်တွင် စည်ပင်သာယာရေးကော်မတီ ရွေးချယ်ရာတွင် ပထမဆုံးအဖြစ် အမျိုးသမီးတစ်ဦးရွေးချယ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

မင်းကင်းမြို့၊ စကားဝါခန်းမ၌ စည်ပင်သာယာရေးကော်မတီရွေးချယ်ပွဲကို မတ်လ ၂ ရက်၊ နံနက် ၁၀ နာရီက ကျင်းပခဲ့ပါရာ ယင်းသို့အမျိုးသမီးမြို့တော်ဝန် ရွေးချယ်ခံခဲ့ရသည်။

"ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ပြည်သူ့အတွက် ကြိုးစားသွားမှာပါ။ လစာချီးမြှင့်ငွေကိုလည်း NLD ပါတီ လူငယ်လုပ်ငန်းအဖွဲ့ ကို လှူဒါန်းသွားမှာပါ။"ဟု မင်းကင်းမြို့နယ် မြို့တော်ဝန်အဖြစ် ရွေးချယ်ခံခဲ့ရသူ ဒေါ်ခင်မာရည်က ပြောသည်။

ယင်းကော်မတီရွေးချယ်ပွဲကို ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံသူ ၁၁ ဦးရှိခဲ့ပြီး ဒေသခံပြည်သူ ၂၀၀ ကျော် တက်ရောက်ခဲ့ကြောင်း၊ သိရသည်။

၎င်းကို မြို့တော်ဝန်အဖြစ် ရွေးချယ်ခံရသည်နှင့် ပတ်သက်ပြီး သူရိယစန္ဒာ အဖွဲ့မှ ကိုကျော်မင်းထွဋ်က "ဘဏ်မန်နေဂျာ(ငြိမ်း) ဖြစ်တော့ ရုံးလုပ်ငန်းတွေ ကျွမ်းကျင်မယ်။ ဒေသခံတွေကတော့ ကျေနပ်ကြပါတယ်။"ဟု ပြောသည်။

အဆိုပါ စည်ပင်ကော်မတီ ရွေးချယ်ပွဲအား လွတ်လပ်မျှတစွာ ကျင်းပပေးခဲ့ကြောင်း မင်းကင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required