အာဆီယံရာဘာ ထုတ်လုပ်သူများ ပြည်ပသို့ ရာဘာတင်ပို့မှုလျှော့ချမည်

အာဆီယံရာဘာ ထုတ်လုပ်သူများ ပြည်ပသို့ ရာဘာတင်ပို့မှုလျှော့ချမည်

ဘန်ကောက်၊ မတ် ၁ ။             ။ ဗီယက်နမ်နိုင်ငံသည် လွန်ခဲ့သည့် သီတင်းပတ်က တင်ပို့မှုလျှော့ချရန် အခြားအာဆီယံနိုင်ငံသုံးခုမှ အင်အားစုများနှင့် ပေါင်းစည်းပြီးနောက် ယခုနှစ်တွင် ရာဘာဈေးများ ပြန်ကောင်းလာမည်ဟု မျှော်လင့်ရသည်။

လွန်ခဲ့သည့် သောကြာနေ့က နိုင်ငံတကာရာဘာအသင်းသည် ရောင်းချမှုလျှော့၍ ဈေးနှုန်းတက်စေရန် အတွက် လာမည့်ခြောက်လအတွင်း ရာဘာတင်ပို့မှုကို လစဉ် ၁၅ ရာခိုင်နှုန်းလျှော့ချမည့် ထိုင်း၊ အင်ဒိုနီးရှားနှင့် မလေးရှားတို့အတွက် အစီအစဉ်များကို သဘောတူညီခဲ့သည်ဟု Von Bundit ကုမ္ပဏီမှ ဒု-ဥက္ကဋ္ဌ ဘန်ဒစ်ကာ့ဒ်ဝေါင်ဘန်ဒစ်က ပြောကြားခဲ့သည်။

ထို့အပြင် ထိုသုံးနိုင်ငံသည် လမ်းနှင့် ရထားလမ်းတည်ဆောက်မှုအပါအဝင် ပြည်တွင်းရာဘာသုံးစွဲမှု မြင့်တင်ရေးကိုလည်း သဘောတူခဲ့ကြသည်။ ထိုင်းသည် တန်ချိန် ၃၀၀,၀၀၀၊ အင်ဒိုနီးရှားသည် တန်ချိန် ၂၁၀,၀၀၀နှင့် မလေးရှားက တန်ချိန် ၃၀,၀၀၀ အထိရာဘာတင်ပို့မှုကို အသီးသီးလျှော့ချကြမည်ဖြစ်ကြောင်း ထိုင်းရာဘာအသင်း၏ အတွင်းရေးမှူးချုပ်လည်းဖြစ်သူ မစ္စတာဘန်ဒစ်က ပြောကြား ခဲ့သည်။

လွန်ခဲ့သည့်နှစ်က ထိုင်းသည် ရာဘာတန်ချိန် ၃ဒသမ၈သန်း၊ အင်ဒိုနီးရှားက တန်ချိန် ၃ဒသမ၇သန်း၊ ဗီယက်နမ်က တန်ချိန် ၁သန်းနှင့် မလေးရှားက တန်ချိန် ၄၀၀,၀၀၀ ပြည်ပသို့တင်ပို့ခဲ့သည်။
ယင်းလေးနိုင်ငံပေါင်း၏ ရာဘာထုတ်လုပ်မှုသည် ကမ္ဘာ့ရာဘာထုတ်လုပ်မှု၏ ၇၀ ရာခိုင်နှုန်းအထိရှိသည်။ ဗီယက်နမ်ကလည်း အလားတူ တင်ပို့မှု ၁၅ရာခိုင်နှုန်းလျှော့ချရန် ပေါ်လစီချမှတ်သူများ၏ အတည်ပြုချက်ရယူရန် လိုအပ်နေသေးသည်။ ရောင်းလိုအားများနေသည့်အပြင် တရုတ်၏ဝယ်လိုအားကျဆင်းမှုကြောင့် ကမ္ဘာရာဘာဈေးများမှာ ၂၀၀၉နောက်ပိုင်း အနိမ့်ဆုံးနီးပါးကျဆင်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly