အညတရသူရဲကောင်းတို့၏ နောက်ဆုံးမှေးစက်ရာ သမိုင်းဝင် ဟင်္သာတအာဇာနည်ဗိမာန် (ဒုတိယပိုင်း)

အညတရသူရဲကောင်းတို့၏ နောက်ဆုံးမှေးစက်ရာ သမိုင်းဝင် ဟင်္သာတအာဇာနည်ဗိမာန် (ဒုတိယပိုင်း)

ဟင်္သာတ၊ ဖေဖော်ဝါရီ ၂၈ ။          ။ အချိန်ကား ဖက်စစ်ဂျပန်တို့အား မြန်မာ့မြေပေါ်မှ အပြီးတိုင် တိုက်ထုတ်ပြီးစ ၁၉၄၅ ခုနှစ်တွင် ဖြစ်သည်။ ဒေါက်တာမောင်မောင်၏ ယောက္ခမတော်စပ်သူ အာရှလူငယ်ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဟင်္သာတခရိုင် ဖဆပလ ဥက္ကဌ ဦးသန်းတင်နှင့် ဟင်္သာတဦးမြ၊ မြန်အောင်သခင်ချစ်မောင်၊ မန်းဘခိုင် စသည့် ခေါင်းဆောင်များက ပုဂံကျောင်းသုဿန်၌ စီရင်ခံရသည့် အညတရသူရဲကောင်းများအား ဗိမာန်တည်ဆောက်၍ ဂုဏ်ပြုရန် စတင်ကြိုးပမ်းခဲ့သည်။ ထို့နောက် ကံလှ အလုံကျောင်း သုဿန်တွင် မြှုပ်နှံထားသော အညတရသူရဲကောင်းများအား   ပြန်လည်တူးဖော်ခဲ့သည်။ ထိုသို့တူးဖော်ရာတွင် ဒါးက ရွာမှ ဖမ်းမိသော လည်ပင်းတွင် အမှတ်အသားပါသည့် နံပါတ်ပြားစတီးကြိုးနှင့် အမေရိကန်စစ်သားနှစ်ဦး၏ အရိုးစုကိုလည်း တွေ့ရသည်။ ထို့နောက် အရိုးစုများကို ပြာချပြီး မြန်မာနိုင်ငံ၏ ပထမဦးဆုံးတော်လှန်ရေး နှစ်ပတ်လည်နေ့ဖြစ်သော ၁၉၄၆ မတ်လ ၂၇ရက်နေ့တွင် ငါးမျက်နှာဘုရားလမ်း ကျောက်လှေကားအနီးရှိ (ယခု ငါးမျက်နှာ ဘုရားဈေး) တိုင်လေးတိုင်နှင့် နတ်ကွန်းသဏ္ဍာန် တည်ဆောက်ထားသော ယာယီဗိမာန်သို့ ပို့ဆောင်ကြသည်။

ဗိမာန်အဖြစ် အတည်အကျတည်ဆောက်ရန် မြေနေရာရွေးချယ်ကြရာ ဖမ်းဆီးနှိပ်စက်ခြင်းခံရသော နေရာနှင့်လည်းနီးပြီး အများပြည်သူသွားလာရာလမ်းဆုံဖြစ်သော တိရစ္ထာန်ထောင်နေရာ (ယခု အလက -၁ ရှေ့) အားရွေးချယ်ကြသော်လည်း ဥပဒေအရ ဆင့်ကဲ တောင်းဆိုရမည်ဖြစ်သည့်အပြင် ခေတ်ကာလအခြေအနေကြောင့် မတည်ဆောက်နိုင်သေးပေ။

ထိုခေတ်အခါက တိရစ္ဆာန်ထောင်ဆိုသည်မှာ မြူနီစပယ်(ယခုအခေါ် စည်ပင်သာယာ) နယ်နိမိတ်အတွင်းရှိ စည်းကမ်းမဲ့ အထိန်းအကျောင်းမရှိ သွားလာနေသော ဆိတ်၊ နွားစသည်တို့ကို ယာယီဖမ်းချုပ်ထားသော နေရာသာ ဖြစ်သည်။

ဖက်ဆစ်ဂျပန်တော်လှန်ရေးကာလ မတိုင်မီ စီစဉ်ကြိုးပမ်းရာတွင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှ မျိုးချစ်တော်လှန်ရေးသမား ၂၄၀ ခန့် သေဆုံးခဲ့ပြီး ဟင်္သာတနယ်မှ မျိုးချစ် ၉၀ဦး အသက်စတေးခဲ့ပြီး မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် အများဆုံးသေဆုံးခဲ့သည်။

၁၉၄၇ ဇူလိုင်လ ၁၉ ရက်နေ့တွင် အာဇာနည်ခေါင်းဆောင်ကြီးများလုပ်ကြံခံရ ပြီးနောက် အတွင်းဝန်များရုံးဝန်းရှိ လွှတ်တော်အဆောက်အဦးရှေ့တွင် အာဇာနည်ဗိမာန်တစ်ခုအား လွှတ်တော်ဥက္ကဌ ဦးနုဦးဆောင်သော အစိုးရအဖွဲ့က တည်ဆောက်လိုက်ကြသည်။ ထို့နောက် ဟင်္သာတမြို့နှင့် ရန်ကုန်ရှိ ဖဆပလ ခရိုင်ခေါင်းဆောင်များက ဦးနု(သခင်နု) ဦးဆောင်သော အစိုးရအား အာဇာနည်ဗိမာန်တည်ဆောက်ခွင့်ပြုရန် တင်ပြကြရာ ခွင့်ပြုချက်ရသည်နှင့် မြို့ခံသူဌေးသူကြွယ်များ၏ ထည့်ဝင်ငွေဖြင့် ၁၉၄၇ အောက်တိုဘာမှ စတင်၍ ၃လနှင့်အပြီး တည်ဆောက်ခဲ့ကြသည်။ တည်ဆောက်စဉ်က ရန်ပုံငွေမလုံလောက်သဖြင့် ခြံဝန်းခတ်ခြင်း မပြုလုပ်နိုင်ဘဲ နပက ဥက္ကဌ ဦးလှရွှေလက်ထက်ရောက်မှသာ ဗိမာန်အားကွယ်နေသော အိုင်ဘီပီဓါတ်ဆီဆိုင်နှင့် အခြားအဆောက်အဦးများအား ဖြိုဖျက်ပြီး အုတ်စည်းရိုးကာခြင်း ပြုလုပ်နိုင်ခဲ့သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသောနေ့ဖြစ်သည့် ၁၉၄၈ ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၉ နာရီတွင် ဟင်္သာတ အာဇာနည်ဗိမာန်အား တစ်ပြိုင်နက် ဖွင့်လှစ်၍ အများပြည်သူမှ အလေးပြုခဲ့ကြသည်။ ဟင်္သာတ အာဇာနည်ဗိမာန်၌ အများပြည်သူအလေးပြုခြင်းအား ၁၉၄၈ မတ်လ ၂၇ ရက်နေ့မှစတင်၍ ၁၉၆၁ မတ်လ ၂၇ရက်နေ့အထိ နှစ်စဉ်နှစ်တိုင်း တော်လှန်ရေးနှစ်ပတ်လည်နေ့၌ ပြုလုပ်ခဲ့သည်။

ထို့အပြင် ၁၉၆၈ ဇူလိုင်လ ၁၉ ရက်နေ့မှစတင်၍ အာဇာနည်ဗိမာန်၌ ကျဆုံးသွားသော အာဇာနည်များအား ချီတက်အလေးပြု ခဲ့ကြကြောင်း မြို့ခံများ၏ ပြောပြချက်အရ သိရသည်။   တော်လှန်ရေးကောင်စီ နိုင်ငံတော်အာဏာရယူသော ၁၉၆၂နောက်ပိုင်းတွင် တော်လှန်ရေးနေ့၌ အလေးပြုချီတက်ခြင်းအား မတွေ့ရတော့ကြောင်း မှတ်တမ်းများ အရသိရသည်။ ၁၉၄၈ ဇူလိုင်လက ရခိုင်ပြည်နယ် သံတွဲရှိ အလံနီကွန်မြူနစ်များနှင့် တိုက်ခိုက်ရသော စစ်ပွဲ၌ ခရိုင်ရဲဝန်ကိုကိုကြီး၏ အရိုးစုသေတ္တာအား အစိုးရတာဝန်ရှိသူများမှ အခမ်းအနားဖြင့် အာဇာနည်ဗိမာန်တွင်တင်ထားခဲ့ရမှ အစပြု၍ ဟင်္သာတနယ်မှ တာဝန်ထမ်းဆောင်ပြီး ကျဆုံးသွားသော စစ်သည်များ၏ အရိုးများအား လာရောက်တင်ထားကြတော့သည်။ ထို့နောက် ၁၉၄၉နှစ် မှ ၁၉၅၁ နှစ် ကြားကာလများတွင် စစ်သည်များ၏ အရိုးသေတ္တာများပင်မဟုတ်တော့ဘဲ သာမာန်ဖျားနာသူများ၏ အရိုးစုများကိုပါ လာရောက်တင်ထားခဲ့ကြသည်။ မြို့လယ်တွင်   မြင်မကောင်းအောင်   ဖြစ်နေသည့်အတွက် ၁၉၆၀ပြည့်နှစ်များတွင် အရိုးစုပုံးများအား ပြာချ၍ မြေအိုးနှင့်ထည့်ကာ ဖက်စစ်ဂျပန်များလက်ထက်တွင် အသက်စတေးသွားသူ ရဲဘော်များ၏ အရိုးစုများအား ဗိမာန်လှေကားထစ် အထက်အဆင့်တွင်လည်းကောင်း အပေါ်မှနေ၍ အကြောင်းအမျိုးမျိုးကြောင့် ကျဆုံးသွားသော စစ်သည်များနှင့်ရဲများ၏ အရိုးစုများအား ဗိမာန်၏ အထက်၌ အဆင့်ငယ်လေးပြုလုပ်၍ ထည့်ထားခဲ့ကြသည်။

၁၉၇၂ ခုနှစ်တွင် မဆလ အစိုးရမှ ဟင်္သာတအာဇာနည်ဗိမာန်ပေါ်တွင် မဟာဗန္ဓုလ ဓါးကိုဝင့်ချီ၍ စစ်မိန့်ပေးနေသည့်ဟန် ဗန္ဓုလမြင်းစီးရုပ်အား တည်ဆောက်ရန်ကြံစည်ရာ မြို့နယ်ဥက္ကဌ ဗိုလ်ကြီးချစ်မြိုင်နှင့် မြို့နယ်ပါတီယူနစ်ဥက္ကဌ ဦးမောင်ရီတို့မှ အထက်သို့တင်ပြ၍သာ မတည်ဆောက်ဖြစ်ကြောင်း ဦးသိန်းထွန်း(ဘီဂျီအေ) မှ မှတ်တမ်းတင်ထားသည်။

ရှစ်လေးလုံးအရေးအခင်းဖြစ်ပြီး စစ်တပ်မှ အာဏာသိမ်းယူပြီးနောက် ၁၉၈၉ ဇွန်လဆန်းတွင် ဟင်္သာတအာဇာနည်ဗိမာန်အား သက်ဆိုင်ရာမှ ပြန်လည်ပြုပြင်ပြီး ဗိမာန်အစား အာဇာနည်ပန်းခြံဟူ၍ ပြောင်းလဲခဲ့သည်။ ဤတွင် ဗိမာန်နှင့် ပန်းခြံ အဓိပ္ပါယ်မတူညီကြောင်း စာဖတ်သူများ သိရှိနိုင်ပါသည်။

၂၀၀၄ ခုနှစ်၌ ဟင်္သာတစည်ပင်သာယာရေးအဖွဲ့၏ အမှုဆောင်အရာရှိလက်ထက်တွင် ဟင်္သာတအာဇာနည်ဗိမာန်အား မြန်မာပြည်မြေပုံ ပန်းအလှပုံ စသည်ဖြင့် အမျိုးမျိုးပြောင်းလဲခဲ့ပြီး   မြို့နယ်ပန်းခြံအဖြစ်လည်း ပြုလုပ်ခြင်းခံခဲ့ရသည်။

၂၀၁၁ ခုနှစ်တွင် အရပ်သားအစိုးရတက်လာပြီးနောက် အဆွေတော်အဖွဲ့နှင့် မြို့လူငယ်အဖွဲ့များမှ ဦးဆောင်၍ မြို့ခံလူထု ၄၀၀ခန့်၏ လက်မှတ်များဖြင့် သက်ဆိုင်ရာသို့တောင်းဆိုခဲ့ရာ ၂၀၁၂ ဇွန်လ ၂၇ရက်နေ့တွင် အောက်လင်းဓါတ်မီးပုံ အာဇာနည်ဗိမာန်အား ကာရံထားသော ပန်းအလှများ မြက်လိပ်များအား ပြန်လည်ခွာယူခဲ့ပြီး မွမ်းမံပြင်ဆင်မှုများ ပြုလုပ်ပေးခဲ့သည်။ ထို့နောက် ၂၀၁၂ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့တွင် ၆၅ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားအား ပြန်လည်ပြုလုပ်ခွင့်ရရှိခဲ့ပြီး အမျာပြည်သူူလူထုမှ စည်ကားသိုက်မြိုက်စွာ ချီတက်အလေးပြုခဲ့သည်။

ရှေးယခင်က အာဇာနည်ဗိမာန်၏တိုင် ၇ တိုင် အကန့်၈ ကန့်တွင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ပုံတူဆေးရေးပန်းချီကားချပ်များ ချိပ်ကပ်ခဲ့ပြီး ခေတ်ပြောင်းလာသည်နှင့်အမျှ   ခေါင်းဆောင်ကြီးများ၏ ရုပ်ပုံအား ဗွီနိုင်းထုတ်၍ ချိတ်ကပ်ကြသည်ကိုတွေ့မြင်ရသည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်၁၀၀ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ရက်တွင် ၎င်းအာဇာနည်ဗိမာန်ဝန်း၌ပင် ဗိုလ်ချုပ်ကြေးရုပ်ထုအား ပြည်သူလူထု၏ ထည့်ဝင်ငွေများဖြင့် စိုက်ထူခဲ့ပြီး ယခုအခါ မြို့အလယ်၌ ခန့်ညားထည်ဝါလျက်ရှိသည်။

အသက်သွေးချွေးပေါင်းများစွာဖြင့် ခက်ခက်ခဲခဲရယူခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံ၏ လွတ်လပ်ရေးအား အဓွန့်ရှည်အောင် နောင်လာနောက်သားမျာက ထိန်းသိမ်းကြရမည့်အပြင် ဟင်္သာတအာဇာနည်ဗိမာန် သမိုင်းအား သိရှိပြီး သမိုင်းတန်ဖိုးကြီးမားသော အမွေအနှစ်တစ်ခုအား မပျောက်မပျက်အောင် ဝိုင်းဝန်းထိန်းသိမ်းပေးကြပါရန် ဤဆောင်းပါးဖြင့်တိုက်တွန်းလိုက်ပါသည်။

မှီငြမ်းကိုးကား-
၁။ သတင်းစာဆရာ ဦးသိန်းထွန်း(ဘီဂျေအေ)၏ ဟင်္သာတမြို့ အာဇာနည်ဗိမာန်မှတ်တမ်း
၁၉၈၉ ဇူလိုင်
၂။ ဟင်္သာတအာဇာနည်ဗိမာန်သမိုင်း စုဆောင်းထားရှိသူ အသက်၉၀အရွယ်ရှိ မြို့မိမြို့ဖတစ်ဦးဖြစ်သော ဦးကြီးခ၏ ပြန်လည်ပြောပြချက်
၃။ ဟင်္သာတဦးမြ၏ မြေးသမက်တော်စပ်သူ ဦးမြင့်စိန်၏ ပြောပြချက်
၄။ ဟင်္သာတမြို့၏ ရှေ့မီနောက်မီ လူကြီးများ၏ ပြန်လည်ပြောပြချက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required