ရွေးကောက်ပွဲဆိုင်ရာ ပြဿနာတွေ ဖြေရှင်းလို့ မပြီးသေး

ရွေးကောက်ပွဲဆိုင်ရာ ပြဿနာတွေ ဖြေရှင်းလို့ မပြီးသေး
ဓာတ်ပုံ-ဟောင်ဆာ(ရာမည)
 

မိတ်ဆက်စာမြည်း - ရွေးကောက်ပွဲ ပြီးဆုံးသွားပေမယ့် ပါဝင်ယှဉ်ပြိုင်သူတချို့နဲ့ ကော်မရှင် ဒိုင်လူကြီးရဲ့လုပ်ငန်းတွေက မပြီးဆုံးသေးပါ

နေပြည်တော် (Myanmar Now) ။            ။ ဒီမိုကရေစီနည်းကျကျ ရွေးကောက်တင်မြှောက်ခံရတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ ဖေဖော်ဝါရီ လဆန်းပိုင်းက ပြန်လည်အစပြုတဲ့ လွှတ်တော်ကို တက်ရောက်ကြချိန်မှာ လွှတ်တော်အဆောက်အအုံ တွေနဲ့  ၃ မိုင်ကျော် ကွာဝေးတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ရုံးကတော့ အမှုအခင်း ဖြေရှင်းစရာတွေနဲ့ အလုပ်ရှုပ်နေပါတယ်။

သာမန်ပြည်သူအများအပြားက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို မဲပေး ရွေးချယ်လိုက်ပြီးတဲ့နောက်မှာ နိုဝင်ဘာ ၈ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ ပြီးဆုံးသွားပါပြီ၊ အခြေခံဥပဒေ တားမြစ်ချက်ကို ကျော်လွှားပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာနိုင်မလားဆိုတာကိုပဲ သိချင်နေကြတာပါ။

ရွေးကောက်ပွဲမှာ နိုင်သူတွေထဲကတချို့၊ ရှုံးသူတချို့၊ ရွေးကောက်ပွဲကော်မရှင်တို့ အတွက် တော့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေက ပြီးဆုံးဖို့ လိုပါသေးတယ်။ ရွေးကောက်ပွဲဝင်သူ ၆,ဝ၃၈ ဦး ထဲမှာ အသုံးစရိတ် ပြန်လည် အစီရင်ခံခြင်း မပြုသူတွေ၊ အပြန်အလှန် ကန့်ကွက်သူတွေ ရှိတဲ့အတွက် ကော်မရှင်ကခုံရုံးဖွဲ့ စစ်ဆေးနေပါပြီ။

အနိုင်ရတဲ့ ကိုယ်စားလှယ်အမည် ကြေညာပြီးရက် ၃ဝ အတွင်း ရွေးကောက်ပွဲအသုံးစရိတ် စာရင်း တင်သွင်းခြင်း မပြုသူ ၂ဝဝ နီးပါးကို နေပြည်တော်ခုံရုံးက စစ်ဆေးနေရာမှာ သောကြာနေ့ မှာတော့ ကိုယ်စားလှယ်လောင်း ၁၆ဝ၊ ရွေးကောက်ပွဲ ကိုယ်စားလှယ် ၂၄ ဦးတို့ကို အရည်အချင်း ပျက်ယွင်းသူများအဖြစ် ကော်မရှင်က ကြေညာလိုက်ပါတယ်။

ဒီလို အရည်အချင်း ပျက်ယွင်းသူတွေဟာ လာမယ့် ၅ နှစ်အတွင်း ပြုလုပ်မယ့် ရွေးကောက် ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိတော့မှာ မဟုတ်ပါဘူး။ ခုံရုံးတင်တာ မခံရဖို့အတွက် ကိုယ်စားလှယ် လောင်းတိုင်းက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေကို သေချာလေ့လာထားသင့်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင် ညွန်ကြားရေးမှူး ဦးညွန့်တင်က ဆိုပါတယ်။

“ဥပဒေ ပြဋ္ဌာန်းချက်တွေအတိုင်းကို လိုက်နာပြီး ကျွန်တော်တို့ဆီ ကုန်ကျစရိတ်တွေ တင်ရင် ကျွန်တော်တို့လည်း ဘာမှ လုပ်စရာမလိုပါဘူး” လို့ ဦးညွန့်တင်က ပြောပါတယ်။

ရွေးကောက်ပွဲ ရှုံးသူတချို့က သူတို့ရဲ့ ပြိုင်ဘက်တွေအပေါ် ကန့်ကွက်ထားတဲ့ အမှုတွေကို တော့ ဆက်လက် စစ်ဆေးနေဆဲပါ။

ကန့်ကွက်မှုများ

ပြိုင်ဘက်တွေ အပြန်အလှန် ကန့်ကွက်မှုပေါင်း ၄ဝ ကျော်ရှိရာမှာ အဲဒီထဲမှာ ရှမ်းပြည်နယ် လွှတ်တော် ရပ်စောက်မဲဆန္ဒနယ်ကNLD ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်နဲ့ အနိုင်ရသူ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ဦးအောင်ကျော်ညွန့်တို့ရဲ့ အမှုလည်း ပါဝင်ပါတယ်။

ဦးခိုင်ညီညီကျော်က မဲတစ်ထောင်ကျော်နဲ့ ကပ်ပြီးရှုံးသွားရခြင်းဖြစ်ကြောင်း၊ စစ်တပ်နယ် မြေက လူဦးရေ ထပ်တိုးပြီး မဲပေးခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ပြောပါတယ်။

“အဲဒီမဲတွေသာ မပါခဲ့ဘူးဆိုရင် ကျွန်တော်က နိုင်မှာ။ ကျွန်တော်တို့နယ်မြေက စစ်တပ်နယ် မြေဖြစ်တော့ သူအဲ့ဒီမဲတွေနဲ့ သာသွားတာပေါ့” လို့ ရပ်စောက်မြို့မှာ အလူမီနီယံဆိုင်ငယ် တစ်ခု ဖွင့်လှစ် လုပ်ကိုင်နေသူ ဦးခိုင်ညီညီကျော်က ဆိုပါတယ်။

မဲပေးသူအရေအတွက်ဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ သတ်မှတ်ချက်အတိုင်း ဖြစ်တယ်လို့ ကန့်ကွက်ခံရသူဘက်က တုံ့ပြန်ပါတယ်။ သူတို့အမှုဟာ ၂ လကျော်အတွင်း ရုံးချိန်း ၃ ကြိမ်ကျော် လွန်ခဲ့ပါပြီ။ ရုံးချိန်းတိုင်းမှာ နေပြည်တော်အထိ လာရောက် ရင်ဆိုင်ကြရပါတယ်။

နေပြည်တော်အထိ လာရောက် တရားရင်ဆိုင်ကြရတဲ့အတွက် ကန့်ကွက်သူရော၊ ကန့်ကွက်ခံ ရသူများပါ တရားရင်ဆိုင်ရတဲ့ စရိတ်တွေ များစွာ ကုန်ကျတယ်လို့ ဆိုကြပါတယ်။ “ပါတီကတော့ နည်းပညာနဲ့ ဥပဒေပိုင်းဆိုင်ရာတွေကို ကူညီပေးတယ်။ ရှေ့နေစရိတ်ရော၊ လမ်းခရီးစရိတ်တွေပါ ကိုယ့်ငွေနဲ့ ကိုယ်လုပ်ရတာ” လို့ ဦးခိုင်ညီညီကျော်က ပြောပါတယ်။

အမှုတွေကို ကြည့်လိုက်ရင် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်တွေက NLD ပါတီကိုယ်စားလှယ် တွေကို ပြန်လည် ကန့်ကွက်တာ များပါတယ်။ နေရာဒေသအားဖြင့်  ရန်ကုန်၊ ကချင်၊ ရှမ်းစတဲ့ ဒေသ တွေမှာ ကန့်ကွက်မှု အများဆုံး ဖြစ်ပွားတာတွေ့ရမှာပါ။ နေပြည်တော် ကော်မရှင်ရုံးထဲကို ဝင်လိုက် တာနဲ့ ဘယ်ဘက်က ကြေညာသင်ပုန်းမှာ ကန့်ကွက်လွှာတွေရဲ့ အချက်အလက်တွေကို အမှုတွဲတစ်ခု ချင်းစီကို သေသေချာချာ ကပ်ထားပြီး အများပြည်သူ ဖတ်ရှုလို့ရအောင် လုပ်ပေးထားပါတယ်။ အတွင်း ဘက်မှာတော့ ရွေးကောက်ပွဲဆိုင်ရာ ခုံတရားရုံး ပြင်ဆင် ခင်းကျင်းထားတာပါ။

အမှုပြီးချိန်က ခန့်မှန်းလို့ မရနိုင်သေး

ကာယကံရှင်တွေ၊ သက်သေတွေကို အပြန်အလှန် စစ်မေးနေရတာကြောင့် အမှုတစ်ခုကို ၈ လ အနည်းဆုံး ကြာနိုင်တယ်လို့ ခန့်မှန်းကြောင်းရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်က NLD  ကိုယ်စား လှယ် ဦးနေမျိုးထွန်းက သုံးသပ်ပါတယ်။ အပြန်အလှန် စစ်မေးတဲ့ကဏ္ဍ မရောက်သေးဘဲ ထုခြေလွှာ တွေ တင်နေကြဆဲဖြစ်တယ်၊ ကန့်ကွက်သူဘက်ကလည်းသက်သေ ၂ဝ လောက် တင်ထားတဲ့အတွက် ရံုံးချိန်းအရေအတွက် ၃ဝ ကျော် ရင်ဆိုင်ရနိုင်တယ်လို့ သူက ဆိုပါတယ်။

တရားခွင်စစ်ဆေးနေစဉ် နှစ်ဘက်သက်သေတွေ ထပ်မံတင်သွင်းပြီး ခုံအဖွဲ့က လက်ခံလို့ ထပ်မံ စစ်ဆေးတာမျိုးလည်း ရှိတတ်တဲ့အတွက်ကြောင့် အမှုဘယ်တော့ ပြီးမယ် ဆိုတာကို ခန့်မှန်းလို့ မရပါဘူးလို့ ကော်မရှင်ညွန်ကြားရေးမှူး ဦးညွန့်တင်က ပြောပါတယ်။ ကော်မရှင်သက်တမ်း ကျော်လွန် သွားရင်လည်း အနာဂတ်မှာပေါ်လာမယ့် ကော်မရှင်အဖွဲ့ကို ဒီအမှုတွေ လွှဲပြောင်းပေးရမယ်၊ အမှုတွေ မှာ ကန့်ကွက်သူ အနိုင်ရမယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရပ်တည်ခွင့် ရရှိနိုင်မှာဖြစ်တယ် လို့ သူက ဆက်ပြောပါတယ်။

နေပြည်တော်ခုံရုံးရောက် အမှုတွေထဲမှာ အထင်ကရအဖြစ်ဆုံး အမှုကတော့ ကချင်ပြည်နယ် က ပြည်သူ့စစ်ခေါင်းဆောင် ဦးစခုန်တိန့်ယိန်း ပါဝင်ပတ်သက်နေတဲ့ အမှုပါ။ သူဟာ မဲဆွယ်ကာလမှာ NLD အမတ်လောင်းတွေကို ဟန့်တားတယ်၊ ချီဖွေမြို့နယ်အတွင်း တိုက်ခိုက်မှုတွေမှာ တာဝန်ရှိတယ် လို့ စွပ်စွဲခံနေရပါတယ်။

ဦးစခုန်တိန့်ယိန်း လုပ်ဆောင်တယ်ဆိုတဲ့ စွပ်စွဲချက်ကို ကိုင်တွယ်မယ့် ခုံရုံးကို လေ့လာနေသူ များထဲမှာ နယူးယောက်အခြေစိုက် လူ့အခွင့်အရေး အဖွဲ့ဖြစ်တဲ့ Human Rights Watch အဖွဲ့ရဲ့ အာရှရေးရာဌာန အကြီးတန်း သုတေသီ David Mathieson လည်း ပါဝင်ပါတယ်။

"ဒီအမှုနဲ့ပတ်သက်လို့ တရားစီရင်မှု လုပ်ငန်းစဉ်ဟာ မျှတပြီး ပွင့်လင်းမြင်သာမှုရှိဖို့ လိုအပ် တယ်လို့ ထင်ပါတယ်" လို့ သူက ဆိုပါတယ်။

"ဒါဟာ ရွေးကောက်ပွဲ မသမာမှုနဲ့ ပတ်သက်တဲ့ စုံစမ်းတာတွေက ဒီမိုကရေစီစနစ်မှာ အရေး ကြီးတဲ့ လုပ်ငန်းစဉ်တွေဖြစ်ကြောင်း သက်သေပြနိုင်ရုံအတွက်ပဲ မဟုတ်ပါဘူး၊  လက်နက်ကိုင်အဖွဲ့ တွေနဲ့ ဆက်စပ်သူ နိုင်ငံရေးသမားတွေရဲ့ ခြိမ်းခြောက်မှုတွေဟာ ဒီမိုကရေစီစနစ်မှာ နေရာမရှိဘူး ဆိုတာ ရှင်းရှင်းလင်းလင်း ပြသနိုင်ဖို့ ဖြစ်ပါတယ်" လို့ David Mathieson က ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required