မြန်မာနေရှင်နယ်လိဂ်မှ နိုင်ငံခြားသားများဖြင့်ဖွဲ့စည်းမည့် MNL All Stars အသင်းနှင့် လက်ရွေးစင်အသင်း ခြေစမ်းမည်

မြန်မာနေရှင်နယ်လိဂ်မှ နိုင်ငံခြားသားများဖြင့်ဖွဲ့စည်းမည့် MNL All Stars အသင်းနှင့် လက်ရွေးစင်အသင်း ခြေစမ်းမည်
၂၀၁၃ဘောလုံးရာသီကလက်ရွေးစင်အသင်းနှင့်ခြေစမ်းခဲ့သည့် MNL All Stars အသင်း။

ဖေဖော်ဝါရီ ၂၇ ၊ ရန်ကုန်။           ။ ကမ္ဘာ့ဖလားခြေစစ်ပွဲနှင့် ဆူဇူကီးပြိုင်ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်နေသည့် မြန်မာ့လက်ရွေးစင်အသင်းသည်   မြန်မာနေရှင်နယ်လိဂ်မှ နိုင်ငံခြားသား ကစားသမားများဖြင့်  ဖွဲ့စည်းမည့် MNL All Stars အသင်းနှင့် ခြေစမ်းကစားရန် စီစဉ်ထားသည်။ မြန်မာအသင်းနှင့် MNL All Stars အသင်းတို့ ခြေစမ်းပွဲကို လာမည့် ဧပြီ ၃၀ ရက်တွင် ရန်ကုန်မြို့သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။

“ ကျွန်တော်တို့ လာမယ့်ဧပြီလ ၃၀ မှာ မြန်မာနေရှင်နယ်လိဂ်က နိုင်ငံခြားသားတွေ အားလုံးပေါင်းထားတဲ့ MNL All Stars အသင်းနဲ့ ခြေစမ်းဖို့ စီစဉ်ထားပါတယ်။ ဒါကလည်း နိုင်ငံတကာခြေစမ်းပွဲတွေ မတိုင်ခင်ကြားမှာ လိဂ်က နိုင်ငံခြားသားတွေနဲ့ ခြေစမ်းတဲ့သဘောပါ။ အရင်လည်း အခုလို All Stars အသင်းနဲ့ ခြေစမ်းခဲ့ဖူးပါတယ်။ ဒီမှာလာကစားတဲ့ တချို့နိုင်ငံခြားသားတွေဆိုလည်း အရမ်းကောင်းပါတယ်။ ဒီခြေစမ်းပွဲက နှစ်ဖက်စလုံးအတွက် အကျိုးဖြစ်စေမှာပါ ” ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။

 ၂၀၁၆ မြန်မာနေရှင်နယ်လိဂ် တွင် ကလပ်အသင်းပေါင်း ၁၂ သင်း၌ ဆောက်သမ်းမြန်မာအသင်းမှလွဲ၍ ကျန်သည့်အသင်းများမှာ နိုင်ငံခြားသား သုံးဦး (သို့) လေးဦးအထိ   ခေါ်ယူအသုံးပြုလျက် ရှိသည်။ မြန်မာ့လက်ရွေးစင်အသင်းသည် အဆိုပါခြေစမ်းပွဲမတိုင်ခင်၌ စင်ကာပူနိုင်ငံတွင် စင်ကာပူလက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲကစားရန် ရှိနေသလို မလေးရှားဘောလုံးအဖွဲ့ချုပ်မှလည်း မတ်လ ၁၉ ရက်တွင် ခြေစမ်းပွဲကစားရန် ကမ်းလှမ်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required