ရိုးရာအစဉ်အလာမှ ခွဲထွက်လိုက်တဲ့ စိုက်ပျိုးရေးနည်းသစ်ကို လေ့လာကြည့်ပါ

26 February 2016
ရိုးရာအစဉ်အလာမှ ခွဲထွက်လိုက်တဲ့ စိုက်ပျိုးရေးနည်းသစ်ကို လေ့လာကြည့်ပါ

စိုက်ပျိုးရေး လုပ်ငန်းတွေဟာ မြန်မာနိုင်ငံရဲ့ ပြယုဂ်တစ်ခုလည်း ဖြစ်ပါတယ်။ မြေဆီလွှာကောင်းတဲ့ စိုက်ပျိုးမြေတွေဟာ မြန်မာနိုင်ငံရဲ့ တိုင်းနှင့်ပြည်နယ် အသီးသီးမှာ ရှိနေပါတယ်။ ဒေသရဲ့ ရာသီဥတုနဲ့ ကိုက်ညီတဲ့ စိုက်ပျိုးရေး စနစ်တွေနဲ့ သီးနှံတွေကို ရွေးချယ်စိုက်ပျိုးခဲ့တာကလည်း ရှေ့နှစ်ပေါင်းများစွာကတည်းကဖြစ်ပါတယ်။

စိုက်ပျိုးရေး အဓိကအားထားလုပ်ကိုင်လာခဲ့ကြတဲ့ မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးနည်းစနစ်တွေကို လေ့လာကြည့်မယ်ဆိုရင် ဟိုယခင် ဘိုးဘွားစဉ်ဆက်ကတည်းက ကိုင်ဆွဲထားကြတဲ့ စိုက်ပျိုးရေးနည်းစနစ်ကိုပဲ  အခြေခံအားဖြင့် ကိုင်ဆွဲကျင့်သုံးလာကြတာ တွေ့ရပါတယ်။ တနည်းအားဖြင့်ပြောရရင် ဘိုးဘွားစဉ်ဆက်က ဆင်းသက်လာတဲ့ စိုက်ပျိုးရေး စနစ်တွေကိုပဲ အခြေခံစိုက်ပျိုးလာခဲ့ကြတယ်လို့ ပြောလို့ရပါတယ်။ အခုလို စိုက်ပျိုးရေးစနစ်တွေ မပြောင်းလဲပေမယ့် စိုက်ပျိုးရေး ထွက်ကုန်တွေရဲ့ ဈေးကွက်လိုအပ်ချက်ကတော့ ပြောင်းလဲလာခဲ့ကြပါတယ်။

ထုပ်ပိုးမှုစနစ်တွေ သီးနှံတွေရဲ့ အရည်အသွေးတွေ အထွက်နှုန်းကောင်းဖို့အတွက် လိုအပ်လာတာတွေ တစ်နှစ်ပတ်လုံး သီးနှံထွက်ရှိနိုင်ဖို့ဆိုတာတွေဟာ စိုက်ပျိုးရေးလုပ်ငန်းအတွက် စိန်ခေါ်မှုတွေ ဖြစ်ပေါ်လာခဲ့ပါတော့တယ်။ ပြောင်းလဲတိုးတက်လာတဲ့ ခေတ်နဲ့ နည်းစနစ်တွေကို ပြောင်းလဲ စိုက်ပျိုးဖို့ လိုအပ်နေတာတွေကို မီးမောင်းထိုးပြ လိုက်တာလဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ စိုက်ပျိုးရေးနည်းစနစ်အသစ်နဲ့ စိုက်ပျိုးမှုလုပ်ငန်းတချို့ကို မိတ်ဆက်ပေးချင်ပါတယ်။ အဲဒီစိုက်ပျိုးရေး ခြံနှစ်ခြံကတော့ ရှမ်းပြည်နယ်တောင်ပိုင်း မအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဟိုပုံးမြို့နယ်မှာ စိုက်ပျိုးရေးနည်းစနစ်သစ်နဲ့ စိုက်ပျိုးလုပ်ကိုင်နေတဲ့ ခြံ နှစ်ခြံ ရှိပါတယ်။ အဲဒီခြံတွေကတော့ ဟိုးပုံးမြို့နယ် လွယ်တဝင်းကျေးရွာမှာ ရှိတဲ့ တောင်သူဦးဘဲရဲ့ အားလူး စိုက်ခြံနဲ့ ဟိုပုံးမြို့နယ်အနီးက ကိုခွန်ကျော်ခေါင်ရဲ့ စိန်တစ်လုံး သရက်ခြံတို့ပဲဖြစ်ပါတယ်။

ပထမစိုက်ခြံအနေနဲ့ ဦးဘဲရဲ့ အားလူးစိုက်ခြံအကြောင်းကို တင်ပြပေးချင်ပါတယ်။ ပအိုဝ်းတိုင်းရင်းသားတစ်ယောက်ဖြစ်တဲ့ ဦးဘဲဟာ အားလူးစိုက်တောင်သူ တစ်ဦးလည်း ဖြစ်ပါတယ်။   တောင်ပေါ်ဒေသတွေဖြစ်လို့ စိုက်ပျိုးရေ ရရှိဖို့ ခက်ခဲလှပါတယ်။ တောင်စောင်းတွေမှာ စိုက်ပျိုးရတာ ဖြစ်တဲ့အတွက်ကြောင့်မို့လဲ မိုးရာသီ မဟုတ်ခဲ့ရင်တော့ ရေအရင်းမြစ်နဲ့ နီးရာမြေတွေမှာပဲ စိုက်ပျိုးရတာပါ။ ဒါကြောင့် ဦးဘဲအနေနဲ့ စိုက်ပျိုးမြေတွေ ရှိပေမယ့် ရေလိုအပ်ချက်ကြောင့် မစိုက်ပျိုးနိုင်ခဲ့ပါဘူး။ လုပ်သားလိုအပ်ချက်ကလည်း သူ့အတွက် အခက်ခဲကို ဖြစ်စေတယ်လို့ ပြောပါသေးတယ်။ အရင်ကဒီလိုနေရာတွေဟာ ရေနဲ့အလှမ်းဝေးတာကြောင့် အားလူးစိုက်လို့ မရခဲ့ပါဘူး။ ရေနားနီးတဲ့နေရာမှာပါ ရှိနေတဲ့အစိုဓာတ်နဲ့ စိုက်ပျိုးခဲ့ရတာပါ။ အခုတော့ ဒီအခက်ခဲတွေကနေ ဖြေရှင်းဖို့ နည်းလမ်းတစ်ခုကို ရှာတွေ့ထားပါတယ်။ ဒါကတော့ စိုက်ပျိုးရေးစရိတ်လည်း ချွေတာရာ ရောက်တဲ့အပြင် လုပ်သားအင်အားကိုပါ သက်သာစေတဲ့ ရေဖြန်းစနစ်နဲ့ စိုက်ပျိုးတာပါ။

ရေရရှိဖို့ ခက်ခဲတဲ့ တောင်ပေါ်ခြံတွေမှာ အားလူးကို ရေသွင်းပြီး စိုက်ပျိုးခဲ့မယ်ဆိုရင်တော့ အထွက်နှုန်းကောင်းသလို တစ်ရာသီကို နှစ်သီးစား စိုက်ပျိုးနိုင်လို့ တောင်သူတွေ အတွက်လည်း ဝင်ငွေတိုးစေပါတယ်။ ဒီစနစ်ကို စတင်အကောင်ထည်ဖော်ဖို့ ဖြစ်လာတဲ့ သူ့ရဲ့ စိတ်ကူးကို ဦးဘဲက အခုလိုပြောပြပါတယ်။

“အရင်တုန်းကလည်း အားလူးပဲ စိုက်ခဲ့တယ်။ တောင်ပေါ်ခြံကိုလည်း အခုလို ရေဖြန်းစိုက်ပျိုးမယ်ဆိုတဲ့ စိတ်နဲ့ ရအောင်စိုက်မယ်ဆိုတဲ့ စိတ်ကူးနဲ့ အကောင်ထည်ဖော်စိုက်ပျိုးခဲ့တာပါ။ ”

အခုလိုမျိုး ရေဖြန်းစနစ်နဲ့ စိုက်ဖို့ စဉ်းစားခဲ့မယ်ဆိုရင်တော့ စတင်ချိန်မှာ  ကုန်ကျစရိတ်များပါတယ်။ ရေတင်စက်အပါဝင် ရေဖြန်းကရိယာ တပ်ဆင်တာဟာ တစ်ဧကကို ခန့်မှန်းကုန်ကျငွေ ငါးသိန်းလောက် ရှိပါတယ်။ ဒါပေမယ့် ရေဖြန်းကရိယာတွေနဲ့ ရေပိုက်တွေကို စနစ်တကျ သိမ်းဆည်းမယ် ဆိုရင်တော့ နောက်ငါးနှစ်လောက်ထိ စရိတ်ထပ်ပြီးတော့ ကုန်တာ မရှိတော့ဘူးလို့လဲ သိရပါတယ်။

ဒီစနစ်နဲ့ သီးနှံစိုက်ပျိုးမယ် ဆိုရင်တော့ ကိုယ်စိုက်ပျိုးမယ့် စိုက်ခြံရဲ့ မြေအနေထားတွေ ရေရတဲ့ နေရာနဲ့ စိုက်ခင်း အကွာဝေးတွေ ရေတင်မယ့်စက် အသေးအကြီး စတာတွေကို လေ့လာထားရမှာပဲ   ဖြစ်ပါတယ်။ ရေပိုက်တွေကို တပ်ဆင်ရာမှာတော့ ရေပိုက်အကြီး မိန်းပိုက်ကနေ ဆယ်ပေစီခြားပြီးတော့ ပိုက်လက်တက်တွေကို တပ်ပေးရမှာပါ။ ဒီပိုက်လက်တက်တွေကမှ ရေလည် ရေဖြန်းစနစ်ကို တပ်ဆင်ပေးသွားရမှာပါ။ ရေဖြန်းတပ်တဲ့ ပိုက်အရည်အတွက်ကိုတော့ ရေတင်တဲ့ စက်အား ရေရရှိတဲ့နေရာနဲ့ စိုက်ခင်း အကွာအဝေးအပေါ်မူတည်ပြီးတော့ အတိုးအလျော့ လုပ်ပေးရပါတယ်။ ဒါ့အပြင် လေမခိုစေဖို့အတွက် မိန်းပိုက်မှာ လေချုပေါက်လေးတွေ ထားပေးရတာလည်း ဒီစနစ်ရဲ့ အဓိက ဖြစ်လို့နေပါတယ်။ စိုက်ခင်း ပေတစ်ရာ ပတ်လည်ကို ခန့်မှန်းခြေ ပိုက်အချောင်းရေ တစ်ရာ ဝန်းကျင်ခန့် တပ်ဆင် အသုံးပြုနိုင်ပါတယ်။ ဘယ်လိုအကြောင်းတွေကများ ဦးဘဲကို မိရိုးဖလာ စိုက်ပျိုးနည်းတွေကနေ ခွဲထွက်ဖို့ လှုံဆော်ခဲ့တာလည်းဆိုတာကို ဦးဘဲက အခုလို ရှင်းပြပါတယ်။

“ဒီခြံက အထွက်နည်းတယ်။ ကုန်းခြံက အထွက်များတယ်။ မျိုးထားမယ်ဆိုရင် ကုန်ခြံက မျိုးက မျိုးထား ပိုခံတယ်။ နွေရာသီ ကုန်းခြံကနေ အားလူးစိုက်ပျိုးတာဟာ မှိုသတ်ဆေး ပေါင်းသတ်ဆေး သုံးပေးစရာမလိုတဲ့ အတွက် မျိုးထားလို့ သင့်တော်ပါတယ်။ ကျွန်တော်အခုစိုက်တာက ပြာသိုလမှာ စိုက်ပါတယ်။ ဒီကနေထွက်တဲ့ အားလူးတွေထဲကမှ ဥအကြီးတွေကိုတော့ ဈေးကွက်ကို ပို့ပြီး မျိုးကိုတော့ ကျန်တဲ့ ဥငယ်တွေကို တော်သလင်းလမှာ စိုက်ဖို့ ထားပါတယ်။”

စိုက်ပျိုးချိန်ကုန်လို့ သီးနှံတွေ သုံးပြီးရင်တော့ ရေဖြန်းကရိယာတွေကို ပြန်သိမ်းရမှာပါ။ ဒါဟာ ရေဖြန်းကရိယာတွေကို ထိန်းသိမ်းရာ ရောက်သလို နောက်နှစ်ရာသီအတွက် အခြားသီးနှံတွေ စိုက်ပျိုးဖို့ မြေပြင်ပေးချိန်လည်း ဖြစ်ပါတယ်။ စိုက်ခြံတစ်ခုတည်းမှာ သီးနှံတစ်မျိုးတည်းကိုသာ စွဲမြဲပြီး စိုက်တာထက် ရာသီအလိုက် သီးနှံတွေကို အလှည့်ကျ စိုက်ပျိုးတာဟာ စိုက်ပျိုးမြေကို ပြုပြင်တဲ့ နည်းလမ်းကောင်းဖြစ်တယ်လို့ သိရပါတယ်။ တောင်ပေါ်ဒေသတွေမှာတော့ အားလူးကို တစ်နှစ်မှာ သုံးခါ စိုက်ပျိုးနိုင်ပါတယ်။ အားလူးရဲ့ သက်တမ်းကတော့ သုံးလဝန်းကျင်ပဲ ရှိပါတယ် ။

ဒုတိယခြံဖြစ်တဲ့ ကိုခွန်ကျော်ခေါင်ရဲ့ စိန်တစ်လုံး သရက်ခြံကတော့ လေးဧက ခွဲလောက် ကျယ်ပါတယ်။ တောင်ဇောင်းလေးမှာ စိုက်ပျိုးထားတာလည်း ဖြစ်ပါတယ်။ သရက်ခြံအတွက် လိုအပ်တဲ့ရေကိုတော့ ကားလမ်းတစ်ဖက် အနိမ့်ပိုင်းထဲမှာ ရှိနေတဲ့ သဘာဝရေထွက်ပေါက်ကနေပဲ ယူတာပါ။ ရေသွယ်ယူတဲ့နေရာမှာတော့ လောင်စာဆီသုံးထားတဲ့ စက်ကရိယာတွေကို သုံးမထားပါဘူး။ လေဖိအား ရေဖိအားစနစ်နဲ့ ရေတင်တာ ဖြစ်ပြီး ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ရဲ့ အားသာချက်ကို ဖော်ထုတ် သုံးစွဲထားတာပါ။ ရေရရှိနေသရွေ့တော့ အလိုလို လည်ပတ်နေမှာပဲ ဖြစ်ပါတယ်။ ဒါကလည်း တောင်ပေါ်ဒေသရဲ့ စိုက်ပျိုးရေသွယ်တဲ့ စနစ်တစ်ခုဖြစ်လို့ နေပါတယ်။ ကိုခွန်ကျော်ခေါင်ရှင်းပြတဲ့ ရေတင်စနစ်ကတော့

“ရေဖိအား လေဖိအားပေါ့ အခုနက ကျွန်တော်ပြောသလို ဒီကောင်က လေအိုးပေါ့။ ရေက အောက်ကနေ ပေါ်ကို တွန်းတင်တယ်။ လေက အပေါ်မှာ  ကပ်သွားတယ်ပေါ့။ ဒီထိပ်ဆိုရင် အပြားနဲ့ လုပ်လို့မရဘူး။ အပြားနဲ့လုပ်ရင် ကန်ပွင့် သွားတာ။ အဲတော့ အပေါ်မှာ ခုံးထားရတာပေ့ါ။ လေရဲ့ တွန်းအားကို ခံနိုင်ရည် ရှိအောင် ရေကတွန်းတဲ့ အချိန်မှာ လေက အပေါ်ကို တက်သွားတယ်။ တအားကပ်တဲ့အချိန်မှာ စပ်ကနဲ ပိတ်တော့ စပ်ကနဲ့ ပြန်တွန်းတယ်။ တွန်းတော့ ဝါရှာက ပိတ်သွားတယ်။ ပိတ်တော့ ရေက ရှိတဲ့ အပေါက်ကနေ တက်သွားတာပေါ့နော်။ တက်သွားလိုက်တာနဲ့ လေက ရုတ်တရက် ပြန်ဟသွားတာ ပြန်ဟတဲ့ အချိန်မှာ ရေက ပြန်ဝင်ပေါ့။ ရေကတွန်းလိုက် ရေကတွန်းလိုက် တစ်လှည့် စီ အဲလိုနဲ့ပဲ ရေက တက်သွားတာပေါ့။ ”

သဘာဝရေထွက်ပေါက်ကနေ ရလာတဲ့ရေကို ရေစစ်ကန်လို့ခေါ်တဲ့ အမှိုက်စစ်ကန်တစ်ခု ထားပေးရမှာပါ။ ဒီကန်က ထွက်ရေကိုမှ ပိုက်နဲ့သွယ်ပြီးတော့ လေအိုးထဲကို ဝင်စေတာဖြစ်ပါတယ်။ အမှိုက်စစ်ကန်နဲ့ လေအိုးထားရှိတဲ့နေရာတွေဟာ လျော့ဇောက်ပုံ သဏ္ဍန်ရှိရပါမယ်။ အမှိုက်စစ်ကန်ကနေ တစ်ဖြေးဖြေး နိမ့်ဆင်းလာရမှာလည်း ဖြစ်ပါတယ်။ အနိမ့်အမြင့် သုံးပေခွဲကနေပြီးတော့ ရေတင်တဲ့အစနစ် အလုပ် လုပ်ပါတယ်။ အခုသူအသုံးပြုထားတဲ့ လေအိုးကတော့ တရုတ်နိုင်ငံကနေ ဝင်လာတာ ဖြစ်ပြီး ရေဝင်လေးလက်မနဲ့ ရေထွက်နှစ်လက်မ ဖြစ်တယ်လို့ သိရပါတယ်။ ကိုယ့်နည်း ကိုယ်ဟန်နဲ့ ဂဟေဆော်ပြီး လုပ်ယူလို့ရတယ်လို့လဲ သိရပါတယ်။ တရုတ်နိုင်ငံကလာတဲ့ လေအိုးကို အသုံးပြုမယ်ဆိုရင်တော့ ကုန်ကျစရိတ် ရှိနိုင်ပြီး ကိုယ်တိုင် ပြုလုပ်ပြီး သုံးမယ်ဆိုရင်တော့ ကုန်ကျစရိတ်သက်သာတယ်လို့ သူက ပြောပါတယ်။ ဒါကိုလည်း ဦးခွန်ကျော်ခေါင်က အခုလို ရှင်းပြပါတယ်။

“ ပြည်တွင်းဖြစ်သုံးရင်တော့  ပိုသက်သာမယ် ခင်ဗျ။ ပိုသက်သာတယ်ဆိုတာက ကိုယ့်ဟာကိုယ် အဟောင်းဆိုင်တွေမှာ ပိုက်လုံးကြီးတွေဝယ်လို့ရတယ်။ ပိုက်လုံးဝယ်ပြီးတော့ ဒီထိပ်လေးကို ဂဟေဆော်လိုက်ရင် သက်သာတယ်ပေါ့နော်။ တရုတ်ဝယ်တာက အမျိုးမျိုးရှိတယ်။ ကျွန်တော်ဟာက လေးလက်မဝင် နှစ်လက်မ ထွက်ပေါ့။ တစ်ချို့က နှစ်လက်မဝင် တစ်လက်မ ရှိတယ်။ ဒီလေးလက်မဝင် နှစ်လက်မထွက်ကို လေးသိန်းခွဲပေးရတယ်ပေါ့နော်။ ဒီအိုးအတွက်ပဲပေါ့ ဒီက ရေစက်ကန်တို့ အဝင်ပိုက်တို့ အထွက်ပိုက်တို့ မပါဘူးပေါ့။ ဒါပေမယ့် သူကုန်ကျမှုကတော့ တစ်ခါပဲ ကုန်ကျမယ်ပေါ့။ ကြားထဲမှာ ဘာကုန်မလဲဆိုတော့ ဝါရှာ ဝါရှာကတော့ ကျွန်တော်တို့ ကားတာယာဟောင်းကို လှီးပြီး ထည့်လိုက်ယုံပဲ။ တစ်နှစ်မှာ တစ်ခါ နှစ်ခါလဲပေးရင် ရပြီ။ ပြုပြင်ထိန်းသိမ်းဖို့ အဲတာပဲ ရှိတယ်။ ဝါရှာပြားတစ်ပြားကို ၁၀၀၀/၁၅၀၀ ပဲပေးရတယ် ရေရှည်ပေါ့။”

ဦးခွန်ကျော်ခေါင်ဟာ ဒီစနစ်ကို အသုံးပြုလာတာ လေးနှစ်ကျော်လာပြီ ဖြစ်ပေမယ့် ဒီအတောတွင်းမှာ ကုန်ကျစရိတ်အနေနဲ့ ကြားခံဝါရှာ ဖိုးလောက်ပဲ ကုန်ကျတယ်လို့ ပြောပါတယ်။ ကနဦးတပ်ဆင်ခသာ ကုန်ကျပြီးတော့ ရေရှည်အတွက် ကုန်ကျစရိတ် မရှိတော့ဘူးလို့လဲ သိရပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု နည်းတဲ့ အတွက်လည်း သူက ကျေနပ်လို့ နေပါတယ်။ ဒါတွေကတော့ ရှမ်းပြည်နယ်တောင်ပိုင်းက ဟိုးပုန်းမြို့နယ်ရဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ နည်းပညာသစ်ကို အသုံးပြုပြီးတော့ စိုက်ပျိုးရေး လုပ်ငန်းတွေကို လုပ်ကိုင်နေကြတာပဲ ဖြစ်ပါတယ်။ မိရိုးဖလာစိုက်ပျိုးနည်းစနစ်တွေနဲ့သာ စိုက်ပျိုးလေ့ရှိတဲ့ တောင်ပေါ်ဒေသရဲ့ စိုက်ပျိုးရေး တွေမှာတော့ အခုလို ရေဖြန်းစနစ် ရေတင်စနစ်တွေနဲ့ စမ်းသပ် စိုက်ပျိုးတာဟာ ကောင်းမွန်တဲ့ အလားအလာတစ်ခု ဖြစ်လို့ နေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required