ရာသီဥတုပြောင်းလဲမှုအပေါ် ဦးစားပေးမှုများ အားနည်းနေ

ရာသီဥတုပြောင်းလဲမှုအပေါ် ဦးစားပေးမှုများ အားနည်းနေ

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၆။           ။ ရာသီဥတု ဖေါက်ပြန်ပြောင်းလဲမှုများသည် နှုတ်အားဖြင့်အရေးကြီးကြောင်း ပြောနေသော်လည်း လက်တေ့ွတွင် ဦးစားပေးမှုများ အားနည်းနေကြောင်း ဖေဖော်ဝါရီ ၂၆ ရက်နေ့က ပြုလုပ်ခဲ့သည့် (၂၁) ကြိမ်မြောက် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ညီလာခံအလွန် ဆွေးနွေးပွဲ တွင် EcoDev ၏ ဒါရိုက်တာ ဦးဝင်းမျိုးသူက ပြောသည်။

" နိုင်ငံတော်အနေနဲ့ ဘယ်လောက်အရေးတယူ ဆောင်ရွက်လဲ ဆိုတာ နံပါတ်တစ်အချက် ဘယ်အဖွဲ့အစည်းတွေရှိလဲ၊ ဘယ်လောက်ပိုက်ဆံပေးထားလဲ။ နှုတ်အားဖြင့်ကတော့ ရာသီဥတု   ပြောင်းလဲမှုကတော့ အရမ်းအရေးကြီးတယ်။ ဒါပေမယ့် လက်မပါဘူးဖြစ်နေတယ်" ဟု EcoDev ၏ ဒါရိုက်တာ ဦးဝင်းမျိုးသူက မဇ္ဈိမသို့ ပြောသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံသည် သဘာဝပြောင်းလဲမှုဆိုင်ရာများကို ကာကွယ်ပေးနိုင်မည့် အစီအစဉ်များအား နိုင်ငံတကာအတွေ့အကြုံများ သင်ခန်းစာယူ ရေးဆွဲနိုင်မည့် အခြေအနေသို့   ရောက်ရှိနေပြီး  ကြုံတွေ့နေရသော စိန်ခေါ်မှုမှာ ရာသီဥတုပြောင်းလဲမှုတွင် ထိခိုက်မှုအရှိဆုံးသူများအား ကာကွယ်ပေးနိုင်မည့် အစီအမံများချမှတ်ရေးနှင့် အကောင်အထည်ဖေါ်ရေးဖြစ်ကြောင်း သိရသည်။

အစိုးရအနေဖြင့်လည်း ရာသီဥတုပြောင်းလဲခြင်းနှင့် ပက်သက်၍ မူဝါဒများ ချမှတ်ရုံဖြင့် မလုံလောက်ပဲ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက အမှန်တကယ် လိုအပ်သောသူများဆီသို့ ထိရောက်စွာ ကူညီထောက်ပံ့မှုများ ပေးသင့်ကြောင်း၊ ယင်းသို့ ကူညီပေးရာတွင် အရပ်ဖက်လူ့အဖွဲ့အစည်းများ၊ NGOs များနှင့် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း Action Aid ၏ သဘာဝပတ်ဝန်းကျင်   ပြောင်းလဲမှုဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်သူတစ်ဦးဖြစ်သည့် Mr. Harjeet Singh က ပြောသည်။

ရာသီဥတုပြောင်းလဲခြင်းနှင့်ပက်သက်၍ ရေရှားပါးမည့် ပြဿနာများ ကြုံတွေ့နိုင်ကြောင်း၊ မုန်တိုင်းများတိုက်ခြင်း၊ ရေကြီးခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ကြုံနိုင်ကြောင်း၊ ယင်းအတွက် ကြိုတင်သတိပေးနိုင်ရန် ကြိုးစားနေကြောင်း၊ ဒုတိယဦးစားပေးအနေဖြင့် သစ်တောများအား ပြုစုပျိုးထောင်ခြင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် ရာသီဥတုဒဏ်ခံနိုင်သော စိုက်ပျိုးရေးများဖြစ်စေရေး အစရှိသည်ဖြင့် ဦးစားပေး ဆက်လုပ်ရန် လိုအပ်ကြောင်း ဦးဝင်းမျိုးသူ ကပြောသည်။

မြန်မာနိုင်ငံသည် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ပဋိညဉ် စာတန်းကို ၁၉၉၄ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ယင်းပဋိညဉ် အား အကောင်အထည်ဖေါ်သောအားဖြင့် ၂၀၁၂ ခုနှစ်တွင် စိုက်ပျိုးရေး၊ ကြိုတင်အသိပေးရေး၊ သစ်တော၊ ပြည်သူ့ကျန်းမာရေး၊ ရေအရင်းအမြစ်၊ ကမ်းရိုးတန်းဒေသများ၊ စွမ်းအင်၊ စက်မှုနှင့် ဇီဝမျိုးကွဲ အစရှိသည့် ကဏ္ဍ ၈ ခု ပါဝင်သော လိုက်လျောညီထွေမှုဆိုင်ရာ အမျိုးသားစီမံချက်ကို ရေးဆွဲခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly