ရေပြတ်နေတဲ့ဒေသများအတွက် ဝမ်းသာစရာ သတင်းကတော့ တစ်ပတ်အတွင်းမိုးရွာနိုင်

26 February 2016
ရေပြတ်နေတဲ့ဒေသများအတွက် ဝမ်းသာစရာ သတင်းကတော့ တစ်ပတ်အတွင်းမိုးရွာနိုင်

တစ်ပတ်အတွင်း မိုးလေဝသသ ခန့်မှန်းချက်များကို မိုလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်နှင့် တွေ့ဆုံမေးမြန်းလျက် အပတ်စဉ် သောကြာနေ့တိုင်း မဇ္ဈိမက တင်ပြလျက် ရှိပါတယ်။  ဒီတစ်ပတ် တင်ပြချက်ကတော့ ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၄ ရက် အထိ ခန့်မှန်းချက်ပဲ ဖြစ်ပါတယ်။

ဆောင်း နဲ့ နွေအကူးကာလ အခြေအနေ

ရာသီကာလ အပိုင်းအခြားအနေနဲ့ ၂၀၁၆ ခုနှစ်ရဲ့ ဆောင်းရာသီကာလဟာ မကြာမီကုန်ဆုံးတော့မှာ ဖြစ်ပြီးတော့ မတ်လဆန်းတာနဲ့ ၂၀၁၆ခုနှစ်ရဲ့ နွေရာသီကာလရောက်ရှိတော့မှာ ဖြစ်ပါတယ်။

 ဒီလိုအချိန်ကာလမျိုးမှာ မြန်မာနိုင်ငံမှာ ရေဘုယျအားဖြင့် ကြုံတွေ့ရလေ့ရှိတဲ့ ရာသီဥတု အပြောင်းအလဲ ကတော့ နေ့စဉ် နေ့အပူချိန်တွေ တဖြည်းဖြည်း ပြန်လည်မြင့်တက်လာတတ်ခြင်းပဲ ဖြစ်ပါတယ်။

အဲ့ဒါကြောင့်ပဲ အခုရက်ပိုင်း မြန်မာနိုင်ငံမှာ ဆောင်းရာသီကုန်ဖို့ ရက်သတ္တပတ်လောက် လိုနေသေးပေမယ့်လို့ နေ့အပူချိန်တွေဟာ တစ်ချို့ဒေသတွေမှာ ၄၀ ဒီဂရီစင်တီဂရိတ်ရောက်အောင် ကျော်လွန်နေတာတွေ့ရပါတယ်။

အပူချိန်မြင့်တက်

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၈ရက်နေ့မှာ ဆိုရင် ရန်ကုန်မြို့ တစ်နေရာမှာ တိုင်းတာရရှိတဲ့ အပူချိန်ဟာ ၄၁ ဒီဂရီစင်တီဂရိတ်ထိရှိနေတာကို တွေ့ရပါတယ်။ ဒါဟာ ဒီဂျစ်တယ်တိုင်းတာနည်းဖြစ်တဲ့အတွက် အနည်းငယ် ကွဲလွဲမှု ရှိနိုင်ပေမယ်လို့ သေချာတာကတော့ အပူချိန်ဟာ ၄၀ ဒီဂရီစင်တီဂရိတ်တော့ မြန်မာနိုင်ငံတော်တော် များများမှာ စတင်ရောက်ရှိနေပြီလို့ ပြောရမှာ ဖြစ်ပါတယ်။

 အထူးသဖြင့် မကွေးတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့မှာ နေရာတော်တော်များများ နေ့အပူချိန်တွေဟာ ၄၀ ဒီဂရီစင်တီဂရိတ် သို့မဟုတ် ၁၀၄  ဒီဂရီဖာရင်ဟိုက်ကို ရောက်ရှိကျော်လွန်နေပြီ ဖြစ်ပါတယ်။

အယ်နီညိုအားကောင်း

၂၀၁၆ ခုနှစ်မှာ အရေးပါတဲ့ ရာသီဥတု အပြောင်းလဲတွေ ရှိနိုင်ပါတယ်။ အကြောင်းကတော့ ပြီးခဲ့တဲ့ ၂၀၁၅ ဇွန်လလောက်က စတင်ပြီးတော့ အခု ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလ ရောက်တဲ့ အထိ အယ်နီညိုရာသီဥတုဟာ ဖြစ်ပေါ်နေခဲ့ပါတယ်။ ဒီအယ်နီညို ရာသီဥတုဟာ ပြီးခဲ့တဲ့ ၂၀၁၅ ဒီဇင်ဘာလမှာ အားကောင်းဆုံး ဖြစ်ခဲ့ပါတယ်။

ဒီဇင်ဘာလမှာ တိုင်းတာရရှိတဲ့ အယ်နီညိုရဲ့ အင်အားကို ပြန်လည်လေ့လာကြည့်တဲ့ အခါမှာ သမိုင်းမှာ အားကောင်းဆုံ အယ်နီညိုလို့ သတ်မှတ်ခဲ့တဲ့ ၁၉၉၇/၉၈ အယ်နီညိုရဲ့ အင်အားထက် အခု ၂၀၁၅/၁၆ အယ်နီညိုရဲ့ အင်အားက ပိုမိုများနေတာ ကို တွေ့ရပါတယ်။

လက်ရှိအယ်နီညိုဟာ သမိုင်းမှာ အားကောင်းဆုံ အယ်နီညို ဖြစ်နေပါတယ်။ နောက်ဆုံးတိုင်းတာ ရရှိတဲ့ ဖေဖော်ဝါရီလ ၁၅ရက်နေ့က တိုင်းတာချက်ကို ပြန်ကြည့်မယ်ဆိုရင်တော့ အယ်နီညိုဟာ ၂၀၁၆ခုနှစ်အတွင်း ဆက်လက်ဖြစ်ပေါ်နေသေးတဲ့ အပြင် ဒီအယ်နီညိုဟာ ၂၀၁၆ခုနှစ် နှစ်ဝက်လောက်ထိ ဆက်လက်ရှိနေမယ်လို့ ခန့်မှန်းတွက်ချက် ရရှိထားပါတယ်။ အယ်နီညိုရဲ့ ထိခိုက်မှုတွေဟာ ၂၀၁၆ ဇွန်လလောက်ထိ ဆက်လက်ကြုံ တွေ့နေရအုံးမယ်လို့ ဆိုနိုင်ပါတယ်။

စိုက်ပျိုးသီးနှံအထွက်ကျ

လက်ရှိအားဖြင့် အယ်နီညိုရဲ့ ထိခိုက်မှုတွေကို ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်အတွင်း ပြန်လည်ကြည့်တဲ့ အခါမှာ မြန်မာနိုင်ငံအနေနဲ့ အဆိုးဝါးဆုံး ရေကြီးမှု ကြုံတွေ့ခဲ့ရတယ်။ ရေကြီးတဲ့နေရာက ကြီးနေပေမယ့် မိုးခေါင်တဲ့နေရာက မိုးတွေ ခေါင်နေခဲ့တယ်။ စိုက်ပျိုးသီးနှံ အထွက်တွေ ကျဆင်းခဲ့တယ်။

စိုက်ပျိုးသီးနှံဈေးနှုန်းတွေ မြင့်တက်ခဲ့တယ်။ ဥပမာ စပါးဈေး ဆိုရင် ဇွန်လမှာ ရှိတဲ့ စပါးဈေးထက် အောက်တိုဘာလ မှာ ၃၈.၄% မြင့်တက်ခဲ့တယ်လို့ လေ့လာမှုတစ်ခုအရ သိရတယ်။ စပါးအပါဝင် စိုက်ပျိုးသီးနှံလျော့တဲ့ အတွက် စားနပ်ရိက္ခာ လုံခြုံမှုကို စိန်ခေါ်မှုများနဲ့ ကြုံတွေ့ခဲ့ရတယ်။

 အဲတာအပြင် ဈေးနှုန်းမတည်ငြိမ်မှုတွေလည်း ဖြစ်ခဲ့တာ တွေ့ရပါတယ်။ ကမ္ဘာတစ်ဝန်းလုံးမှာလည်း အယ်နီညို ရာသီဥတု ဖြစ်ပေါ်ခဲ့တဲ့အတွက် အလွန်ပူပြင်းတဲ့ ရာသီဥတု ဒဏ်ကို အိန္ဒိယ၊ တရုတ်၊ ဖိလစ်ပိုင်၊ အမေရိကန်၊ အင်ဒိုနီးရှား စတဲ့ နိုင်ငံတွေမှာ အပြင်းအထန် ခံစားခဲ့ရပါတယ်။ အပူချိန်မြင့်တက်မှု ဒဏ်ကြောင့် ကမ္ဘာတစ်ဝန်း မှာ သေဆုံးသူပေါင်း ၂၀၁၀၀၀ ကျော်ရှိခဲ့ပါတယ်။ အထွေထွေအရပ်ရပ် ပျက်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန် ဒေါ်လာ၆၆ ဘီလီယံ ကျော်ရှိခဲ့တယ်လို့လည်း သိရပါတယ်။

အခါတိုင်းနှစ်ထက်စောပြီးရေရှားပါးနိုင်

၂၀၁၆ ခုနှစ်အတွင်းမှာ လောလောဆယ်မှာ မကြာမီကျရောက်တော့မယ် နွေရာသီကာလ မရောက်မိမှာပဲ လက်တွေ့အားဖြင့် ကြုံတွေနေရတဲ့ အချက်တွေထဲမှာ အဓိကအားဖြင့် ရေရှားပါးတဲ့ ရေပြတ်လတ်တဲ့ ပြဿနာ ကြုံတွေ့နေရခြင်းပဲ ဖြစ်ပါတယ်။

 မြန်မာနိုင်ငံမှာ ရေရှားပါးမှုကို နှစ်စဉ်နှစ်တိုင်းလိုလို ကြုံတွေ့ရတတ်လေ့ ရှိပေမယ့် ဒီနှစ်မှာတော့ ခါးတိုင်းနှစ် များထက်လစောပြီးတော့ ရေပြတ်လတ်မှုကို ကြုံတွေ့နေရပါတယ်။ လက်ရှိအယ်နီညိုကြောင့် ရေပြတ်လတ်နိုင် မယ့်ဒေသတွေဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကထက် ၃ဆကျော်လောက် ပိုများလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

 မြို့နယ်ပေါင်း ၁၇၃ မြို့နယ်မှာ ကျေးရွာပေါင်း ၁၇၅၈ရွာ ရေပြတ်လတ်မှု အန္တရယ်ကြုံတွေ့နိုင်တယ်လို့ ကျေးလက်ဦးစီးဌာနရဲ့ တရားဝင်ထုတ်ပြန်ချက် သတင်းမှာ ဖော်ပြထားပါတယ်။

တစ်ချို့ဒေသတွေမှာ ရေပြတ်လတ်မှုဟာ တော်တော်အခြေနေ ဆိုးနေတဲ့အတွက် ဥပမာ ဧရာဝတီတိုင်း သာပေါင်းမြို့မှာဆိုရင် စက်ရေတွင်းများ တူးတဲ့အခါမှာ ရေမထွက်တော့တဲ့ ပြဿနာများကြုံတွေ့ရပါတယ်။ တစ်ချို့ကျေးရွာတွေမှာ မြစ်နဲ့ မနီးတဲ့အတွက် သောက်သုံးရေများ ရှားပါးမှုကြောင့် လယ်ကွင်းထဲက ရေတွေကို သောက်သုံးနေရတဲ့ အထိ ရေပြတ်လပ်မှု ကြုံတွေ့နေရတယ်လို့ တာဝန်ရှိသူ တစ်ယောက်ရဲ့ ပြောပြချက်ကိုလည်း သိရပါတယ်။

အယ်နီညိုကြောင့် ခါတိုင်းနှစ်ထက် မီးပိုဂရုစိုက်သင့်

ဒုတိယ ကြုံတွေ့ရတဲ့ ပြဿနာကတော့ နေ့စဉ်လိုလို ကြုံတွေ့ရတဲ့ မီးလောင်ခြင်းပဲ ဖြစ်ပါတယ်။ မီးလောင် တာကလည်း မြန်မာနိုင်ငံမှာ ပုံမှန်အားဖြင့် ကြုံ တွေ့ရလေ့ ရှိပေမယ်လို့ ဒီနှစ်မှာတော့ ပုံမှန်ထက် ကာလအားဖြင့်လည်း စောနေတဲ့ အပြင် လောင်ကျွမ်းမှု အကြိမ်အနေနဲ့လည်း များစွာမြင့်တက်နေတာကို တွေ့ရပါတယ်။  

လေ့လာမှု တစ်ခုအရ ရက်သုံးဆယ်အတွင်းမှာ မီးလောင်မှု အကြိမ်ပေါင်း ၁၀၆ကြိမ်ခန့်ထိ ဖြစ်ခဲ့တဲ့ အတိုင်းတာ ရှိပါတယ်။ လက်ရှိအချိန်ထိ မီးလောင်ကျွမ်းမှု ပေါင်းဟာ ၁၆၀ကျော်ထိ ရှိနေပြီလို့လဲ လေ့လာမှု တစ်ခုအရ သိရပါတယ်။  

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၄ရက်နေ့ အထိ မြန်မာနိုင်ငံတစ်ဝန်းမှာ မီးလောင်ကျွမ်းမှုကြောင့် စုစုပေါင်း အိမ်ခြေ ၉၂၉လုံး မီးလောင်ကျွမ်းခံရပြီးတော့ ဆုံးရှုံးမှုတန်ဖိုးကတော့ မြန်မာကျပ်ငွေ ၁၄၄.၆၈၅သန်းအထိ ရှိနေပြီဆိုတာကိုလည်း မီးသတ်ဦးစီးဌာနရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

 မကြာမီ နွေရာသီကာလ ကျရောက်လာတဲ့ အခါမှာ ရာသီဥတုက ပူပြင်းခြောက်သွေ့လာတဲ့အတွက် မီးလောင်ကျွမ်းမှု အန္တရယ်ဟာ ပိုမိုပြီးတော့ မြင့်တက်လာနိုင်ပါတယ်။

 မီးလောင်တဲ့ အကြောင်းတရားမှာ သဘာဝမဟုတ်တဲ့ အကြောင်းတရား သဘာဝကြောင့် ဖြစ်တဲ့ အကြောင်းတရားရယ်လို့ ရှိနိုင်ပေမယ့်လို့ သဘာဝကြောင့် ဖြစ်တဲ့ မီးလောင်မှုမှာတော့ အဓိကကြောင်းက ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုကြောင့် မီးလောင်ခြင်း ဖြစ်ရပါတယ်။

 အယ်နီညိုရာသီဥတုဟာ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုကို ဖြစ်စေတတ်တဲ့အတွက် မီးလောင်ခြင်းကို အားပေးတယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် လာမယ့် နွေရာသီကာလမှာ မီးဘေးအန္တရာယ်ကိုတော့ ကြိုတင်သတိရှိရှိနဲ့ အားလုံးဝိုင်းဝန်းဆောင်ရွက်ကြဖို့ လိုမယ်လို့ တင်ပြလိုပါတယ်။

ဆက်လက်ပြီးတင်ပြလိုတဲ့ အကြောင်းအရာကတော့ ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ်အတွင်းမှာ အယ်နီညို ပထမ ၆လ ကာလအတွင်းမှာပဲ ကမ္ဘာတစ်လွှားမှာ အယ်နီညိုရဲ့ ထိခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတွေ များစွာ မြင့်မားနေတဲ့ အထဲမှာ လူအသေအပျောက်ရော ဆုံးရှုံးမှုတန်ဖိုးတွေကော မျာစွာ ကြီးမြင့်နေတဲ့ အတွက် အခုလာမယ့် ၂၀၁၆ခုနှစ်အတွက် ဒုတိယ ၆လအတွင်းမှာ အယ်နီညိုကြောင့် ပျက်စီးဆုံးရှုံးမှုနဲ့ သေကြေမှုတွေကိုတော့ အထူးဂရုစိုက်ပြီး ကြိုတင်ကာကွယ်မှုများ လုပ်ဖို့ လိုမယ်လို့ တင်ပြလိုပါတယ်။

တစ်ပတ်အတွင်းမိုးရွာရန်အလားအလာရှိ

နောက်ဆုံးတင်ပြလိုတာကတော့ လာမယ့်တစ်ပါတ်အတွင်းမှာ ရေပြတ်လပ်နေတဲ့ ဒေသများအတွက် ဝမ်းသာဖွယ်ရာ သတင်းတစ်ခုကတော့ လာမယ့်တစ်ပါတ်အတွင်း မိုးရွာဖို့ အလားလာများ ရှိနေခြင်းပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ တို့မှာ မိုးအသင့်တင့်ရွာသွန်းနိုင်ပါတယ်။ စစ်ကိုင်တိုင်း၊ ချင်းပြည်နယ်၊ မန္တလေးတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ စတဲ့ဒေသတွေမှာ မိုးအနည်းငယ် နေရာကွက်ကျား ရွာသွန်းနိုင်ပါတယ်။ ဒါဟာဖြင့် ရေပြတ်လပ်နေတဲ့ ဒေသ အထူးသဖြင့် ရှမ်းပြည်နယ်၊ ကလောမြို့နယ်မှာ ရှိတဲ့ ကျေးရွာများအတွက် အခွင့်ရေးကောင်းတစ်ခု ဖြစ်ပါတယ်။ ရွာသွန်းမယ့် မိုးရေချိန်တွေကို အကျိုးရှိရှိ အသုံးပြုနိုင်အောင် တတ်နိုင်သမျှ ရေကို စုဆောင်းနိုင်အောင် ကြိုတင်စီမံ ဆောင်ရွက်သင့်တယ်လို့လည်း အကြံပြုလိုပါတယ်။

နေအပူချိန် ညအပူချိန် ဆက်လက်မြင့်တက်နိုင်

လာမယ့်တစ်ပါတ်အတွင်းမှာတော့ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်ဖို့ အလားလာ မရှိနိုင်သေးတဲ့ အပြင် လာမယ့်တစ်ပါတ်အတွင်းမှာ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးမှာ နေ့အပူချိန်တွေ ညအပူချိန်တွေ အားလုံးဟာ ပြီးခဲ့တဲ့ ရက်များကထက် ပိုမိုမြင့်တက်လာမှာ ဖြစ်နိုင်တဲ့အတွက် အအေးပေါ့ပြီးတော့ အပူချိန်များ တစ်နေ့ထက် တစ်နေ့ ပိုမိုမြင့်မားလာမယ်ဆိုတဲ့ အချက်ကို သတိပြုဖို့ လိုတဲ့ အကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး သဘာဝဘေးအန္တရာယ်များမှာ အစဉ်ကင်းဝေးနိုင်ကြပါစေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly