အိုးအိမ်မဲ့ များပြားလာတဲ့ မြို့တော်ရန်ကုန်

အိုးအိမ်မဲ့ များပြားလာတဲ့ မြို့တော်ရန်ကုန်

ကျေးလက်ဒေသ ဝင်ငွေနည်းသူတွေအတွက် မြို့ကြီးတွေက ဆွဲဆောင်မှု ရှိပါတယ်၊ သူတို့တွေနေထိုင်ဖို့အတွက်တော့ မြို့ကြီးတွေက အသင့်ဖြစ်မနေပါဘူး

ရန်ကုန် (Myanmar Now) - မအိချိုခိုင် ။                ။ ဖြစ်ချင်ခဲ့တာက ဧည့်လမ်းညွှန်။ ကျောင်းပိတ်လို့ မကွေးတိုင်းဒေသကြီးအတွင်းက သူ့ရွာက လေးကိုပြန်ပြီး အမေ့ဘိန်းမုန့်ဆိုင်လေးမှာ ဝိုင်းကူတဲ့အခါ နိုင်ငံခြားသား ခရီးသွားအုပ်စုကို ဦးဆောင် လာတဲ့ ဧည့်လမ်းညွှန်တွေကို မကြာခဏ တွေ့ရတယ်။

“တိုးရစ်ဂိုက် (ဧည့်လမ်းညွှန်) တစ်ယောက်ဖြစ်ဖို့ အင်္ဂလိပ်စာနဲ့ ကွန်ပြူတာကို သင်ချင်တာနဲ့ ရန်ကုန်ကို ရောက်လာတာပါ” လို့ သူက၂ဝဝဝ ပြည့်နှစ်လောက်က အကြောင်း ပြန်ပြောပြပါတယ်။
အဲဒီအချိန်ကစလို့ သူ့မျှော်လင့်ချက်တွေဟာ အခက်အခဲပေါင်းစုံနဲ့ ကြုံတွေ့ခဲ့ရတာပါ။ သူရန်ကုန်ကို လက်ဗလာနဲ့ ရောက်လာချိန်မှာ အသက်က ၁၉ နှစ်။ ဈေးပေါပေါအိမ်ခန်းရှာပြီး စားဝတ်နေရေးအတွက် ရရာအလုပ် လုပ်ရပါတော့တယ်။ လွန်ခဲ့တဲ့ ၁၆ နှစ်လုံးလုံး သူလုပ်ကိုင်ခဲ့တာ ကတော့ ရန်ကုန်မြို့စွန် လှိုင်သာယာစက်မှုဇုန်က အထည်ချုပ်စက်ရုံ တစ်ခုမှာပါ။

“ကျွန်မဒီကို လာခဲ့တုန်းက မျှော်လင့်ချက်တွေအများကြီး ပါခဲ့တယ်။ အထည်ချုပ်စက်ရုံမှာ လုပ်မယ်လို့ ရည်ရွယ်ချက် မရှိခဲ့ဘူး။ ဒါပေမယ့် အင်္ဂလိပ်စာသင်ယူဖို့ ကုန်ကျစရိတ်ကိုလည်း မတတ်နိုင်ဘူး။ အခုတော့ ငွေရဖို့ အဓိက စဉ်းစားနေရပြီ” လို့ မအိချိုခိုင်က ပြောပါတယ်။

ကျေးလက်ဒေသ ဆင်းရဲမွဲတေမှုကနေ လွတ်မြောက်ဖို့ သူ့လိုပဲ ရန်ကုန်ကို မျှော်လင့်ချက် အပြည့်နဲ့ ထွက်လာတဲ့သူ အရေအတွက်က နှစ်စဉ် သောင်းနဲ့ချီပြီး ရှိနေပါတယ်။ ဒီလိုရွှေ့ပြောင်းလာ သူ အများစုဟာ နောက်ဆုံးတော့လူ ၇ သိန်းလောက်နေထိုင်တဲ့ လှိုင်သာယာဘက်ကို ရောက်သွား ပါတယ်။

ဒီမိုကရေစီ၊စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ ပေါ်ပေါက်လာမယ့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အစိုးရက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ထပ်မံဖိတ်ခေါ်လိုက်ရင် မြို့ကြီးတွေမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ များပြားလာပြီး နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှာကြောင့် ကျေးလက်ကနေ မြို့ပြကို ပြောင်းရွှေ့လာမယ့် အလားအလာ ပိုမိုများနေပါပြီ။

နိုင်ငံတွင်း ရွှေ့ပြောင်းအခြေချ နေထိုင်တာ အလျင်အမြန် တိုးတက်လာမှုအတွက် ရန်ကုန်မြို့ မှာ အသင့်ပြင်ဆင်ထားတာ အားနည်းလို့ စနစ်မကျတဲ့ မြို့ပြလူနေမှုပုံစံ ဖြစ်လာနိုင်တယ်လို့ မြို့ပြစီ မံကိန်း ကျွမ်းကျင်သူများက သတိပေးထားပါတယ်။

ရွှေ့ပြောင်းလာသူများအတွက် တန်ဖိုးနည်းအိမ်ရာတွေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ စီစဉ်ပေးနိုင်ဖို့ အစိုးရအနေနဲ့ မူဝါဒတွေ၊ လုပ်ငန်းစဉ်တွေ ရှိနေရမယ်လို့ သူတို့က တိုက်တွန်းနေ ကြတာပါ။
“မြို့ပြကို အခြေချ ရွှေ့ပြောင်းနေထိုင်မှုတွေနဲ့ ပတ်သက်ပြီး မှန်မှန်ကန်ကန် မကိုင်တွယ်နိုင်ဘူး ဆိုရင် ကျူးကျော်နေထိုင်မှုတွေ ပိုမိုဆိုးရွားလာတာ၊ လူနေမှုကွာဟချက် ပိုမိုမြင့်မားလာတာ၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ နောက်ဆက်တွဲ ဆိုးကျိုးတွေ၊ မြို့ပြလူနေမှု နိမ့်ကျလာတာတွေ  ဖြစ်လာနိုင်ပါ တယ်” လို့ UN-Habitat လို့ခေါ်တဲ့ ကုလသမဂ္ဂ မြို့ပြစီမံကိန်းဆိုင်ရာ အဖွဲ့ရဲ့ ကျွမ်းကျင်သူအရာရှိ Jack Finegan က ပြောပါတယ်။

ရန်ကုန်မှာ အိမ်ရာနဲ့ အခြေခံအဆောက်အဦ တိုးချဲ့တဲ့အခါ လူဦးရေတိုးပွားလာတာနဲ့ လိုက်လျောညီထွေ ဖြစ်စေဖို့ အာဏာပိုင်တွေအနေနဲ့ ခုကတည်းက လုပ်ဆောင်သင့်ပြီလို့ သူက ဆက်ပြောပါတယ်။
လင်းထိန်နေတဲ့ မြို့တော်ကြီး

ကျေးလက်ကနေ ရန်ကုန် ပြောင်းလာသူအများစုဟာ အလုပ်လုပ်နိုင်တဲ့ အရွယ်ရောက်လူငယ် တွေ ဖြစ်တယ်၊ ဝင်ငွေနည်းလွန်းတဲ့ ရာသီပေါ် သီးနှံစိုက်ပျိုးရေး လုပ်ငန်းတွေကို စွန့်ခွာလာသူတွေ လည်း ဖြစ်တယ်လို့ UN-Habitat ရဲ့ အာဖဂန်နစ္စတန် တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့သူ မြို့ပြဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Michael Slingsby က ပြောပါတယ်။

“မြို့ကြီးတွေမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ရှိတယ်။ မိသားစုတွေအနေနဲ့ ဝင်ငွေရလမ်း အများကြီးရှိပြီး တစ်နှစ်ပတ်လုံး အလုပ်လုပ်လို့ရတယ်” လို့ သူက Myanmar Now ကို ပြောပါတယ်။ မိုဘိုင်းဖုန်း၊ အင်တာနက်ကြောင့် မြို့ကြီးများနဲ့ ကျေးရွာများအကြား ချိတ်ဆက်မှု ကောင်းမွန်လာတဲ့ အတွက် ကျေးလက်လူငယ်တွေဟာ မြို့ပြလူနေမှုဘဝကို ပိုမိုသိရှိရပြီး သွားဖို့ကြိုးစားကြပါတော့တယ်။ မြို့ပြရဲ့ အလင်းရောင်တွေက သူတို့ထဲက တချို့ကို ရှေးရိုးစွဲ  ကျေးလက် လူမှုအသိုင်းအဝိုင်းရဲ့ ကန့်သတ်တားမြစ်မှုတွေကနေ လွတ်မြောက်အောင် လုပ်ပေးနိုင်ခဲ့ပါတယ်။

“အခုဆိုရင် အတွေ့အကြုံတွေ အများကြီး ရနေပါပြီ။ ကျွန်မဖြစ်ချင်တာကို လုပ်ဖို့ လွတ်လပ်မှု ကို ရနေပါပြီ။ ကျွန်မကို တားမြစ်ထိန်းချုပ်မယ့် မိဘတွေက အခု အတူနေတာ မဟုတ်ဘူး” လို့ လှိုင်သာယာ အထည်ချုပ်စက်ရုံတစ်ရုံရောက် အသက်၂ဝ အရွယ် မခင်မြတ်နိုးဆွေက ပြောပါတယ်။ သူကတော့ လွန်ခဲ့တဲ့ငါးနှစ်တုန်းက ရန်ကုန်က အထည်ချုပ်စက်ရုံတွေမှာ အလုပ်လုပ်လို့ရတယ်ဆိုတာကို သူ့မောင်နှမဝမ်းကွဲတော်စပ်သူ တစ်ယောက်ဆီက သိရပြီး ရောက်လာခဲ့သူပါ။

မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ တစ်ခုကနေ ရန်ကုန်၊ လှိုင်သာယာကို စပြီး ရောက်လာစဉ်က ၁ဝ ပေပတ်လည် အခန်းကျဉ်းလေးထဲမှာ တခြားဝန်ထမ်း သုံးဦးနဲ့အတူ နေခဲ့ရ တယ်။ မြို့ရောက်ခါစ ဝန်ထမ်းတွေအတွက်တော့ လျှော်ဖွတ်၊ စားသောက်၊ အိပ်စက် အစရှိတာတွေ အားလုံးကို ဒီလိုဈေးပေါတဲ့ အခန်းငယ်လေးထဲမှာပဲ ဆောင်ရွက်ကြရတာပါ။ အဲဒီလိုအခန်းငယ် ၁၄ ခန်းရှိတဲ့ အဲဒီအဆောင်မှာ ငှားနေတဲ့သူ ၅၆ ယောက်က အိမ်သာ ၃ လုံးကို မျှသုံးရပါတယ်။

နောက်ပိုင်းမှာတော့ သူ့အခြေအနေ နည်းနည်း တိုးတက်လာတယ်လို့ ဆိုရပါမယ်၊ သုံးပန်လှ အမည်ရ လူမှုရေးအဖွဲ့က အထည်ချုပ်အလုပ်သမတွေ သက်တောင့်သက်သာရှိအောင် ဆောက်ပေး ထားတဲ့ အဆောင်မှာ သူနဲ့ရွယ်တူ လူလွတ် မိန်းကလေးတွေနဲ့အတူ နေနေပါပြီ။

တချို့က သူတို့ရဲ့ဘဝ ပိုမိုတိုးတက် ကြီးပွားဖို့ မြို့ပြရောက်လာကြတာ ဖြစ်သလို အချို့က လည်း ကိုယ့်ဒေသမှာ အခက်အခဲတွေ့ရလို့ ရွှေ့လာကြတာပါ။ သီးနှံအထွက်ကျဆင်း၊ အကြွေးတင် လို့ရှိတာ ရောင်းချ၊ သဘာဝဘေးအန္တရာယ်ကြောင့် စိုက်ခင်းတွေ ပျက်စီးကုန်ပြီး  ပြောင်းရွှေ့လာကြရ တာပါ။

ကိုကြည်စိုးဟာ လှိုင်သာယာက ညောင်ရွာမှာ တဲတစ်လုံးနဲ့ နေခဲ့တာ ၁၉ နှစ်ရှိပါပြီ။ ဒီကာလ အတွင်းမှာ လူသစ်တွေအများကြီး ရောက်လာတာကို သူတွေ့ခဲ့ရပါတယ်။ ၂ဝဝ၈ နာဂစ်ဆိုင်ကလုန်း ဧရာဝတီတိုင်းကို ဝင်ရောက်တိုက်ခတ်ပြီးနောက် အချိန်တိုအတွင်းမှာ လူတွေအများကြီး ရွှေ့ပြောင်း ရောက်ရှိလာခဲ့ကြတာပါ။ နိုင်ငံမှာ အဆိုးဆုံး သဘာဝဘေးအန္တရာယ် တစ်ခုဖြစ်တဲ့ နာဂစ်ဆိုင်ကလုန်း တိုက်ခတ်ခဲ့စဉ်က လူအသေအပျောက် ၁၃ဝ,ဝဝဝ ထက်မနည်း ရှိခဲ့ပြီး ဒေသခံတွေရဲ့ အသက်မွေးဝမ်း ကြောင်း လုပ်ငန်းတွေ၊ လုပ်ငန်းသုံးပစ္စည်းတွေ ပျက်စီးခဲ့ရပါတယ်။

“ကျွန်တော်တို့က တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ဘဝပါ။ လူနေမှုစရိတ်တွေကလည်း တစ်နေ့ ပြီးတစ်နေ့ မြင့်လာတယ်၊ ရှာလို့ရသမျှဟာ စားရင်းနဲ့ ကုန်သွားတယ်၊ ကျွန်တော်တို့ ညောင်ရွာ မှာနေထိုင်တဲ့ ထောင်နဲ့ချီတဲ့သူတွေကို အစိုးရက ဖယ်ရှားပစ်မယ်လို့ ဟိုတလောက သတင်းတွေ ထွက်နေတယ်” လို့ ကိုကြည်စိုးက ပြောပါတယ်။ “ကျွန်တော်အလုပ်သွားနေတုန်း အိမ်ကို အဖျက်ခံ ရမှာ စိုးရိမ်တယ်။ ရန်ကုန်မှာ အခြားကျူးကျော်ရပ်ကွက်တွေကို ရှင်းတုန်းကလည်း သက်ဆိုင်ရာ တွေက အဲဒီလိုပဲ လုပ်ခဲ့တာလေ” ပြုပြင်ပြောင်းလဲမှုများက မြို့ပြဖြစ်ထွန်းမှုကို အရှိန်တက်စေ ဖွံ့ဖြိုးဆဲနိုင်ငံ အများအပြားမှာလိုပဲ မြန်မာရဲ့ မြို့ပြဖြစ်ထွန်းမှုဟာ ရှောင်လွှဲမရသလို ဒါဟာ စီးပွားရေးနဲ့ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုရဲ့ အရေးကြီးတဲ့ အဆင့်တစ်ခုပါ။ မြို့ပြတွေမှာ ဝင်ငွေက ပိုကောင်းသလို ကျန်းမာရေးနဲ့ ပညာရေးအခွင့်အလမ်းတွေကလည်း ပိုကောင်းပါတယ်။ စက်မှုလုပ် ငန်းနဲ့ အခြားစီးပွားရေးလုပ်ငန်းတွေဟာ လူလတ်တန်းစားများပြားတဲ့၊ တိုးတက်နေတဲ့ မြို့ကြီးတွေမှာပဲ ဖွံ့ဖြိုးနိုင်တာပါ။

ရန်ကုန်မြို့ရဲ့ လူဦးရေတိုးတက်နှုန်းဟာ နှစ်စဉ် ၄ ရာခိုင်နှုန်း ရှိနေပါတယ်။  လူဦးရေ ၅ ဒသမ ၇ သန်း ရှိနေရာကနေ ၂ဝ၄ဝ ပြည့်နှစ်မှာ ၁၁ သန်းကျော်အထိ ရှိလာမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ UN-Habit ရဲ့စစ်တမ်းမှာ ဖော်ပြထားပါတယ်။ အများစုကတော့ အလုပ်အကိုင်အတွက် ကျေးလက်ဒေသ တွေကနေ ရွှေ့ပြောင်းလာသူများ ဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။

“မြန်မာနိုင်ငံက ပြည်ပနိုင်ငံတွေနဲ့ ပိုမိုချိတ်ဆက် လုပ်ကိုင်လာပြီဆိုတော့ စိုက်ပျိုးရေး မဟုတ် တဲ့ လုပ်ငန်းတွေ ပိုများလာပြီး ပြည်သူတွေအနေနဲ့ ကျေးလက်ဒေသတွေကနေ မြို့တွေကို ပြောင်းရွှေ့ လာကြတော့မှာပါ။ ဒါက ရှောင်လွှဲမရတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပြီး ဘယ်သူမှ တားထားလို့ မရပါဘူး” လို့ နိုင်ငံတကာ ရွှေ့ပြောင်းအခြေချသူများဆိုင်ရာ အဖွဲ့မန်နေဂျာ မစ်ချီကိုအီတိုက ပြောပါတယ်။

“ဒါက ကမ္ဘာလုံးဆိုင်ရာ ဖြစ်စဉ်တစ်ခုပါ။ထူးခြားတာတစ်ခုက မြန်မာနိုင်ငံအနေနဲ့ ဒီလိုရွှေ့ ပြောင်းမှုနှုန်းကို အရင်က မကြုံခဲ့ရဘဲ အခုမှာဖြစ်လာတာကြောင့် အလျင်အမြန်နဲ့ကို ဖြစ်ထွန်းနေ တာပါ”
အိမ်နီးချင်းနိုင်ငံများထံမှ သင်ယူခြင်း

စစ်အုပ်ချုပ်ရေးစနစ်အောက်မှာ ဆယ်စုနှစ် ငါးခုခန့်ကြာပြီးနောက် နေပြည်တော်တည် ဆောက်ပြီး နိုင်ငံရဲ့မြို့တော် ပြောင်းသွားပါတယ်။ မြို့တော်ဟောင်း ရန်ကုန်ရဲ့ အခြေခံအဆောက် အဦနဲ့ အိမ်ရာကဏ္ဍတွေမှာ ဖွံ့ဖြိုးတိုးတက်မှု အားနည်းလာခဲ့ပြီး ကိုလိုနီခေတ်ကတည်းက ရှိခဲ့တဲ့ ရန်ကုန်မြို့တော်ဟာ အမေ့ခံထားရလို့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ နိမ့်ကျနေပါပြီ။

မြို့ပြဖွံ့ဖြိုးရေး၊ ခေတ်မီမြို့တော် စီမံကိန်းလုပ်ငန်းတွေကို ဆယ်စုနှစ်များစွာ ကြိုတင် လုပ်ဆောင်ပြီးဖြစ်တဲ့ ဒေသတွင်းက ဘန်ကောက်၊ မနီလာ၊ ဂျကာတာတို့လို မြို့တော်တွေနဲ့ နှိုင်းယှဉ် ပြန်ရင်လည်း ရန်ကုန်မြို့ဟာ မြို့ပြစီမံကိန်း အကောင်အထည်ဖော်သူတွေအတွက် မတို့မထိရသေးတဲ့ မြို့တော်ပါပဲ။ Myanmar Now သတင်းဌာနက တွေ့ဆုံမေးမြန်းခဲ့တဲ့ ကျွမ်းကျင်သူ အများအပြား ကတော့မြန်မာ ဟာ ဒေသတွင်းမြို့ကြီးတွေ ကြုံတွေ့ခဲ့ရတဲ့ အောင်မြင်မှုတွေ၊ အမှားအယွင်းတွေကို သင်ခန်းစာ ယူသင့်တယ်လို့ ဆိုကြပါတယ်။

အသစ်ရွှေ့ပြောင်း ရောက်ရှိလာသူတွေအတွက် ထိရောက်ပြီး တန်ဖိုးနည်တဲ့အိမ်ရာ စီမံကိန်း တွေကို ရန်ကုန်မြို့မှာ ဦးစားပေး လုပ်ဆောင်သင့်တယ်လို့ အကြံပြုကြပါတယ်။ “ပြဿနာဟာ ဖြေရှင်းဖို့ ခက်ခဲတာကြောင့် ကြိုတင်ပြင်ဆင် လုပ်ဆောင်ဖို့ လိုပါတယ်” လို့ UN-Habitat မှ Jack Finegan က ပြောပါတယ်။

သမ္မတဦးသိန်းစိန် အစိုးရ စတင်တာဝန်ယူခဲ့တဲ့ ၂ဝ၁၁ ခုနှစ်မှစတင်ပြီး ရန်ကုန်မြို့မှာ အိမ်ရာ စီမံကိန်းတွေ ဖွံ့ဖြိုးခဲ့သလို အိမ်ငှားခတွေလည်း ဆင်ခြေဖုံးပါမကျန် တစ်မြို့လုံးမှာ ဈေးနှုန်းမြင့်တက်ခဲ့ တာပါ။ ရန်ကုန်တိုင်းအစိုးရ တာဝန်ရှိသူတွေက ဆင်းရဲနွမ်းပါးသူများအတွက် တန်ဖိုးနည်းအိမ်ရာတွေ တည်ဆောက်ပေးဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်အတွင်းက တန်ဖိုးနည်း တိုက်ခန်း ၁ဝ,၁၆ဝ ခန်းကို တည်ဆောက်ဖို့ ဆောင်ရွက်ခဲ့ပါတယ်။ တစ်ခန်းကို ကျပ်သိန်း ၁ဝဝ ကျော် ကုန်ကျတာကြောင့် ကျူးကျော်ရပ်ကွက်မှာ နေသူတွေအတွက် တည်ဆောက်ပေးဖို့ မဖြစ်နိုင်သေးဘူး လို့ဆိုပါတယ်။ “ဒီလို တန်ဖိုးနည်းအိမ်ရာတွေကို ဝင်ငွေနည်း ပြည်သူတွေအတွက် ရောင်းချပေးချင်ပေမယ့် သူတို့ဝယ်နိုင်မှာ မဟုတ်ပါဘူး” လို့ မြို့ရွာနှင့် အိုးအိမ်ဖွံဖြိုးရေး ဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးမင်းအောင်အေးက ပြောပါတယ်။

အစိုးရက ဝင်ငွေနည်း ပြည်သူတွေအတွက် တန်ဖိုးနည်း အငှားတိုက်ခန်းတွေ ဆောက်လုပ်ဖို့ လုပ်ဆောင်နေပြီး သူတို့နဲ့ ကိုက်ညီမယ့်ပုံစံ၊ ဈေးနှုန်းတွေကို သတ်မှတ်နိုင်အောင် လုပ်ဆောင်နေတယ် လို့ ဆိုပါတယ်။

တန်ဖိုးနည်း အိမ်ရာ

ရန်ကုန်တိုင်းအစိုးရရဲ့ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွေဟာ  ထိရောက်မှုမရှိဘဲ ကျူးကျော်ရပ် ကွက်မှာ နေထိုင်သူတွေ အတင်းအဓမ္မ ဖယ်ရှားခံရတာပဲ အဖတ်တင်တယ်လို့ တက်ကြွလှုပ်ရှားသူ တချို့၊ နိုင်ငံရေးသမားတချို့က ဆိုပါတယ်။ ကျူးကျော်ရပ်ကွက်တွေမှာ နေထိုင်သူတွေကို ဖယ်ရှား ရှင်းလင်းရာမှာ လုံခြုံရေးတပ်ဖွဲ့တွေပါ အသုံးပြုတာကြောင့် ဒီလုပ်ရပ်ဟာ ဆင်းရဲနွမ်းပါးသူတွေရဲ့နေထိုင် ရပ်တည်ခွင့်တွေကို ချိုးဖောက်ခြင်းဖြစ်တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။

ဒီလိုအတင်းအဓမ္မ ဖယ်ရှားမှုတွေဟာ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ပိုမိုဆိုးရွားလာပြီး ရန်ကုန်ဆင်ဖြေဖုံး အရပ်တွေမှာ ဇန်နဝါရီလအတွင်း ရဲတပ်ဖွဲ့နဲ့ မြေတူးစက်တွေကို အသုံးပြုပြီး ကျူးကျော်တွေကို ဖယ်ရှားခဲ့တာကြောင့် အိမ်ပေါင်းများစွာ ပျက်စီးသွားခဲ့ပြီး မိသားစုများစွာ လမ်းပေါ် ကို ရောက်သွားပါတယ်။

NLD အစိုးရလက်ထက်မှာ ကျူးကျော်တွေကို အခုလို အတင်းအဓမ္မ ဖယ်ရှားမှုတွေနဲ့ မြေယာ သိမ်းမှုတွေကို လုပ်ဆောင်မှာ မဟုတ်ဘူးလို့ မျှော်လင့်နေကြပါတယ်။ NLD ပါတီ တာဝန်ရှိသူတွေက ဒီကိစ္စနဲ့ ပတ်သက်ပြီး သေသေချာချာ မပြောသေးပေမယ့် ပါတီရဲ့ ၂ဝ၁၅ ရွေးကောက်ပွဲကာလအတွင်း ထုတ်ပြန်ခဲ့တဲ့ လမ်းစဉ်တွေမှာ ဒီပြဿနာတွေကို ကိုင်တွယ်သွားမယ်လို့ ဆိုထားပါတယ်။

သဘာဝဘေးအန္တရာယ်များ၊ အလုပ်အကိုင် အခွင့်အလမ်းများ၊ မြေယာသိမ်းမှုများကြောင့် မြို့ကြီးတွေကို ပြောင်းရွှေ့အခြေချလာရတဲ့ အိမ်ရာမဲ့တွေအတွက် အစီအစဉ်ကို အမြန်ဆုံး အကောင်အထည်ဖော် လုပ်ဆောင်သွားမယ်လို့ ပါတီရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ ဖော်ပြ ထားတာပါ။

NLD ပါတီရဲ့လှိုင်သာယာမြို့နယ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးဝင်းမောင်က “ကျူးကျော်နေထိုင်သူတွေရဲ့ အိမ်တွေဟာ တရားမဝင်ဘူးဆိုပြီး လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အင်အား သုံး ဖျက်ဆီးတာဟာ မှန်ကန်တဲ့ ပြဿနာ ဖြေရှင်းရေးနည်းလမ်း တစ်ခုမဟုတ်ပါဘူး” လို့ Myanmar Now ကို ပြောပါတယ်။

ရန်ကုန်အခြေစိုက် လူမှုရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Women for the World ရဲ့ တာဝန်ခံ Van Liza က မြေပိုင်ဆိုင်ခွင့်နဲ့ပတ်သက်တဲ့ အစိုးရရဲ့ မူဝါဒတွေ၊ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွေဟာ ချို့တဲ့နွမ်းပါးသူတွေအတွက် ပံ့ပိုးကူညီမှု မဖြစ်သေးဘူး။ ဒီစီမံကိန်းတွေဟာ ဘယ်သူတွေအတွက် ရည်ရွယ်သလဲ၊ ငွေကြေးဘယ်လောက်ပဲ တတ်နိုင်တဲ့သူအတွက် လုပ်ဆောင်တာလဲလို့ လက်ရှိ တန်ဖိုးနည်းအိမ်ရာများ အကောင်အထည် ဖော်နေမှုအပေါ် မေးခွန်းထုတ်ပါတယ်။

သူတို့အဖွဲ့က ရန်ကုန် ကျူးကျော်ရပ်ကွက်တစ်ခုမှာ ဝိုင်ကြီးချုပ်စနစ်နဲ့ ငွေချေးတဲ့စနစ်ကို စမ်းသပ် လုပ်ဆောင်နေတာပါ။ အိမ်ပြင်ဖို့လိုအပ်တဲ့ သူတွေအတွက် အတိုးနည်းနည်းနဲ့ ငွေချေးပါ တယ်။ “စုပေါင်းချေးငွေစနစ်ဟာ ပြည်သူတွေအတွက် အထောက်အပံ့ ဖြစ်စေပါတယ်။ ဆင်းရဲနွမ်းပါး တဲ့ ပြည်သူတွေအနေနဲ့ အိမ်တစ်လုံးကို အလကားလိုချင်တာ မဟုတ်ပါဘူး။ သူတို့လိုချင်တာက ကိုယ်ပိုင် နေရာလေးတစ်ခုပါ” လို့ Van Liza က ပြောပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကျင့်သုံးနေတဲ့စနစ်က ကျူးကျော်နေထိုင်သူတွေ ယာယီနေထိုင်ခွင့်၊ တရားဝင်နေခွင့် အသိအမှတ်ပြုပေးပြီး အဲဒီနေရာတွေမှာ လမ်းပန်းဆက်သွယ်ရေး အစရှိတဲ့ အခြေခံ အဆောက်အဦတွေကို စီစဉ်ဆောင်ရွက်ပေးထားခြင်း ဖြစ်ပါတယ်။ ဒီလိုလုပ်ပေးခြင်းကြောင့် အဲဒီနေ ရာမှာ နေထိုင်သူတွေအနေနဲ့ သူတို့ရဲ့ အိမ်တွေကို ပိုကောင်းအောင်၊ ပတ်ဝန်းကျင်ကို ပိုကောင်း လာအောင်လို့ လုပ်ဆောင်ကြမှာ ဖြစ်ကြောင်း UN-Habitat မှ Jack Finegan က ပြောပါတယ်။

“အဓိကအကြောင်းအရာကတော့ နေထိုင်ခွင့်ပါပဲ။ သူတို့တွေက နေရာတစ်ခုခုမှာ စိတ်ချလက်ချ နေချင်တယ်၊ နွမ်းပါးနိမ့်ကျတဲ့ နေရာတွေကို အဲဒီမှာနေတဲ့ သူတွေကိုယ်တိုင် ပိုမို ကောင်းမွန်အောင် လုပ်ခွင့်ပြုမယ်ဆိုရင် တကယ်တိုးတက်အောင်မြင်မှု ရရှိနိုင်ပါတယ်” လို့ ဖင်နဂန်က သုံးသပ်လိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly