ကိုယ်ကလည်း မမှားပဲနဲ့ ခဏခဏ ပြောတဲ့အခါ ဒီဒဏ်ကို ကျွန်တော်မခံနိုင်တော့ပါဘူး

25 February 2016
ကိုယ်ကလည်း မမှားပဲနဲ့ ခဏခဏ ပြောတဲ့အခါ ဒီဒဏ်ကို ကျွန်တော်မခံနိုင်တော့ပါဘူး

(ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး)

ဒီတစ်ပါတ် Meet the Successful  အစီစဉ်မှာ တွေ့ဆုံမေးမြန်းမယ့်သူကတော့ ၂၀၁၅ခုနှစ် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကို အောင်မြင်စွာ ပြုလုပ်နိုင်ဖို့အတွက် ပြည်သူတွေနဲ့အတူ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ဦးဆောင်ခဲ့တဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေး အခြေနေတွေ အမျိုးမျိုး   ပြောင်းလဲခဲ့တဲ့ကြားက သူ့ရဲ့ဘဝမှာလည်း နေရာမျိုးစုံမှာ ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါအပြင် မြန်မာပြည်ရဲ့ သမိုင်းမှတ်တိုင်တစ်ခုလို့ ဆိုရမယ့် တရားမျှတပြီး လွှတ်လပ်တဲ့ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကို အောင်မြင်အောင် ဦးဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။ သူရဲ့ ဘဝမှာ အခုလိုမျိုး အခြေနေတွေကို ဘယ်လိုမျိုး ဖြတ်သန်းခဲ့ရတယ်ဆိုတာ သိရှိစေဖို့ ဒီတစ်ပါတ်မှာလည်း အောင်မြင်သူနှင့်အတူ မဇ္ဈိမ မီဒီယာမှ အယ်ဒီတာချုပ်ဦးစိုးမြင့်တို့ရဲ့ တွေ့ဆုံမှုကို တင်ဆက်ပေး လိုက်ပါတယ်။

ပထမဆုံးအနေနဲ့ ကျွန်တော့်အနေနဲ့ ပြောချင်တာကတော့  ၂၀၁၅ ရွေးကောက်ပွဲကို ရွေးကောက်ပွဲ ကော်မရှင်ကနေ အောင်အောင်မြင်မြင် ပြုလုပ်နိုင်ခဲ့တဲ့ အတွက် ဝမ်းမြောက် ဝမ်းသာ Congratulations ပါ ခင်ဗျ။  အဲတော့ ၂၀၁၅ ရွေးကောက်ပွဲကို ပြန်ပြီးတော့ ကြည့်တဲ့ အခါမှာ ဥက္ကဋ္ဌကြီးအနေနဲ့ ဘယ်လိုမျိုး သုံးသပ်ပါသလဲ။

၂၀၁၅ ရွေးကောက်ပွဲကြီးကို  ပြန်သုံးသပ်ရင်တော့ ကျွန်တော့်အမြင်ကတော့ အောင်မြင်တဲ့ ရွေးကောက်ပွဲလို့ပဲ ကျွန်တော်ဒီလိုပဲ မြင်ပါတယ်။ ဘာကြောင့်လဲဆိုတဲ့ အခါကျတော့ ရွေးကောက်ပွဲ ကာလ တစ်လျှောက်လုံးမှာလဲ ဘာပြဿနာမှ မရှိခဲ့ပါဘူး။ ဖြစ်ပေါ်လာတဲ့ Result ကိုလည်း ပါတီအားလုံးက လက်ခံကြတယ်။  ယနေ့အစိုးရ အပြောင်းလဲလည်း ချောချောမွေ့မွေ့ ဖြစ်နေတဲ့ အတွက်ကြောင့် ရွေးကောက်ပွဲကြီးရဲ့ လုပ်ငန်းစဉ် အားလုံး အောင်မြင်တယ်လို့ ဒီလိုပဲ  ကျွန်တော်မြင်ပါတယ်။ ကျွန်တော်က ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ Observer လည်း ထားထားပါတယ်။ ပြည်တွင်းကော ပြည်ပကော ဒီနှစ် Observer တွေရဲ့ မှတ်ချက်တွေကလည်း ပဲ အားသာချက်တွေ များပြီးတော့ အားနည်းချက်အချို့ပဲ ဖော်ပြပါတယ်။

ထို့အတူပဲ ပြည်ပကလည်း အောင်မြင်တဲ့ ရွေးကောက်ပွဲ အဖြစ် သတ်မှတ်တဲ့ အတွက်ကြောင့် ကျွန်တော်လည်းပဲ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ ကြီးက အောင်မြင်တဲ့ ရွေးကောက်ပွဲလို့ပဲ ကျွန်တော်ဒီလိုပဲ သုံးသပ်ပါတယ်။  သုံးသပ်တဲ့နေရာမှာ ကျွန်တော်က အဆင့်ပြောပါတယ်။ ဒါတွေဟာ တကယ့် တကယ်တော့ ကော်မရှင်တစ်ခုတည်းနဲ့ လုပ်လို့ မရပါဘူး။ ဒါတွေဟာကျန်တဲ့ ပါတီတွေ မီဒီယာတွေ လူထုဝိုင်းလုပ်လိုက်တဲ့ အတွက်ကြောင့် ဒါအောင်မြင်တာပါ။ ကျွန်တော် အခုနကပြောတဲ့ Observer ကို အထူးသဖြင့် အာဆီယံ အဖွဲ့တွေက ရွေးကောက်ပွဲကော်မရှင် အဖွဲ့တွေလည်း ခေါ်ပြီးတော့ လေ့လာ ခိုင်းပါတယ်။ လေ့လာခိုင်းတဲ့ အခါမှာ သူတို့လည်း ဒီလိုပဲ မှတ်ချက်ပြုပါတယ်။ သူတို့လည်း အားသာချက်တွေ များပါတယ်။ တည်ငြိမ်တယ်။ အေးချမ်းတယ်။ ပွင့်လင်းတယ်။ အောင်မြင်တဲ့ ရွေးကောက်ပွဲလို့ပဲ ကျွန်တော်မြင်ပါတယ်။ အောင်မြင်တာလည်း လုပ်သားပြည်သူများအားလုံး ပူးပေါင်းဆောင်ရွက်တဲ့ အတွက်ကြောင့် ဖြစ်တယ်လို့ပဲ ကျွန်တော်တို့ အသိမှတ်ပြုပါတယ်။

အောင်မြင်တဲ့ ရွေးကောက်ပွဲတစ်ခု ဖြစ်ပေါ်လာအောင် အဖက်ဖက်မှ ဝိုင်းဝန်းပူးပေါင်း ကူညီခဲ့ကြသူများ CSO လို့ခေါ်တဲ့ အရပ်ဖက် လူမှုအဖွဲ့စည်းများကိုလည်း   ကျေးဇူးတင်ပါတယ်လို့ ဦးတင်အေးက ပြောကြားခဲ့ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံဟာ အခုလိုမျိုး တရားမျှတတဲ့ ရွေးကောက်ပွဲ တစ်ခုကို ပြုလုပ်နိုင် ခဲ့တာကြောင့် ပြည်သူလူထု တစ်ရပ်လုံးက မျှော်လင့်နေကြတဲ့ ကောင်းမွန်တဲ့   ပြောင်းလဲမှု တွေကိုလည်း အတူတကွ ရရှိကြတော့မှာ ဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးက တပ်မတော်ထဲမှာ တာဝန်ကို နှစ်ပေါင်း လေးဆယ်ကျော်  တာဝန်ယူခဲ့တယ်။ ပြီးတော့ အခုလက်ရှိအစိုးရ သမ္မတ  ဦးသိန်းစိန်ကနေ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌလုပ်ပါဆိုပြီးတော့ တာဝန်ပေး အပ်နှင်းခံရတယ်ပေါ့နော်။ အဲဒီကာလကို ဘယ်လိုမြင်သလဲ။ တပ်မတော်ထဲမှာ နှစ်ပေါင်းများစွာ လုပ်လာတယ်။ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌလုပ်ပါ ဆိုပြီးတော့ လုပ်တယ်။ အဲဒီ အပြောင်းလဲနဲ့ အခုလုပ်ပြီးပြီ ငါးနှစ်တာ ကာလအတွင်းမှာ လုပ်ငန်းတစ်ခု ရွေးကောက်ပွဲ ကော်မရှင်တစ်ခုကို လုပ်ခဲ့ပြီပြီဆိုတော့ ကိုယ်ဖြတ်သန်းခဲ့ရတဲ့ ဟာလေးပေါ့နော်။ ဘဝ အပြောင်းလဲလေး ဘယ်လိုမျိုး ကိုယ့်ကိုကိုယ် ခံစားမိလဲ။

ဟို နည်းနည်းလေး ဘာပြောမလဲ ကြွားသလိုတော့ ဖြစ်မလားမသိဘူး။ ခံစားချက်ကလေး ပြောဆိုရင် ဆိုကြပါစို့ ကျွန်တော်က ၆၂ က အာဏာသိမ်းပါတယ်။ တပ်မတော် အာဏာ သိမ်းတာ ပေါ့နော်။ ၆၃ ကျတော့ တပ်ထဲကိုရောက်တာပေါ့နော်။ တော်လှန်ရေး ကောင်စီ ကနေပြီးတော့ ဆိုရှယ်လစ်ကိုပြောင်းတဲ့ ၇၄ ခုနှစ်ကြတော့ ကျွန်တော် တပ်မတော် ဗိုလ်ကြီး အဆင့်လောက် ရောက်သွားတယ်။ ၇၄မှာ ဆိုရှယ်လစ်စနစ် အုပ်ချုပ်တဲ့ အခါကျတော့ ကျွန်တော် တင်းပြည့် ပါတီဝင် ဖြစ်ပါတယ်။ ပါတီဝင် တစ်ယောက်လည်း ဖြစ်ပါတယ်။ အဲတော့ ဆိုရှယ်လစ် စနစ် ကနေပြီးတော့ ၈၈ အရေးခင်းကာလ ဖြစ်တဲ့ အခါကျတော့ ကျွန်တော်တို့ တပ်ရင်းမှူးဖြစ်သွားပြီ။ ၈၇မှာ တပ်ရင်းမှူး ဖြစ်သွားတယ်။ အဲတော့ ကျွန်တော်ဘိတ်မှာ ခလရ(၁၇) တပ်ရင်းမှူး ဖြစ်ပါတယ်။ အဲတော့ ၈၈ အာဏာသိမ်းတော့လည်း မြိတ်မှာ ကျွန်တော်ပဲ ထိန်းခဲ့တာပါ။ မြိတ်သူ မြိတ်သားတွေ ခင်ဗျားတို့ မေးကြည့်ရင် သိပါတယ်။ အေးအေးချမ်းချမ်းလေးဖြစ်အောင် ကျွန်တော်ပဲ တာဝန်ယူပြီးတော့ မြိတ်သူ မြိတ်သားတွေကို သိပ်ကျေးဇူးတင်ပါတယ်။  ကျွန်တော်ဘာမှ မင်းမဲ့စရိုက်တွေ မဖြစ်အောင် အများကြီး ထိန်းပြီးတော့ လုပ်ခဲ့ပါတယ်။

အဲတော့ ၈၈ ကျတော့ ကျွန်တော်ဟာ တပ်ရင်းမှူး ဖြစ်သွားပါပြီ။ ၈၈ အာဏာသိမ်းပြီး နောက်ပိုင်းမှာ အဲတုန်းက ကျွန်တော်နယ်ဘက်ကို စပြီးတော့ တာဝန် ထမ်းဆောင်ဖို့လာတာပါ။ ဟိုတုန်းက စစ်သားသက်သက်ပါ။ အဲဒီကနေ နောက်ဆုံး မြို့နယ်စု ဥက္ကဋ္ဌကနေ နိုင်ငံတော် အေးချမ်းသာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီဝင်ထိ ဖြစ်ခဲ့ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲကျတော့ တပ်မတော်က အနားယူပြီးတော့ ရွေးကောက်ပွဲဝင်ပါတယ်။ ရွေးကောက်ပွဲ ဝင်တဲ့အခါကျတော့ ကျွန်တော့် ဇာတိပေါ့လေ။ တံတားဦးဆိုတာကလည်း ကျွန်တော်ဇာတိ ဖြစ်တဲ့ အတွက်ကြောင့် ကျွန်တော် အစဉ်သွား စောင့်ရှောက်နေတာပါ။ ကျွန်တော် ရွေးကောက်ပွဲ နိုင်ချင်လို့ မဟုတ်ပါဘူး။ ဟိုကတည်းက ကျွန်တော့်မြို့သွားတယ်။ ကျွန်တော်မွေးတဲ့ ရွာကိုသွားတယ်။ ကျောင်းတွေ ဆောက်ပေးတယ်။ ဆေးခန်းတွေဆောက်ပေးတယ်။ စာကြည့်တိုက်တွေ ဖွင့်ပေးတယ်။ လမ်းလေးတွေ ကောင်းအောင်လုပ်ပေးတယ်။ ဒီလိုနဲ့ပဲ ကျွန်တော်သွားခဲ့တာပါ။ ဆိုလိုတာက နိုင်ငံတော်ရဲ့ ဖြစ်စဉ်အားလုံးမှာ တော်လှန်ရေးကောင်စီ လက်ထက်မှာလည်း ကျွန်တော်ပါခဲ့တာပဲ။ ဆိုရှယ်လစ်စနစ်မှာလဲ အတွေ့အကြုံရှိတယ်။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်မှာလည်း အတွေ့အကြုံရှိတယ်။ အစိုးရ အပြောင်းလဲတိုင်းမှာ ကျွန်တော်က နိုင်ငံတော်အတွက် တာဝန်ယူရတဲ့ အခန်းကဏ္ဍမှာ  ပါဝင်ခဲ့ပါတယ်။

နိုင်ငံတော်ရဲ့ ဖြစ်စဉ်တွေ ပြောင်းလဲခဲ့တဲ့ အပေါ်မှာ အတွေ့အကြုံကို အခြေခံပြီးတော့ နိုင်ငံနဲ့ ပြည်သူလူထုအကျိုးကို တတ်နိုင်တဲ့ ဘက်က သယ်ပိုးခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။ ဆက်လက်ပြီးတော့လည်း သူဟာ ပြည်သူတွေရဲ့ ခံစားချက်ကို အခြေခံပြီးတော့ သူ့ရဲ့တာဝန်တွေကို ထမ်းဆောင်တာ ဖြစ်ကြောင်းကို ဆက်လက်ရှင်းပြခဲ့ပါတယ်။

သူများတွေက ထင်တယ်။ ကျွန်တော်က လူကြီးတွေ အနားက လာတယ်လို့ထင်တယ်။ ကျွန်တော် လူကြီးတွေ အနားက လာတာ မဟုတ်ပါဘူး။ ကျွန်တော် နိုင်ငံတော် အကြီးကဲ ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေဆိုရင် ကျွန်တော် သိပ်မတွေ့ဘူးပါဘူး။ ကျွန်တော် တပ်ရင်းမှူး ဖြစ်သလောက်ထိ ကျွန်တော်ထင်ပါတယ် နှစ်ခါသုံးခါလောက်ပဲ တွေ့ဘူးပါတယ်။ ဒါလည်းပဲ နှစ်ယောက်တည်း စကားပြောရတာ မဟုတ်ပါဘူး။ တပ်ကိုလာတဲ့အတွက်ကြောင့် ဧည့်ခံရတာပါ ဒီလောက်ပဲ တွေ့ဘူးပါတယ်။ ကျွန်တော်က အရပ်ဝတ်နဲ့ ကြီးလာတဲ့ လူကြီး ဖြစ်တဲ့အခါကြတော့ ကျွန်တော့် အတွေ့အကြုံ အားလုံးကတော့ အခြေခံ လူတန်းစားရဲ့ ခံစားချက်တွေက ကျွန်တော့်ရင်ထဲမှာ ရှိပါတယ်။ ကျွန်တော်ဆိုလိုချင်တာကတော့ ၆၃ ကနေစပြီးတော့ ၂၀၁၀ ခုနှစ် ၂၀၁၅ထိ ဘာနဲ့လုပ်ခဲ့လည်းဆိုတော့ ကျွန်တော့် အတွေ့အကြုံနဲ့ ကျွန်တော်လုပ်ခဲ့တာပဲ။

နိုင်ငံတော်ကြီးမှာ ဘယ်လိုပဲပြောပြော နိုင်ငံတော်ကြီးက တိုးတက်ဖို့ ကောင်းတယ်။ မတိုးတက်ဘူး တိုးတက်အောင် ငါဘာလုပ်နိုင်လဲ။ လုပ်နိုင်သလောက် လုပ်တာပဲ။ ပထဝီ အနေထားအရ အင်မတန် အချက်ချာ ကျပါတယ်။ လူဦးရေ သန်းထောင်ကျော်ရှိတဲ့ အိန္ဒိယတို့ လူဦးရေ ကျွန်တော်တို့ထက် များတဲ့ ထိုင်းတို့ ဒီကြားထဲမှာ ကျွန်တော်တို့တိုင်းပြည်က တောင့်တင်းဖို့ လိုတယ်။ တပ်မတော်လည်း တောင့်ရမယ်။ ပညာရေး၊ ကျန်းမာရေး စီးပွားရေး၊ ဒါတွေ ကျွန်တော်က တအားဖြစ်စေချင်တာ။ ကျွန်တော့်အတွေ့အကြုံအရ ကျွန်တော်တာဝန် ထမ်းဆောင်တဲ့အခါ ပေးတဲ့ တာဝန်ကို ကျေအောင်တော့ ထမ်းတယ်။ ကျွန်တော်ငယ်ငယ်တုန်းက စစ်ဆင်ရေး လုံခြုံရေး တာဝန်ပေးရင် အောင်မြင်အောင်လုပ်ပါတယ်။

ကျွန်တော် တပ်မတော် ဗိုလ်သင်တန်းကျောင်းမှာ နည်းပြ လုပ်ခဲ့ပါတယ်။ မေးကြည့်ပါ ယနေ့ ကျွန်တော် Training လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေဟာ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ထိ ရှိပါတယ်။ ကျွန်တော် အကောင်းဆုံး ဗိုလ်လောင်းတွေကို တပ်မတော် အရာရှိ တစ်ယောက်ဖြစ်အောင် ကျွန်တော်ပြုစု ပျိုးထောင်ခဲ့ပါတယ်။ ကျွန်တော်ကိုင်စွဲတဲ့ လက်ကိုင်တရားကိုက ပစ္စုပ္ပန် ရှုတာပါပဲ။ လက်ငင်း ကောင်းအောင် လုပ်သွားဖို့လိုတယ်။ လက်ငင်းကောင်းအောင် လုပ်သွားရင် အရေတွက်မှ အရည်အချင်း ဖြစ်တယ်ဆိုတာ ကောင်းတာတွေများတော့ ကောင်းသောအရည်အချင်း ဖြစ်လာတာပဲ။ ဆိုးတာတွေ များသွားတော့လည်း လူဆိုးတွေ ဖြစ်ကြတာပေါ့။ သူများတွေ ဘာမှ ပြစ်တင်စရာမလိုဘူး ကိုယ့်ကိုယ်ကိုယ် အသိဆုံးပါ။ ဘယ်သူ့ အပြစ်မှ မဟုတ်ဘူး သူများတွေ လျောက် အပြစ်တင်မနေနဲ့။  ကိုယ့်ကိုကိုယ် အသိဆုံးပါပဲ။ ကျွန်တော်က ဒီလိုပဲ ခံယူပြီးတော့ လုပ်ခဲ့တာပါ။

ကျွန်တော်တို့ မီဒီယာတွေနဲ့ ပတ်သက်ပြီးတော့ ဥက္ကဋ္ဌကြီး ဘာပြောချင်ပါသလဲ။ ကျွန်တော်တို့ မီဒီယာ တော်တော်များများပေါ့နော် ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ ကာလမတိုင်ခင်ကြမှသာ ဒီရွေးကောက်ပွဲ ရေးသားနည်း သင်တန်းတွေ ဘာတွေ ပို့ချရတာပေါ့နော်။ ကန့်သတ်မှုတွေ ရှိပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ ကာလအတွင်းမှာ မီဒီယာတွေရဲ့ လုပ်ဆောင်မှုနဲ့ ပတ်သက်ပြီးတော့ ဘယ်လို မြင်ပါသလဲ ခင်ဗျ။

မီဒီယာနဲ့ ပတ်သက်လို့ ကျွန်တော်ဘာမှ အထွေအထူး ပြောစရာ မရှိပါဘူး။ မီဒီယာဆိုတာလည်း ပြောလို့သင့်တဲ့ အဖွဲ့အစည်း မဟုတ်ပါဘူး။ ဘာလို့တော့ သူတို့က လွတ်လပ်စွာပြောဆိုခွင့်နှင့် လွတ်လပ်စွာ ရေးသားခွင့် ရှိနေတဲ့ အတွက်ကြောင့် လွတ်လပ်စွာ ပြောဆိုရေးသားခြင်းကို ကျွန်တော်က တားဆီးတဲ့သဘော၊ ဝေဖန်တဲ့သဘော မဖြစ်ချင်ပါဘူး။ အဲတော့ ဒါကို ကျွန်တော်တို့ ဘာဖြစ်သလဲဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ။ လူဆိုတာတော့ ကိုယ့်ကိုယ်ကို အစဉ်ပြုစု ပျိုးထောင်နေရပါတယ်။ လူဆိုတာတော့ အမှားလည်း ရှိတတ်ပါတယ်။ အမှားလည်းရှိတဲ့ အခါကျတော့ ဒီအမှားကို သူများကို လိမ်လို့ရမယ်။ ကိုယ့်ကိုကိုယ် လိမ်လို့ မရဘူး။ ငါက မှန်တာပြောသလား။ ဘက်လိုက်ပြီးပြောသလား။ လိုရာပြောသလား။ လိုရာဆွဲပြီး ရေးသလား ဆိုတာ ကိုယ့်ကိုကိုယ် အသိဆုံးပါပဲ။ ဒါကို ဆုံးဖြတ်ပေးမှာတော့ လူထုပါပဲ။ နောင်ကျလို့ရှိရင် ဒါ ခင်ဗျားတို့လည်း သိပါတယ်။

နိုင်ငံခြားမှာတော့ သိပ်အဆင့်မြင့်တဲ့ တိုင်းပြည်မှာတော့ ဒီမိုကရေစီမြင့်တဲ့ တိုင်းပြည်တွေမှာတော့ မီဒီယာက သိပ်သဘောကျတယ်။ မီဒီယာတွေ သိပ်အလေးထားပါတယ်။ မီဒီယာ ဘက်ကနေ ပြီးတော့ သူတို့ တွေ့ရှိချက် သုံးသပ်ချက်တွေကို သူတို့ တော်တော် အလေးထားပါတယ်။ သူတို့က မှန်မှန်ကန်ကန်နဲ့ မျှမျှတတ ရေးပေးတဲ့ အခါကျတော့ လူထုက ရပါတယ်။ ရတဲ့အတွက်ကြောင့်   တော်တော်ကောင်းပါတယ်။ အဲလိုမဟုတ်ဘဲနဲ့ ဘက်လိုက်ရေးသွားတဲ့ အခါကျတော့ ကျွန်တော်ဆို ဂျာနယ်တိုင်း အားလုံးကို မဖတ်တော့ပါဘူး။ ကျွန်တော် မဖတ်ဘူးဆိုတဲ့ ဂျာနယ်ဆို ပြောလိုက် ပါတယ်။ ဒီဟာတွေ ငါ့စားပွဲပေါ် မတင်နဲ့တော့။ ကျွန်တော်ရွေးဖတ်ပါတယ်။ ဒါကလည်းပဲ ကျွန်တော့်ကို လူကြီးတွေက ဆုံးမတာပါ။ မြင်သမျှ လျှောက်ဖတ်မနေနဲ့ ဂျာနယ်ဆိုတာ ရွေးဖတ်ရတယ်။ တစ်ချို့ဆောင်းပါးတွေက တော်တော်ကောင်းပါတယ်။ တစ်ချို့လည်း ဆောင်းပါးရှင်ကို ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဖုန်းဆက်တာတွေ ဘာတွေ လုပ်ပါတယ်။ တစ်ယောက်ကို ဖုန်းဆက်ဘူးပါတယ်။ ဒီအရေးလည်း ကောင်းပါတယ်။ မီဒီယာဆိုတာ နိုင်ငံတော်မှာ သိပ်အရေး ကြီးပါတယ်။ ကျွန်တော်ကတော့ မီဒီယာတွေကို ဘာမှ ပြောစရာ မရှိပါဘူး။ လွတ်လပ်စွာ ပြောဆိုခွင့် ရှိတယ်။လွတ်လပ်စွာ ရေးသားခွင့်ရှိတယ်။ သို့သော်လည်းပဲ နိုင်ငံတော် အတွက်တော့ အလေးထားပြီးတော့ ရေးသားစေချင်ပါတယ်လို့ပဲ ကျွန်တော်ပြောချင် ပါတယ်။

လူမှုကွန်ယက်တွေပေါ်မှာ ပျံနှံလာခဲ့တဲ့ အကြောင်းအရာတစ်ခုဖြစ်တဲ့ ရွေးကောက်ပွဲကျင်းပခဲ့တဲ့ ကာလအတွင်း နယ်ပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးအနေနဲ့ သတင်းထောက်တစ်ယောက်ရဲ့ မေးခွန်းပေါ်မှာ စိတ်ဆိုးသွားတဲ့ အမူရာနဲ့ ပတ်သက်ပြီးတော့လည်း သူရဲ့စိတ်ထဲမှာ ရုတ်တရက်ဖြစ်ပေါ်သွားခဲ့တဲ့ ခံစားချက်ကို နားလည်အောင် ပြန်လည်ရှင်းပြခဲ့ပါတယ်။

နေပြည်တော်မှာ ရွေးကောက်ပ ွဲကာလအတွင်းပေါ့နော်။ သတင်းစာရှင်းလင်းပွဲ လုပ်တော့ သတင်းထောက် တစ်ယောက်က မေးလိုက်တဲ့အခါမှာ ဥက္ကဋ္ဌကြီးစိတ်ဆိုးပြီး မကြိုက်တဲ့ဟာ အမူရာလေး ကျွန်တော်တို့ ကြည့်လိုက်ရပါတယ်။ အခုနေပြန်ကြည့်လိုက်တဲ့ အခါကျတော့ ဥက္ကဋ္ဌကြီးအနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဒါက ကျွန်တော်က စိတ်ဆိုးတယ် ဆိုတာကတော့ ဆိုးတော့ ဆိုးခဲ့ပါတယ်။ ခက်တာက ကျွန်တော့် ဘဝမှာ စိတ်တော်တော်ရှည်တယ်။ ဒါပေမယ့် ကျွန်တော်ပေါက်ကွဲရင် ကိုယ့်ကိုကိုယ် ထိန်းလို့မရဘူး။ ကျွန်တော်အဲတုန်းက မှတ်မိပါတယ်။ ဘာမေးစရာရှိသေးလဲ မရှိရင် ပြီးပြီဆို ခုံကြီး ပုတ်ပြီးတော့ ဆင်းသွားလိုက်တာ အဲတုန်းက ပေါ့နော်။ ဖေ့ဘုတ်ထဲ တက်လာတယ်။ ဦးတင်အေး စိတ်ဆိုးသွားပြီဆိုပြီးတော့။ ဒီလိုပါပဲ ကျွန်တော်က  အခုနကပြောသလို မဲပုံးနဲ့ ကွန်တိန်နာ ကိုတောင် မခွဲတတ်တဲ့ အခါကျတော့ မဲပေါက်ဖောက်တယ် ပြောတာပေါ့။ မဲပုံးဆိုတာ တကယ့် တကယ် ရွေးကောက်ပွဲပြီးရင် မဲပုံး မဟုတ်တော့ဘူး။ အဲထဲပစ္စည်းတွေ ထည့်လာတာ။ ဆိုလိုတာ ကတော့ ရွေးကောက်ပွဲ မဲရုံဆိုတာ မတူဘူး တစ်ချို့ရပ်ကွက်မှာ ရာဂဏန်းပဲ ရှိတယ်။  တစ်ချို့ ရပ်ကွက်မှာတော့ ထောင်ဂဏန်းနီးနီး သွားရှိတယ်။

အဲလောက်ရှိတော့ ရေလို့ မပြီးသေးတဲ့ အခါကျတော့ မပြီးသေးဘူး။ အခုနက ရာဂဏန်းရှိတော့ ရေလို့ ပြီးတော့ ဒီစာရွက်စာတမ်းတွေ မြို့နယ် လာအပ်ရတယ်။ အဲတော့ ရှိတယ်ပုံစံတွေကို ကော်ပီတွေ ကူးရသေးတယ်။ နီးရာကော်ပီဆိုင်မှာ သွားပြီးတော့ ဆိုင်တောင် မပိတ်သေးဘူး။ ကော်ပီ သွားကူးတော့ အဲမှာ မဲပုံးဖွင့်ပြီးတော့ ဘာလုပ်တယ်ဆိုတော့ ကျွန်တော်က နည်းနည်း ကွန်တိန်နာလား မဲပုံးလားဆိုတာ ကြိုတင်မဲပုံးဆိုတာ မနက် ၆နာရီမှာ ပြီးသွားပြီ။ အဲတာ ကြိုတင်မဲပုံးပဲ သူအပ်လိုက်ပြီဆို ကြိုတင်မဲပုံး ပြီးသွားပြီ။ အခုန မဲရေဖို့ ၆နာရီကတည်းက ပြီးသွားပြီ။ ၆နာရီနောက်ပိုင်း ည ၁၀-၁၁ နာရီလာတာ မဲပုံမဟုတ်တော့ဘူး။ ကွန်တိန်နာပဲ ဖြစ်တယ်။ ဒါတွေကို မဲပုံးဖောက်နေတယ် ဘာဖြစ်တယ် ညာဖြစ်တယ် ပြောတော့ ကျွန်တော်လည်း နည်းနည်း အဲတာ မဲပုံးမဟုတ်တော့ပါဘူးဗျာ။ အဲတာ ကွန်တိန်နာ ဖြစ်သွားပါပြီ။ အဲလိုပြောရင်းနဲ့ ဘာမေးစရာရှိလဲ ဆိုတော့ သူတို့လည်း မဖြေတာနဲ့ မရှိရင် ပြီးပြီဗျာဆိုပြီး ခုံပုတ်ပြီး ဆင်းသွား လိုက်တဲ့ အခါကျတော့ ခွကျသွားတယ်။

နောင်လာမယ့် ရွေးကောက်ပွဲမှာ ဆက်လက်ပြီးတော့ တာဝန်ထမ်းဆောင်ဖို့ အစီစဉ် မရှိတော့ဘူး ဆိုပေမယ့်လည်း သူ့အနေနဲ့ မြန်မာပြည်နဲ့ မြန်မာလူမျိုးတို့ရဲ့ အကျိုးကိုတော့ အရင်လိုပဲ သယ်ပိုးသွားမယ်လို့ ပြောပြပါတယ်။ မြန်မာနိုင်ငံဟာ အောင်မြင်တဲ့ ဒီမိုကရေစီလမ်းကြောင်းကို ရောက်ဖို့ဆိုရင်တော့ ပြည်သူလူထုတစ်ရပ်လုံး အနေနဲ့လည်း စည်းကမ်းကျနပြီၤး အရည်သွေး ကောင်းမွန်တဲ့ နိုင်ငံသားတွေ ဖြစ်အောင် တစ်ဖက်တစ်လမ်းကနေ ကူညီကြိုးစား သင့်ကြောင်း ကိုလည်း ရှင်းပြခဲ့ပါတယ်။

အခုတစ်လာမယ့် အစိုးရက ဥက္ကဋ္ဌကြီးကို ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအနေနဲ့ ဆက်ပြီးတော့ တာဝန်ပေးမယ် လုပ်ဆောင်စေချင်တယ်ဆိုရင် ဘယ်လိုတုန့်ပြန်မလဲ ခင်ဗျ။

မလုပ်တော့ပါဘူး ကျွန်တော်ကတော့။

ဘာဖြစ်လို့လဲ ခင်ဗျ။

ကျွန်တော်က လူတစ်မျိုးပါ။ ကျွန်တော်ပျော်ပျော်ရွှင်ရွှင်ပဲ နေပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ပြောကြ ဆိုကြ ပြစ်တင်ကြနဲ့။ ကျွန်တော်သိပ်မကြိုက်ဘူး။ ကျွန်တော့်လာပြောလဲ မှားရင် တောင်ပန်မယ်။ ပြီးရင်ပြင်မယ်။ သူများကို ပြောစရာရှိရင်ပြောမယ်။ ပြီးရင် မေ့တာပါပဲ။ ကောင်းစေချင်လို့ ပြောတာပါပဲ။ ဒါမျိုးကြတော့ ကျွန်တော်က မှားတာကို မှားတယ်ပြောလို့ လက်ခံရတာ ပြဿနာမရှိဘူး။  ကိုယ်ကလည်း မမှားပဲနဲ့ ခဏခဏ ပြောတဲ့အခါကျတော့ ဒီဒဏ်ကို ကျွန်တော်မခံနိုင်တော့ပါဘူး။

ဟုတ်ကဲ့ CSOနဲ့ ပတ်သက်ပြီးတော့ တစ်ဆက်တည်းမှာ ကျွန်တော်မေးချင်တာ မြန်မာပြည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်တာပါ။ ဒီပြီးခဲ့တဲ့ ၅နှစ်အတွင်းမှာ ပြုပြင် ပြောင်းလဲရေးတွေ လုပ်လာတယ်။ နိုင်ငံရေး စီးပွားရေး လူမှုရေး ကဏ္ဍတိုင်းမှာ လုပ်လာတယ်။ အခု ရွေးကောက်ပွဲပြီးတယ် အစိုးရသစ်တစ်ခု ထပ်တက်မယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအနေနဲ့ ဘယ်လို သုံးသပ်သလဲ ခင်ဗျ။ အားကောင်းလာသလား ဘယ်အရာတွေက စိန်ခေါ်မှု ရှိသလဲ။ ရှိနိုင်သလဲပေါ့။

ဒီမိုကရေစီ စနစ်ဆိုတာ တော်တော်ကောင်းတဲ့ စနစ်ပါခင်ဗျာ။  ဒီမိုကရေစီ စနစ်နဲ့ သွားတဲ့ အချိန်ခါမှာ လူထုတွေနဲ့ အသိပညာ ဗဟုသုတ ပညာအရည်အချင်းပေါ့။ မြင့်မားဖို့လိုတယ်။ အဲဒီ ဒီမိုကရေစီသွားပြီးတော့ လူထုတွေရဲ့  အသိပညာ ဗဟုသုတ ပညာအရည်အချင်း နည်းနေရင်တော့ မင်းမဲ့စရိုက်တွေ ဖြစ်တတ်ပါတယ်။ ဒါလေးတွေကို ကျွန်တော်တို့ ဂရုစိုက်ရမှာပါ။ စနစ်ထဲမှာ အကောင်းဆုံး စနစ်ကတော့ ကျွန်တော်မြင်သမျှတော့ ကျွန်တော်တို့လည်း ဖြတ်သန်းခဲ့ ဘူးတာပေါ့လေ။ ဆိုရှယ်လစ်စနစ် လုပ်ခဲ့ဘူးပါတယ်။ နိုင်ငံတော် ကျင့်သုံးခဲ့ဘူးတာပေါ့။ အဲအားလုံး စနစ်ထဲမှာတော့ ဒီမိုကရေစီ စနစ်က သိပ်ကောင်းတဲ့ စနစ်ပါ။ သို့သော်လည်းပဲ လူထုရဲ့ Capacity ပေါ့လေ။ ပညာ၊ ဗဟုသုတ၊ ကိုယ့်အခွင့်ရေးလည်း နားလည်သလို သူ့အခွင့်အရေးလည်း သိရမယ်။ ကိုယ့်တာဝန်ဘာလဲ။ ဒါကိုလည်း သိရမယ်။ အဲလိုသိရင်တော့ ဒီမိုကရေစီ စနစ်က ကောင်းပါတယ်။အပြောင်းအလဲ  နိုင်ငံတော်ပြောင်းလဲသွားလည်း သိပ်ကောင်းပါတယ်။ အဲလိုမှ မဟုတ်ဘဲ လူထုရဲ့ Capacity က မတက်လာဘူးဆိုလို့ရှိရင်တော့ မင်းမဲ့စရိုက်တွေ ဖြစ်သွား နိုင်ပါတယ်။ ဒါကြောင့်လည်း ခင်ဗျားတို့လည်း သတိထားမိမှာပါ.။ ကျွန်တော်တို့ ၂၀၀၈ မှာတော့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ စနစ်ဆိုတာ နည်းနည်းလေး ထိန်းကျောင်းထားတဲ့ သဘော ရှိပါတယ်။ ဒါလေးတော့ နားလည်ပြီးတော့ အတွေ့အကြုံတွေ များလာရင်တော့ လျော့သွားမယ့် သဘောရှိပါတယ်။

အဲလို ဖြတ်သန်းခဲ့တဲ့ ဘဝမှာ အခုချိန်ထိ ၂၀၁၅ ရွေးကောက်ပွဲကို အောင်အောင်မြင်မြင် လုပ်ပြီးတဲ့ အချိန်ကာလ အထိပေါ့နော်။ အချိန်တစ်ခုပေါ့ ငါဒီအလုပ်တော့ တော်ပြီ။ ငါလုပ်နေတာကို ငါရပ်ပြီ။ ငါစိတ်ကုန်ပြီ ဆိုပြီးတော့ အဲလိုမျိုး အချိန်ခါ ရှိခဲ့လား။

ကျွန်တော်မရှိပါဘူး ကျွန်တော်က နေရာတကာ ဖြစ်တာ ပျက်တာ ဖြစ်တော့လည်း ဘာမှ မဖြစ်ဘူး။ ပျက်တော့လည်း ဘာမှ မဖြစ်ဘူး။ ဖြစ်တာ ပျက်တာ မူတည်ပြီးတော့ သင်ခန်းစာပဲ ယူပါတယ်။ ဘာကြောင့်ဖြစ်ရလဲ.။ ဒီဖြစ်တာကိုပဲ ကောင်းအောင် ဘယ်လိုလုပ်ရမလဲ။ ဘာကြောင့်ပျက်ရတာလဲ။ နောင်မဖြစ်အောင် ဘယ်လိုလုပ်မယ်ဆိုတာကိုပဲ ကျွန်တော်က ဒီလိုသုံးသပ်ပြီးတော့ သွားပါတယ်။ စိတ်ကုန်လောက်အောင် ကျွန်တော်ကတော့နည်းနည်း မေ့မေ့လိုက်တာပေါ့။ အဲလိုစိတ်ပျက် အောင်တော့ မရှိပါဘူး။

အခု ရွေးကောက်ပွဲ ကော်မရှင်တာဝန် ပြီးသွားပြီဆို နောက်ပိုင်း မပြီးသေးဘူးပေါ့နော်။ အခုနက ရွေးကောက်ပွဲ ကော်မရှင်တာဝန် ဆက်မလုပ်ဘူးလို့ ပြောတယ်ပေါ့နော်။ အဲတော့ ဦးတင်အေး အနေနဲ့ ဘာလုပ်မလဲ။ နိုင်ငံရေး လုပ်မလား။ ဒီဘဝမှာ ဆက်ပြီးတော့ ဘာလုပ်မလဲ။

ကျွန်တော်က လုပ်တယ်ဆိုတာလည်းပဲ ကျွန်တော် တစ်ယောက်တည်း ဘာလုပ်နိုင်တယ်။ ကျွန်တော်လူမှုရေး လုပ်ငန်းတွေကို ကျွန်တော်လုပ်မှာပါ။ နိုင်ငံတော်ရဲ့ စီးပွားရေး လုပ်ငန်းတွေ ကူညီပေးမယ်။ လူမှုရေးလုပ်ငန်းတွေလုပ်မယ်။ ကျန်တဲ့ နိုင်ငံတော် တာဝန် ထမ်းဆောင်ဖို့ ဆိုတာကတော့ ထမ်းဆောင်ခွင့် ကြုံရင်လည်း ကျွန်တော်ဝင်ပြီးတော့ နိုင်ငံတော်အတွက် လုပ်ဖို့ရှိပါမယ်။ လုပ်ရင်လည်း ကျွန်တော်ခံယူထားသလိုပါပဲ နိုင်ငံတော်ကြီးက တောင့်တင်းဖို့ လိုတယ်။ နိုင်ငံတော်ရဲ့ စီးပွားရေး နိုင်ငံတော်ရဲ့ ပညာရေး၊ နိုင်ငံတော်ရဲ့ ကျန်းမာရေး၊ တပ်မတော်ရဲ့ အင်အား တောင့်တင်းရေး ဒါတွေကို ကျွန်တော်တို့ အစဉ်လုပ်နေရမှာပဲ။ ဒါလည်း ကျွန်တော် လူတိုင်းလည်း ပြောပါတယ်။ ကျွန်တော်လည်း ခံယူထားပါတယ်။ ဒါတွေက နောက်ဆုံး ထွက်သက်ထိ ကျွန်တော်လုပ်သွားမှာပါ။

သူရဲ့ဘဝမှာ နောက်ဆုံးအချိန်ထိ တိုင်းပြည်နဲ့ လူမျိုးအပေါ်မှာ သူတတ်နိုင်တဲ့ ဘက်က တာဝန် ထမ်းဆောင်ဖို့အတွက်လည်း ဆုံးဖြတ်ချက် ချထားသူ ဖြစ်ပါတယ်။ မြန်မာပြည်မှ လူငယ်များ ကိုလည်း ရှေ့လာမယ့် အလားလာကောင်းတဲ့ မြန်မာနိုင်ငံမှာ အတူတူကြိုးစားကြဖို့ မိမိကိုယ်မိမိ အကောင်းဆုံးဖြစ်အောင် မိမိရဲ့ ပတ်ဝန်းကျင်ကိုလည်း အကောင်းဆုံးဖြစ်အောင် ပြုလုပ် သင့်တယ်လို့ အမှတ်တရ စကားပြောကြားသွားခဲ့ပါတယ်။

ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကြီး တာဝန်ကို အောင်အောင်မြင်မြင်လုပ်ခဲ့တယ်။ ဘဝမှာလည်း အဆင့်လိုက် အဆင့်လိုက် နေရာတိုင်းမှာ ပေးအပ်တဲ့ တာဝန်ကို   အောင်အောင်မြင်မြင်လုပ်ခဲ့တယ်။  အောင်မြင်မှုကို ရခဲ့တယ်ပေါ့နော်။ ကိုယ်လုပ်ခဲ့တဲ့လုပ်ငန်းတွေမှာ အဲတော့ နောင်လာ နောင်သားတွေ အထူးသဖြင့် လူငယ်တွေကို ဥက္ကဋ္ဌကြီး ဘာပြောချင်လဲ။

ကျွန်တော် ပြောချင်တာကတော့လေ ဒါလည်း ကျွန်တော် တပ်တွေမှာပြောပါတယ်။ တကယ့် တကယ်တော့ ကိုယ်ကောင်းလို့လဲ မရပါဘူး။ ကိုယ်ကောင်းတာနဲ့ အောင်မြင်တယ်ဆိုတာ လုံးဝ မှန်တဲ့ လုပ်ငန်းတော့ မဟုတ်ပါဘူး။ ကိုယ်ကောင်းသလို ကိုယ့် အဖွဲ့စည်းလည်း ကောင်းအောင် လုပ်တတ်ရတယ်။ ကိုယ်တော်သလို ကိုယ့်အဖွဲ့စည်း တော်အောင်  လုပ်တတ်ရတယ်။ ဆိုကြပါစို့ ပန်းပုထုမယ့် ပုဂ္ဂိုလ်ဟာ ဘယ်လောက်တော်တော် ဆူးတွေ ဆောက်တွေက တုံးနေရင် ပုံကောင်း မထွက်ပါဘူး။ လက်ရာကောင်းကောင်းမရပါဘူး။ အဲဒါကြောင့် ကျွန်တော်တို့က လုပ်ငန်းတစ်ခု လုပ်တော့မယ်ဆိုရင် ကျွန်တော်သူငယ်ချင်းတွေ ပြန်ပြီးတော့ သုံးသပ်ပါတယ်။ ငါ့သူငယ်ချင်းက ငါ့ထက်တော်ပြီးတော့ ငါလို ဘာလို့ မဖြစ်တာလဲ။ သူက သူ့ကိုယ်သူ တော်တာပဲ ရှိတယ်။ သူ့အဖွဲ့စည်းကို သူတော်အောင် မလုပ်နိုင်ဘူး။

အဲတော့ သူ့အဖွဲ့စည်းက မတော်တဲ့ အခါကျတော့ ရလဒ်က မရဘူး။ အောင်မြင်ရင် ကျွန်တော် ဆိုလိုတာက ဘာမှ မပြောနဲ့ သိပြီးသား။ ဘာကြောင့်အောင်မြင်လဲ သူတို့ ကောင်းလို့ အောင်မြင်တာ။ မအောင်မြင်တာ သူတို့မကောင်းလို့  မအောင်မြင်တာ။ သူတို့မကောင်းလို့ မအောင်မြင်တာ သွား အပြစ်တင်လို့ မရဘူး။ သူတို့ကိုကောင်းအောင်လုပ်ဖို့ ကိုယ့်မှာ တာဝန်ရှိတယ်။ သူကို ကောင်းအောင်လုပ်မှ  ကိုယ်ကောင်းမှာပေါ့။ ကျွန်တော်ဒီတရားကို အစဉ် လက်ကိုင်ထားတယ်။ ဒါကျွန်တော်ရဲ့ ဖြတ်သန်းလာတဲ့ အတွေ့အကြုံအရ ပါပဲ။ ကျွန်တော် ပြောပြချင်တာက ဒါပါပဲ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly