ရုရှလေယာဉ်ပျက်ကျမှု နောက်ကွယ်တွင် အကြမ်းဖက်သမားများရှိနေဟု အီဂျစ်သမ္မတ ပြော

ရုရှလေယာဉ်ပျက်ကျမှု နောက်ကွယ်တွင် အကြမ်းဖက်သမားများရှိနေဟု အီဂျစ်သမ္မတ ပြော

ကိုင်ရို၊ ဖေဖော်ဝါရီ -၂၅ ။            ။ လွန်ခဲ့သည့် အောက်တိုဘာလက ဆိုင်းနိုင်းတွင် ပျက်ကျသွားခဲ့သည့် လေယာဉ်ကို အီဂျစ်၏ ခရီးသားလုပ်ငန်းနှင့် မော်စကိုနှင့် ဆက်ဆံရေးကို ဖျက်ဆီးလိုသည့် အကြမ်းဖက်သမားများက ပစ်ချခဲ့ခြင်းဖြစ်ကြောင်း အီဂျစ်သမ္မတ အဗ္ဗဒဲ ဖာတာ အယ်လ် စီစီက ပြောကြားခဲ့သည်။

‘အကြမ်းဖက်မှု အဆုံးသတ်သွားပြီလား။ လေယာဉ်ကို ပစ်ချတဲ့သူက ဘာလိုချင်လို့လဲ။ ခရီးသွားလုပ်ငန်းကို ထိခိုက်စေချင်တာလား။ ဒါတင်မကပါဘူး ရုရှနဲ့ ဆက်ဆံရေးကိုပါ ထိခိုက်စေချင်တာပါ’ဟု စီစီက လေယာဉ်ပျက်ကျမှုနှင့် ပတ်သက်၍ ပထမဆုံးအကြိမ်အဖြစ် ဗုဒ္ဓဟူးနေ့က ရုပ်သံလွှင့်မိန့်ခွန်းတစ်ခုတွင် ပြောကြားခဲ့သည်။

လေယာဉ်ပျက်ကျမှုနောက်ကွယ်တွင် အိုင်အက်စ်အုပ်စုရှိနေသည်ဟူသော အိုင်အက်စ် အကြမ်းဖက်သမားများ၏ ပြောဆိုချက်မှာ ဝါဒဖြန့်မှုသက်သက်သာဖြစ်သည်ဟု အီဂျစ်သမ္မတက မကြာသေးမီက ပယ်ချခဲ့သော်လည်း ယခုကဲ့သို့ ဝန်ခံချက် ထွက်ပေါ်လာခြင်းပင်ဖြစ်သည်။

အောက်တိုဘာလ ၃၁ရက်နေ့တွင် ရုရှ Kogalymavia လေကြောင်းလိုင်းပိုင် Airbus A321မှာ အီဂျစ် ဆိုင်းနိုင်းကျွန်းဆွယ်ပေါ်သို့ ပျက်ကျသွားခဲ့ရာ လိုက်ပါလာသူ ၂၂၄ယောက်စလုံး သေဆုံးခဲ့ရာတွင် အများစုမှုာ ရုရှနိုင်သံသားများဖြစ်သည်။

 ထို့နောက် နိုဝင်ဘာ ၁၇ရက်နေ့တွင် ရရှပြည်ထောင်စုလုံခြုံရေးဌာန (FSB)မှ လေယာဉ်မှာ ဗုံးပေါက်ကွဲမှုကြောင့် ပျက်ကျရခြင်းဖြစ်သည်ဟု ပြောကြားခဲ့ရာ အကြမ်းဖက်လုပ်ရပ်ဖြစ်နိုင်သည်ဟူသော ခန့်မှန်းချက်များလည်း ထွက်ပေါ်လာခဲ့သည်။

ထိုစဉ်က FSB၏ စုံစမ်းစစ်ဆေးမှုရလဒ်ကို သဘောတူခဲ့သည့် ရုရှသမ္မတ ဗလာဒီမီရာ ပူတင်က တိုက်ခိုက်မှုကျူးလွန်သူများကို အပြစ်ပေးမည်ဟု အာမခံခဲ့သည်။ ‘သူတို့ ပုန်းနေနိုင်တဲ့ နေရာမှန်သမျှကို ရှာဖွေမယ်။ ကမ္ဘာ့ ဘယ်နေရာမှာပဲဖြစ်ဖြစ် တွေ့အောင်ရှာပြီး အပြစ်ပေးမယ်’ဟု ပူတင်က ပြောကြားခဲ့သည်။

ထိုဖြစ်ရပ်ကြောင့် အီဂျစ်၏ လေဆိပ်လုံခြုံရေးကို ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်လာခဲ့ကြသကဲ့သို့ ဥရောပ လေကြောင်းလိုင်းများကလည်း အီဂျစ်ခရီးစဉ်များကို ဆိုင်းငံ့ထားလိုက်ကြသောကြောင့် ခရီးသွားလုပ်ငန်းကဏ္ဍကိုလည်း ထိခိုက်နစ်နာသွားစေခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required