ရှင်ကျန်ဒေသ အကြမ်းဖက်မှုကို အဆိုအကများဖြင့် တရုတ်က တိုက်ဖျက်သွားမည်

ရှင်ကျန်ဒေသ အကြမ်းဖက်မှုကို အဆိုအကများဖြင့် တရုတ်က တိုက်ဖျက်သွားမည်

ပေကျင်း၊ ဖေဖော်ဝါရီ ၂၅ ။              ။ တရုတ်နိုင်ငံ အနောက်ဖျားစွန်းရှိ ရှင်ကျန်ဒေသတွင် အကြမ်းဖက်မှုများ ဖြစ်ပွားလေ့ရှိရာ အကြမ်းဖက်မှုကို တိုက်ဖျက်ရာတွင် အာဏာပိုင်များက ယဉ်ကျေးမှု လှုပ်ရှားမှုများဖြင့် ဖျော်ဖြေမှုကို အသုံးပြုမည်ဖြစ်ပြီး ဥပဒေထိန်းသိမ်းစောင့်ရှောက်ရေး သတင်းစကားများ ပျံ့နှံ့စေရန် ဖျော်ဖြေမှုတွင် အဆိုအကများ ပုံစံတကျပါဝင် မည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာ က ဖေဖော်ဝါရီ ၂၅ တွင် အစီရင်ခံခဲ့သည်။

သဘာဝအရင်းအမြစ်ကြွယ်ဝသော ရှင်ကျန်ဒေသတွင် လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း ဒေသခံဝီဂါလူမျိုးများနှင့် လူများစုအနွယ် ဟန်တရုတ်တို့ကြား အကြမ်းဖက်မှုကြောင့် လူရာပေါင်းများစွာ သေဆုံး ခဲ့ပြီးဖြစ်သည်။ တိုက်ခိုက်မှုများအတွက် အစ္စလာမ္မစ်စစ်သွေးကြွများကို တရုတ်အစိုးရက အပြစ်ပုံခဲ့သည်။

သို့သော်လည်း တိုက်ခိုက်မှုများဖြစ်ရသည့် အကြောင်းရင်းမှာ ဝီဂါလူမျိုးတို့၏ ဘာသာတရားနှင့် ယဉ်ကျေးမှုကို တရုတ်အစိုးရ၏ ထိန်းချုပ်မှုအား မကျေနပ်မှုက ပို၍အဓိကကျသည်ဟု လူ့အခွင့်အရေးအုပ်စု များနှင့် ပြည်ပြေးများက ပြောသည်။ ရှင်ကျန်တွင် မည်သည့်ဖိနှိပ်မှုမှ ပြုလုပ်ခြင်းမရှိကြောင်း တရုတ်က ငြင်းဆိုထားသည်။

ဒေသ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး တိုးတက်စေရန် လွန်ခဲ့သည့်နှစ်က ပြဋ္ဌာန်းခဲ့သော တရုတ်၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအကြောင်း သိရှိမှုပျံ့နှံ့စေရန်  လူထုပညာပေးရေးလှုပ်ရှားမှုများ ပထမဆုံးအကျော့ကို အစိုးရက စတင်မည်ဟု နိုင်ငံပိုင် ရှင်ကျန်နေ့စဉ်သတင်းစာက ဖော်ပြခဲ့သည်။

ယခုလှုပ်ရှားများက အကြမ်းဖက်မှုကို တိုက်ဖျက်ရာတွင် လူမျိုးစုအားလုံးမှ ပြည်သူများ တက်ကြွစွာပါဝင်ရန် စည်းရုံးနိုင်လိမ့်မည်ဟု သတင်းစာက ဖော်ပြခဲ့သည်။

ဥပဒေထိန်းသိမ်းစောင့်ရှောက်သူများနှင့် ရှေ့နေများက လူထုဆွေးနွေးပွဲများပြုလုပ်စဉ် ယဉ်ကျေးမှုအတွက် ဦးဆောင်ကဏ္ဍတစ်ခုလည်း ပါဝင်မည်ဟု ဖော်ပြသည်။ ပြည်သူတွေကို ပျော်ရွှင်စေသည့် ယဉ်ကျေးမှု ဆိုင်ရာဝါဒဖြန့်ချိရေးလှုပ်ရှားမှု များစွာပြုလုပ်ကာ ဖျော်ဖြေရေးမှ တဆင့်ပညာရစေရေးဆောင်ရွက်ကြဟု အစိုးရ၏ညွှန်ကြားချက်များကို ကိုးကား၍ သတင်းစာကဖော်ပြခဲ့သည်။

အသေးစိတ်မဖော်ပြသော်လည်း ဝါဒဖြန့်ချိရေးဖျော်ဖြေမှုတွင် အဆို၊ အကနှင့် ဟာသဇတ်ကွက်များ ပုံစံတကျပါဝင်မည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly