ရွှေ့ပြောင်းအချေအကျပ်အတည်းတွင် ဂရိနိုင်ငံကို လူဂိုဒေါင်အဖြစ်ခံမည်မဟုတ်ဟု ၀န်ကြီးချုပ် ဇီပရပ်စ်ပြော

ရွှေ့ပြောင်းအချေအကျပ်အတည်းတွင် ဂရိနိုင်ငံကို လူဂိုဒေါင်အဖြစ်ခံမည်မဟုတ်ဟု ၀န်ကြီးချုပ် ဇီပရပ်စ်ပြော

အေသင်၊ ဖေဖော်ဝါရီ - ၂၅ ။            ။ အကယ်၍ အဖွဲ့ဝင်နိုင်ငံများကြားတွင် ဝန်ထုပ်ဝန်ပိုင်းကို အညီအမျှ ခွဲဝေထမ်းရွက်စေခြင်းမရှိပါက ရွှေ့ပြောင်းအခြေချ အကျပ်အတည်းအပေါ် အနာဂတ် အီးယူ သဘောတူညီချက်များနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်တော့မည်မဟုတ်ကြောင်း ဂရိဝန်ကြီးချုပ် အလက်ဇစ် ဇီပရပ်စ်က ဗုဒ္ဓဟူးနေ့က ခြိမ်းခြောက်လိုက်သကဲ့သို့ ဂရိနိုင်ငံကို လူသားဂိုဒေါင်ရုံတစ်ခု အဖြစ်ခံလိမ့်မည်မဟုတ်ကြောင်းလည်း ပြောကြားခဲ့သည်။

မြောက်နှင့် အနောက်ဥရောပ တစ်လွှားရှိ ရွှေ့ပြောင်းအခြေချ လမ်းကြောင်းတစ်လျှောက်တွင် နယ်စပ်ကို အသီးသီး တင်းကျပ်လိုက်ကြသောကြောင့် ဂရိနိုင်ငံသို့သာ စုပြုံတိုးဝှေ့လာပြီး၊ မက်ဆီဒိုးနီးယား ကဝင်ခွင့်မပြုသောကြောင့် အာဖဂန်ထောင်ပေါင်းများစွာ ဂရိမြေပေါ်တွင် သောင်တင်နေမှုများအပေါ် အေသင်က ဒေါသူပုန်ထနေချိန်တွင် ယခုကဲ့သို့ သတိပေးချက် ထွက်ပေါ်လာ ခဲ့ခြင်းပင်ဖြစ်သည်။

‘ဝန်ထုပ်ဝန်ပိုးနဲ့ တာဝန်တွေကို မျှမျှတတ မခွဲဝေဘူးဆိုရင် ဂရိနိုင်ငံက ဘယ်လိုသဘောတူညီချက်မျိုးကိုမှ လက်ခံမှာ မဟုတ်တော့ပါဘူး’ဟု ဇီပရပ်စ်က ပါလီမန်တွင် ပြောကြားခဲ့သည်။

ဗီယင်နာက လွန်ခဲ့သည့်ရက်သတ္တပတ်က ခိုလှုံခွင့်လျှောက်ထားသူများကို ကန့်သတ်သည့် အရေးယူဆောင်ရွက်ချက်တစ်ခုကို စတင်မိတ်ဆက်လာသကဲ့သို့၊ ဘော်လကန်နိုင်ငံအချို့ကလည်း ပြည်ဝင်ခွင့် စည်းမျဉ်းများကို တင်းကျပ်လိုက်ရာ၊ ယမန်နှစ်က ဥရောပသို့ ရောက်ရှိလာသည့် လူဦးရေ တစ်သန်းအနက် အများစုမှာ ဂရိပင်မလမ်းကြောင်းမှပင် ဝင်ရောက်လာကြခြင်းဖြစ်သောကြောင့် ဂရိပြည်သူများကြားတွင် မခံမရပ်နိုင် ဒေါသူပုန်ထနေခဲ့ကြသည်ဟု ဆိုသည်။  

မတ်လ ၇ရက်၊ ဘရပ်ဆဲညီလာခံမတိုင်မီ အကျပ်အတည်းကို ကိုင်တွယ်ခြင်းအပေါ် ဘုံရည်တည်ချက်ကို သဘောတူညီမှုရရန် ဇီပရပ်စ်က ဂရိ ပါတီခေါင်းဆာင်များနှင့် တွေ့ဆုံမည်ဖြစ်သည်။

‘ကျနော်တို့ ဒီပြဿနာအပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ဘဘောတူညီမှုရဖို့ လိုတယ်။ ကျနော်တို့နိုင်ငံကို လူဂိုဒေါင်ရုံတစ်ခု ဖြစ်ခွင့်ပြုမှာ မဟုတ်ဘူး’ဟု ဇီပရပ်စ်က ပြောကြားခဲ့သည်။

ဆက်လက်ပြီး နိုင်ငံအချို့က အီးယူအဆင့်တွင် ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ရန် ငြင်းဆန်နေကြပြီး၊ ယင်းအစား ရွှေ့ပြောင်းအခြေချလိုင်းလုံးကို တစ်ဖက်သတ် တားဆီးရန် ကြိုးစားနေကြသည်မှာ ရှက်ဖွယ်လိလိဖြစ်ကြောင်းလည်း ဇီပရပ်စ်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required