အဆိုတော် လိမ္မော်သီး ၏ ဒုတိယမြောက် တေးအယ်ဘမ် ထွက်ရှိမည်

အဆိုတော် လိမ္မော်သီး ၏ ဒုတိယမြောက် တေးအယ်ဘမ် ထွက်ရှိမည်

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၅ ။              ။ Rock အဆိုတော် တစ်ဦး ဖြစ်သည့် အဆိုတော် လိမ္မော်သီးသည် ဒဏ်ရာရနှလုံးသားဟု အမည် ပေးထားသည့် ဒုတိယမြောက် တစ်ကိုယ်တော် တေးအယ်ဘမ်ကို မတ် ၆ ရက်တွင် Bo Bo Music Production မှ စတင် ဖြန့်ချိ သွားမည် ဖြစ်သည်။

ပထမတေးအယ်ဘမ်နှင့်ကွဲထွက်လာသည့် တေးသီချင်း ၁၃ပုဒ် ပါဝင်ကာ Rock သီချင်းများ အပြင် အသည်းကွဲ သီချင်းများပါဝင်သည့် ကိုယ်ပိုင် သံစဉ် တေးသီချင်းများ ဖြစ်ကြောင်း အဆိုတော် လိမ္မော်သီးက ရှင်းပြသည်။

"ဒီအခွေလေးကို အချိန် ယူပြီးမှ ထွက်ထားတာပါ။ ဒီအခွေ ရဲ့ နာမည် အတိုင်း အသည်းကွဲ သီချင်းတွေ အများ ဆုံး ပါတယ်။ ညီမရဲ့ Rock ပရိသတ် တွေ အတွက်လည်း Rock သီချင်းလေးတွေ ပါတယ်။ ဒီအခွေလေးကို ဝယ်ပြီး နားထောင် ကြည့်စေချင်ပါတယ်" ဟု ၎င်းက ပြောသည်။

တေးရေးများ အဖြစ် ကောင်းဆက် ၊ ကိုအောင်(တောင်ကြီး) ၊ လှိုင်ဦးမော် ၊ အိုက်ပီး ၊ ဖိုးကာ၊ SNO ၊ Cobra ၊ အောင်ကိုမြင့် ၊ ဇော်လင်း ၊ ဇော်လတ်(ROS) ၊ Six Thu ၊ Junon တို့ အပြင် အဆိုတော် လိမ္မော်သီး ကိုယ်တိုင် ရေးသား ထားသည့် တေးသီချင်း ၂ပုဒ်လည်း ပါဝင်မည် ဖြစ်သည်။

ဒုတိယမြောက် တစ်ကိုယ်တော် တေးအယ်ဘမ်ကို Rose Of Sharon (ROS) Band နှင့် The Ugly Band တို့မှ တီးခတ် ပေးထားပြီး Duet အဆိုတော် အနေဖြင့် အဆိုတော် ခင်စုစုနိုင်မှ လည်း ဝင်ရောက် သီဆို ပေးထား  သည်။

အခွေ ထွက်ရှိသည့် နေ့တွင် နေ့လည် ၃နာရီ မှ ၅နာရီ အထိ လှည်းတန်း စိန်ဂေဟာ တွင် အနုပညာရှင်များ နှင့်အတူ လက်မှတ် ရေးထိုး ဖျော်ဖြေမည် ဖြစ်ပြီး အခွေဝယ်ယူသူအယောက် ၁၀၀ကို တီရှပ် လက်ဆောင် ပေးသွားမည် ဖြစ်သည်။

အဆိုတော် လိမ္မော်သီး သည် ၎င်း၏ လိမ္မော်ရောင်စိတ်ကူးများ အမည်ရှိ ပထမဆုံး တေးအယ်ဘမ် ကို ၂၀၁၀ ခုနှစ်တွင် Audio CD အဖြစ် ထွက်ရှိ ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် MTV အဖြစ် ထွက်ရှိ ခဲ့ကာ ယခု အခါ ဒုတိယ မြောက် တေးအယ်ဘမ် အဖြစ် ထွက်ရှိခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly