Thomson Reuters ၏ရောင်းဝယ်မှုစနစ်ကို CB Securities ဝန်ဆောင်မှု လုပ်ငန်းများတွင် သုံးမည်

Thomson Reuters ၏ရောင်းဝယ်မှုစနစ်ကို CB Securities ဝန်ဆောင်မှု လုပ်ငန်းများတွင် သုံးမည်

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၅ ။              ။ သမဝါယမဘဏ် လီမိတက် (CB Bank)  လက်အောက်ခံ ကုမ္ပဏီဖြစ်သည့် CB Securities ၏ ငွေချေးသက်သေခံလက်မှတ် ဝန်ဆောင်မှု လုပ်ငန်းများအတွက် Thomson Reuters ၏ Omnesys NEST™ စတော့ခ်ရှယ်ရာ ရောင်းဝယ်မှုစနစ်အား အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။

“ဒီစနစ်ဟာ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုကို အသုံးပြုမယ့် client များအတွက် ကောင်းမွန်တဲ့ ရလဒ်တွေကို ဆောင်ကျဉ်းပေးလာမှာပါ။” ဟု CB Securities ၏ မန်နေဂျင်း ဒါရိုက်တာ ဦးသောင်းဟန်က ပြောကြားခဲ့ပါသည်။

ရန်ကုန်စတော့ခ် အိတ်ချိန်း YSX တွင်  အရောင်းအဝယ်ပြုလုပ်နေသော အများပိုင်ကုမ္ပဏီများ၏ အစုရှယ်ယာများကို ဝယ်ယူရောင်းချ၊ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်၍ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုနှင့် ပိုင်ဆိုင်မှုဆိုင်ရာ မှတ်တမ်းများကို တိုးတက်ကြီးပွားအောင် ဆောင်ရွက်နိုင်တော့မည် ဖြစ်ကြောင်း၊ CB Securities ၏ ကုန်သွယ်ရေး လမ်းကြောင်းကို client များ၏ လိုအပ်ချက် အစုံအလင် ကိုဖြည့်စွမ်းပေးနိုင်စေရန်၊ ယခုထက်ပို၍ ကောင်းမွန်ပြည့်စုံစေရန် ဝန်ဆောင်မှုများ ပေးနိုင်စေရန် အတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

CB Securities မှ Omnesys NEST ™ စနစ်အား ရန်ကုန်စတော့ခ်အိတ်ချိန်း ဖွင့်လှစ်ခဲ့ပြီးနောက် တဆက်တည်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယင်းစနစ်သည် အာရှ-ပစိဖိတ် ဒေသတွင်းရှိ တိုးတက် ဖွွံ့ဖြိုးဆဲ ငွေကြေးဈေးကွက်များတွင် အသုံးပြုနေသည့် စတော့ခ်ရှယ်ယာ ရောင်းဝယ်မှု ထိန်းချုပ်ဆော့ဖ်ဝဲ တစ်ခုဖြစ်ကာ သုံးစွဲသူများအား ရောင်းဝယ်နိုင်ရေး အထောက်အကူ ဖြစ်စေမည့် ရင်းနှီးမြှုပ်နှံ မှုဆိုင်ရာ ဝန်ဆောင်မှုများ ၊ တိကျမှန်ကန်သည့် သတင်းအချက်အလက်များ နှင့် ရောင်းဝယ်ရေး စနစ်များ စသည့် ဝန်ဆောင်မှုများ ထည့်သွင်းဖန်တီးကြောင်း သိရသည်။

Omnesys NEST ™ ကို အသုံးပြုမည့် ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် ပြည်တွင်း၊ ပြည်ပမှ အရေးကြီး သတင်းအချက်အလက်များ၊ ကမ္ဘာ့အဆင့်မှီ လုပ်ဆောင်ချက်များကို လွယ်ကူအဆင်ပြေစွာ အသုံးချနိုင်ပြီး တိကျမှန်ကန် မြန်ဆန်သည့် ရောင်းဝယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆုံးဖြတ်ချက်များကို ချမှတ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

Thomson Reuters သည် ကမ္ဘာတစ်ဝန်း သတင်းနှင့် သတင်းအချက်အလက်ဆိုင်ရာ ကဏ္ဍများ၌ ဦးဆောင်လည်ပတ်နေသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၁၀၀ ကျော်၌ နှစ်ပေါင်း ၁၀၀ ကျော် လုပ်ငန်းလည်ပတ်နေသည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။

Thomson Reuters မှ ဖော်ပြပေးထားသည့် သတင်းအချက်အလက်များကို CB Securities ကွန်ယက်ပေါ်မှတဆင့် ကြည့်ရှုလေ့လာနိုင်ကာ အလိုရှိသလို ရွေးချယ်မှုများ ပြုလုပ်ထားခြင်း၊ အရေးပေါ် အသိပေးချက်များ များ သတ်မှတ်ထားခြင်းတို့ကိုလည်း ပြုလုပ်နိုင်မည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags