သြစတြေးလျက ကန်ဒေါ်လာ ၂၁ ဘီလျံသုံးစွဲပြီး ရေငုပ်သင်္ဘောသစ် ၁၂ စင်းဝယ်မည်

သြစတြေးလျက ကန်ဒေါ်လာ ၂၁ ဘီလျံသုံးစွဲပြီး ရေငုပ်သင်္ဘောသစ် ၁၂ စင်းဝယ်မည်

ဆစ်ဒနီ၊ ဖေဖော်ဝါရီ ၂၅ ။             ။ အာရှ - ပစိဖိတ်ဒေသတွင် တရုတ်က အင်အားကြီးမားလာခြင်းကြောင့် ဖြစ်လာသည့်ပြသနာများကို အမေရိကန်နှင့် မဟာမိတ်များက ဖြေရှင်းရန် ရုန်းကန်နေရစဉ် သြစတြေးလျကလည်း ၎င်း၏ အကျိုးစီးပွားများကို ကာကွယ်ရန် ကြိုးစားလျက်ရှိရာ သြစတြေးလျသည် လာမည့် ၁၀ နှစ်အတွင်း သြစတြေးလျဒေါ်လာ ဘီလျံ ၃၀ (အမေရိကန်ဒေါ်လာ ၂၁ဒသမ ၅၇ ဘီလျံ) နီးပါး ကာကွယ်ရေးအသုံးစရိတ်ကို မြင့်တင်မည်ဖြစ်သည်။

သြစတြေးလျသည် ဖရီးဂိတ်စစ်သင်္ဘောမများ၊ သံချပ်ကာယာဉ်များ၊ ဂျက်တိုက်လေယာဉ်များနှင့် ရေငုပ်သင်္ဘောများဝယ်ယူမည်ဖြစ်ရာ ကာကွယ်ရေးအသုံးစရိတ်မှာ ၂၀၂၁-၂၀၂၂တွင် ဂျီဒီပီ၏ ၂ ရာခိုင်နှုန်းသို့မြင့်ကာ သို့မဟုတ် သြစတြေးလျဒေါ်လာ ၁၉၅ဘီလျံအထိရှိလာမည်ဖြစ်သည်ဟု သြစတြေးလျဝန်ကြီးချုပ် မဲလ်ကွမ်တန်ဘူးလ်က ဖေဖော်ဝါရီ ၂၅က ကင်ဘာရာတွင် လက်နက်ကိုင် တပ်ဖွဲ့ဝင်များကို ပြောကြားခဲ့သည်။

ကာကွယ်ရေးမဟာဗျူဟာအစီအစဉ်ကို ဒေသတွင်းလုံခြုံရေးသဘာ၀ ပြောင်းလဲလာသည့် အခြေအနေ အထူးသဖြင့် တရုတ်၏ စီးပွားရေးနှင့် စစ်ရေး အင်အားကြီးထွားလာမှုနှင့် အာရှ-ပစိဖိတ်ဒေသကို အချက်အခြာဒေသအဖြစ် အမေရိကန်က ပိုမိုအာရုံစိုက်လာမှုအပေါ် အခြေခံ၍ ရေးဆွဲထားသည်ဟုလည်း တန်ဘူးလ်က ပြောသည်။

"နောင်နှစ်ပေါင်း ၂၀လောက်အထိ အမေရိကန်က ကမ္ဘာ့စစ်အင်အားအကြီးဆုံးနိုင်ငံ ဖြစ်နေဦးမှာပါ။ ပြီးတော့ အမေရိကန်ဟာ သြစတြေးလျရဲ့ အရေးပါဆုံး မဟာဗျူဟာမြောက်ပါတနာလည်း ဆက်ပြီးဖြစ်နေဦးမှာပါ။ အမေရိကန်ရဲ့ တက်ကြွတဲ့ တည်ရှိနေမှုဟာ ကျွန်တော်တို့ရဲ့ ဒေသတွင်း တည်ငြိမ်ရေးအတွက် ဆက်ပြီး အထောက်အကူဖြစ်နေမှာပါ"ဟု တန်ဘူးလ်က ပြောကြားခဲ့သည်။

တင်းမာမှုများကို လျှော့ချရန် ကြိုးပမ်းသည့်အနေဖြင့် တရုတ်နှင့် ပိုင်ဆိုင်မှုအငြင်းပွားနိုင်ငံများအနေဖြင့် တောင်တရုတ်ပင်လယ်တွင် ကျွန်းတုမဆောက်ကြရန်နှင့် စစ်ပုံသွင်းခြင်းမပြုလုပ်ကြရန် သြစတြေးလျက တိုက်တွန်းထားသည်။

ရေငုပ်သင်္ဘောများ မည်သည့်နိုင်ငံမှ ဝယ်ယူမည်ကို ယခုနှစ်နောက်ပိုင်းမှ ဆုံးဖြတ်မည်ဟု သိရသည်။ သြစတြေးလျ၏ နောက်ထပ်ရေငုပ်သင်္ဘောတပ်ကို တည်ဆောက်ရန် အမေရိကန်ဒေါ်လာ ၃၆ ဘီလျံတန် ကန်ထရိုက်ကို ပြင်သစ်နှင့် ဂျပန် နိုင်ငံတစ်ခုခုရနိုင်ကြောင်း ရိုက်တာက ယခုလအစောပိုင်းက အစီရင်ခံထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly