မြန်မာ့လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲကစားရန် မလေးရှားဘောလုံးအဖွဲ့ချုပ် ဖိတ်ကြား

မြန်မာ့လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲကစားရန် မလေးရှားဘောလုံးအဖွဲ့ချုပ် ဖိတ်ကြား
၂၀၁၄ ဆူဇူကီးဖလားပြိုင်ပွဲတွင် မလေးရှားနှင့်မြန်မာအသင်းတို့ယှဉ်ပြိုင်ကစားနေစဉ်။

ဖေဖော်ဝါရီ ၂၄ ၊ ရန်ကုန်။           ။ ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ကစားရန် ပြင်ဆင်မှုများပြုလုပ်နေသည့် မြန်မာ့လက်ရွေးစင်အသင်းကို မလေးရှားလက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲကစားရန် မလေးရှားဘောလုံးအဖွဲ့ချုပ်မှ ဖိတ်ကြားထားသည် ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးကိုကိုသိန်း က ပြောသည်။

မြန်မာနှင့်မလေးရှားခြေစမ်းပွဲကို မတ်လ ၁၉ ရက်တွင်ကစားရန် စီစဉ်ထားပြီး မလေးရှားနိုင်ငံတွင်လာရောက်ကစားရန် မလေးရှားအဖွဲ့ချုပ်က ဖိတ်ထားခြင်းဖြစ်သည်။

“ ကျွန်တော်တို့ လာမယ့် မတ်လ ၂၃ ရက်မှာ စင်ကာပူနဲ့ ကစားဖို့တော့ သေချာပါတယ်။ မတ်လ ၁၉ ရက်မှာ မလေးရှားနဲ့ ခြေစမ်းပွဲကစားဖို့ မလေးရှားဘက်က ဖိတ်ထားပါတယ်။ သွားဖို့ မသွားဖို့ကိုတော့ ချိန်နေပါတယ်။ နည်းပြကြီးကတော့ ဒီမှာကစားချင်တယ်။ ရန်ကုန်အသင်းက လက်ရွေးစင်ကစားသမားတွေ AFC ပွဲ ကစားဖို့ ရှိနေလို့ ဒီမှာကစားချင်တာပါ။ မလေးရှားကလည်း ကျွန်တော်တို့နဲ့ ကစားပြီးရင် ဆော်ဒီကို သွားကစားဖို့ ရှိနေတယ်။ တကယ်လို့ ကစားဖြစ်တယ်ဆိုရင်တော့ မလေးရှားကနေ စင်ကာပူပွဲကစားဖို့ကို တန်းသွားမှာပါ ” ဟု ဦးကိုကိုသိန်းက လက်ရွေးစင်အသင်း ခြေစမ်းပွဲနှင့် ပတ်သက်၍ ပြောသည်။

မလေးရှားလက်ရွေးစင်အသင်းသည် လက်ရှိတွင် ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စု (က) ပွဲစဉ်များ ယှဉ်ပြိုင်ကစားလျက်ရှိပြီး အုပ်စုပွဲစဉ် ၇ ပွဲကစားပြီးချိန်၌ တစ်ပွဲနိုင် တစ်ပွဲသရေ ငါးပွဲရှုံး ရလဒ်ဖြင့် ရမှတ် လေးမှတ်သာ ရရှိကာ အမှတ်ပေးဇယား အဆင့်လေးနေရာတွင် ရပ်တည်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly