လိုင်စင်မဲ့ကားများ တရားဝင်စီးခွင့်ရရန်ကြိုးစားမည်

လိုင်စင်မဲ့ကားများ တရားဝင်စီးခွင့်ရရန်ကြိုးစားမည်

ဘားအံ၊ဖေဖော်ဝါရီ ၂၄ ။          ။ ကရင်ပြည်နယ်အတွင်း လတ်တလော ဖြစ်ပေါ်နေသော လိုင်စင်မဲ့ကား ဖမ်းစီးမှုများ အစား နောက်အစိုးရ လက်ထက်တွင် ပြည်နယ်ဥပဒေ ပြဋ္ဌာန်း၍ တရားဝင် စီးနင်းခွင့် ရရှိရန် ကြိုးစားသွားရန် ရည်ရွယ်ထားကြောင်း ကရင်ပြည်နယ် အမျိုးသားဒီမိုကရေစီ ဥက္ကဋ္ဌ ဒေါ်နန်းခင်ထွေးမြင့်က ပြောသည်။

"အန်တီတို့ အစိုးရ လက်ထက်ကျရင် ဗဟိုအစိုးရနဲ့ ညှိနှိုင်းပြီး  ပြည်သူတွေ စိတ်ချလက်ချ မော်တော်ကား တရားဝင် သုံးပိုင်ခွင့်ရအောင် ပြည်နယ် ဥပဒေ ပြဌာန်းပြီးတော့ လုပ်မယ်ဆိုရင် ပြည်သူတွေမှာ ခိုင်ခိုင်မာမာ မော်တော်ကား သုံးစွဲနိုင်ပြီပေါ့။ နောက် ပြည်နယ်ဥပဒေမှာ မော်တော်ကားတွေကို ဘယ်ခုနှစ်ကနေ ဘယ်ခုနှစ်အထိ သက်တမ်းဘယ်လောက် ရှိတယ် ဆိုတာမျိုး လုပ်သွားမယ်ဆိုရင် အန်တီတို့ ပြည်နယ် ရံပုံငွေတွေ အများကြီး ဝင်တာပေါ့" ဟု ဆိုသည်။

လိုင်စင်မဲ့ကားများကို ကရင်ပြည်နယ် အတွင်းတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဒေသခံများ အားလုံးနီးပါးက သုံးစွဲခဲ့ကြခြင်းလည်းဖြစ်သည်။

"အန်တီ ရှင်းရှင်း ပြောရမယ်ဆိုရင် အန်တီတို့ဆီမှာ လှည်းတွေတောင် သိပ်မရှိတော့ဘူး။ ကားတွေနဲ့ချည်းပဲ သုံးတာ ကောက်ရိုး သယ်တာကအစ၊ ပျိုးပင်ပေါက်တွေ သယ်တာကအစ၊ ကားတွေနဲ့ပဲ သယ်ကြတယ်။ ငွေ ၁၀သိန်း ၁၅သိန်းဆိုတာက လွယ်နေတယ်။ နယ်ကနေ ဘားအံကို လာတဲ့အခါ ကားနဲ့လာရတာ ပိုအဆင်ပြေတယ်။ အခုလိုဗြုန်းစားကြီး မော်တော်ကားတွေကို သိမ်းလိုက်တယ် ဆိုတော့ သူတို့အတွက် တော်တော်လေးကို လုံး၀ အဆင်မပြေကြဘူး" ဟု ဒေါ်နန်းခင်ထွေးမြင့်က ပြောသည်။

အဆိုပါ လိုင်စင်မဲ့ကားများ သိမ်းဆည်းမှုများနှင့် ပတ်သက်၍ ရပ်ဆိုင်း ထားပေးရန် အတွက် ကရင်ပြည်နယ် အတွင်းက လွှတ်တော်ကိုယ်စားလှယ် သုံးဦးက ဇန်နဝါရီ ၂ရက်နေ့က လက်မှတ် ရေးထိုး၍ ပြည်နယ်အစိုးရထံ တင်ပြတောင်းဆိုမှုများလည်း ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required