ငလျင်ကြီးများ မလာခင်လှုပ်သော ရှေ့ပြေးငလျင်ငယ်များ ဖြစ်လာနိုင်

ငလျင်ကြီးများ မလာခင်လှုပ်သော ရှေ့ပြေးငလျင်ငယ်များ ဖြစ်လာနိုင်

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၄ ။             ။ ၂၀၁၆ ခုနှစ် အစပိုင်းတွင် ခပ်စိပ်စိပ် လှုပ်ခတ်နေသော ငလျင်ငယ်များသည် ငလျင်ကြီးမလာမီ လှုပ်ခတ်တတ်သော ရှေ့ပြေးငလျင်ငယ်များ ဖြစ်လာနိုင်သောကြောင့် သတိထား စောင့်ကြည့်ရမည်ဖြစ်ကြောင်း မြေငလျင် သုတေသနပညာရှင် ဒေါ်လှလှအောင်က ပြောသည်။

ယနေ့မနက်လှုပ်ခတ်သွားသည့် ငလျင်သည် စစ်ကိုင်းပြတ်ရွေ့ကနေလှုပ်ခြင်းဖြစ်ပြီး စစ်ကိုင်းပြတ်ရွေ့မှ ငလျင်ငယ်ကလေးများ လှုပ်ခတ်နေခြင်းကြောင့် ငလျင်ကြီးမလှုပ်မှီ ရှေ့ပြေးငလျင်ငယ်လေး များဖြစ်နိုင်ကြောင်း ၎င်းကသုံးသပ်သည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှလည်း ယနေ့ မြန်မာစံတော်ချိန် မနက် ၇နာရီ ၄၂ မိနစ်၊ ၂၀ စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် ၄၈ မိုင်ခန့် ကွာဝေးသော ဒေးဒရဲမြို့၏ တောင်-အရှေ့တောင်ဘက် ၁၅ မိုင် ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်ခ်တာစကေး (၄.၄) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သတင်းထုတ်ပြန် ကြေညာထားသည်။

“အခုလှုပ်သွားတာက စစ်ကိုင်းပြတ်ရွေ့ကနေလှုပ်တာပါ။ ရန်ကုန်က စစ်ကိုင်းပြတ်ရွေ့ပေါ်မှာ မရှိဘူး။ ဒါပေမယ့် စစ်ကိုင်းပြတ်ရွေ့လှုပ်ရင် ရန်ကုန်ကပါ ခံစားသိနိုင်တယ်။ ဇန်နဝါရီတုန်းကလည်း စစ်ကိုင်းပြတ်ရွေ့ကနေ ငလျင်ငယ်လေးတွေ လှုပ်ခဲ့တယ်။ အခုလည်း ရစ်ခ်တာစကေး (၄.၄) နဲ့လှုပ်တယ်ဆိုတော့ ငလျင်ကြီး မလာခင် ရှေ့ပြေးငလျင်လေးတွေ ဖြစ်နိုင်တယ်။ ” ဟု မြန်မာနိုင်ငံ ငလျင်ကော်မတီမှ သုတေသနပညာရှင် ဒေါ်လှလှအောင်က မဇ္ဈိမသို့ပြောသည်။

မြန်မာနိုင်ငံတွင် အဆောက်အဦးအများသည် ငလျင်ဒဏ်ခံနိုင်ခြင်း ရှိ/မရှိ မသိရသောကြောင့် မည်သည့်ဒေသတွင်မဆို ငလျင်ကြီးများမလှုပ်မီ ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း၊ ဆေးဝါးပစ္စည်းများ စုဆောင်းခြင်း၊ အရေးကြီးစာရွက်စာတမ်းများ၊ အဖိုးတန်ပစ္စည်းများ သိမ်းဆည်းခြင်းတို့ ပြုလုပ်ထားသင့်ကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၂ရက်နေ့ကလည်း စစ်ကိုင်းပြတ်ရွေ့ကြောမှ ရန်ကုန်မြို့တောင်ဘက် လက်ခုတ်ကုန်းကမ်းခြေတဝိုက် ဗဟိုပြု၍  ၄.၄ ရစ်ခ်တာစကေးရှိသည့် ငလျင်ငယ် သုံးကြိမ် အချိန်ပိုင်းခြား၍ လှုပ်ခတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly