ကျူးကျော်များလျှောက်ထားသည့် စည်ပင်အငှားအိမ်ရာလျှောက်လွှာများ မပြည့်စုံသည့်အတွက် ပြန်တင်ရမည်

ကျူးကျော်များလျှောက်ထားသည့် စည်ပင်အငှားအိမ်ရာလျှောက်လွှာများ မပြည့်စုံသည့်အတွက် ပြန်တင်ရမည်

မန္တလေး၊ဖေဖော်ဝါရီ ၂၃။                 ။ ဧရာဝတီမြစ်ကမ်းဘေးတွင်တဲထိုးနေထိုင်သည့် ကျူးကျော်လျှောက်ထားသည့် စည်ပင်အငှားအိမ်ရာ လျှောက်လွှာများမပြည့်စုံသည့်အတွက် ဖေဖော်ဝါရီ ၂၉ရက်နေ့နောက်ဆုံးထား၍ ပြန်တင်ရမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ အတွင်းရေးမှူး ဦးခင်မောင်တင် က ဖေဖော်ဝါရီ ၂၃ ရက်က အငှားအိမ်ရာရှိ ရှင်းလင်းဆောင်တွင် ဧရာဝတီမြစ်ကမ်းဘေးတွင်နေထိုင်သည့်သူများကိုခေါ်ယူ၍  သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ပြောကြားသည်။

လျှောက်ထားလွှာများတွင် မှတ်ပုံတင်အထောက်အထားနှင့် အိမ်ထောင်စုဇယားများပါသည့် လျှောက်ထားလွှာများ အများအပြားပါဝင်နေကြာင်း၊ အားလုံးကိုနေထိုင်လိုသည့် စေတနာကြောင့် ရက်တိုးသက်မှတ်ပေးထားကာ အောင်မြေသာစံမြို့နယ်အတွင်းရှိ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများထံတွင် ပြန်လည်လျောက်ထားရမည် ခြင်းဖြစ်ကြောင်း၊ မလျှောက်ထားရသေးသူများလည်း လာရောက်လျှောက်ထားရန် တိုက်တွန်းကြောင်း ဦးခင်မောင်တင်ကပြောသည်။

"ကျွန်တော်တို့ဆီရောက်လာတဲ့လျောက်လွှာအတော်များများက မပြည့်စုံဘူး။ဒါကြောင့်ပြန်တင်ပေးဖို့ ရက်သတ်မှတ်ပေးတာပါ။မှတ်ပုံတင်မရှိရင်လည်း အိမ်ထောင်စုဇယားနဲ့လျောက်လို့ရတယ်။   လျောက်မယ့်မိသားစုထဲက တစ်ဦးဦးက မှတ်ပုံတင်ရှိရင်လည်း ရှိတဲ့သူနာမည်နဲ့လျောက်လို့ရပါတယ်။ အတူနေတော့ဖြစ်ဖို့လိုပါတယ်။ ဒီမှာနေတဲ့အိမ်ထောင်စုဇယားမှမဟုတ်ဘူး။ကိုယ်နေတဲ့ဇာတိက အိမ်ထောင်စုဇယားနဲ့လည်းရပါတယ်။"ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ အတွင်းရေးမှူး ဦးခင်မောင်တင်ကပြောသည်။

"အခုကျူးနေတာတွေက ဘယ်အချိန်ဖျက်ပေးရမယ်၊ပြောင်းပေးရမယ်ဆိုတာမသိဘူး။ပြီးတော့ နေရထိုင်ရတာကလည်း လုံလုံခြုံခြုံမရှိဘူး။ဒါကြောင့် ကျွန်တော်တို့က အားလုံးလုံလုံခြုံခြုံနေထိုင်နိုင်အောင် အငှားအိမ်ရာတွေတည်ဆောက်ပေးတာပါ။"ဟု ဦးခင်မောင်တင်ကပြောသည်။

အဆိုပါအငှားအိမ်ရာများသည် အောင်မြေသာစံမြို့နယ်၊ မြို့ရှောင်လမ်းဘေးရှိ အကွက်(၄၄၄/၁)တွင် ၁၂ ခန်းတွဲ ၅ထပ်၊ ၂ လုံး၊အခန်းပေါင်း ၁၄၄ ခန်း၊ အကွက်(၄၄၄/၂)တွင် ၁၂ခန်းတွဲ ၆ ထပ်၊ ၁၄လုံး၊အခန်းပေါင်း ၁၀၀၈ခန်းနှင့် အကွက်(၁၀၅)တွင် ၁၂ခန်းတွဲ၊၆ ထပ်၊၆လုံး၊အခန်းပေါင်း ၄၃၂ ခန်း၊ အခန်းစုစုပေါင်း ၁၅၈၄ခန်း ပါရှိပြီး အခန်းအားလုံးကို တစ်ခန်း သုံးသောင်းကျပ်ဖြင့် ဌားရမ်းပေးသွားမည်ဖြစ်သည်။

အဆိုပါရှင်းလင်းပွဲသို့တက်ရောက်လာသည့် ဧရာဝတီမြစ်ကမ်းဘေးတွင်နေထိုင်လုပ်ကိုင်စားသောက်နေသည့် ဒေါ်ဌေးလွင်က "သုံးသောင်းဆိုတာမများ ပေမယ့်မနေနိုင်ပါဘူး။    နှုန်းလေးနည်းနည်း   ပြင်ပေးစေချင်တယ်။ ဒါမှအားလုံးနေနိုင်မှာပါ။ နေဖို့အတွက် တစ်ရက်တစ်ထောင်နေဖို့ပိုအောင်စုဖို့ဆိုတာမလွယ်ပါဘူး။ ဒီမှာနေတဲ့သူအားလုံးသိပါတယ်။ လူတိုင်းလုံလုံခြုံခြုံနေချင်ကြပါတယ်။ ဒါကြောင့် ဈေးလေးလျှော့ပေးပါ။ပြီးတော့ ရေဖိုးတွေမီးဖိုးတွေလည်းမဆောင်နိုင်ပါဘူး။ဒါတွေကိုလည်း ကင်းလွတ်ခွင့်ပေးဖို့တောင်းဆိုပါတယ်။အားလုံးကိုယ်စားပြောတာပါ။"ဟုပြောသည်။

ထိုသို့တင်ပြမှုနှင့်ပတ်သက်၍ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူး ဦးခင်မောင်တင်က "အများကြီးဖြေလျော့ပေးထားတယ်။ သုံးသောင်းဆိုတာ အားလုံးတတ်နိုင်မှာပါ။   ရေနဲ့မီးကလည်းဆောင်ပေးရမှာပါ။ ရပ်ကွက်တွေမှာသွားဌားနေရင်တောင် တစ်လ ခြောက်သောင်းလောက်ပေးမှရတာပါ။ အားလုံးဌားနေနိုင်မယ်လို့ထင်ပါတယ်။"ဟုပြောသည်။

အဆိုပါဆွေးနွေးပွဲသို့တက်ရောက်လာသူအများစုသည် အငှားအိမ်ရာတိုက်ခန်းတွင် နေထိုင်ချင်သော်လည်း တစ်လ သုံးသောင်းနှင့်ရေးမီးအတွက် ဆောင်ရန်မတတ်နိုင်သောကြောင့်   နေထိုင်ရန်ခက်ခဲနေသည်ဟု တစ်ညီတစ်ညွှတ်တည်းဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required