တားမြစ်ခံထားရသည့် ဘိန်းခင်းဖျက်အဖွဲ့ အစိုးရလုံခြံုရေးနှင့် အတူသွားခွင့်ပြု

တားမြစ်ခံထားရသည့် ဘိန်းခင်းဖျက်အဖွဲ့ အစိုးရလုံခြံုရေးနှင့် အတူသွားခွင့်ပြု
ကန့်ပိုင်တီဒေသသို့ မထွက်ခင် Pat Jasan အဖွဲ့ မှ ဆုတောင်းစဉ်။ ဓါတ်ပုံု - Htoi Awng

ချင်းမိုင်၊ဖေဖော်ဝါရီ ၂၃ ။             ။ ဖြတ်သန်းခွင့် စောင့်ဆိုင်းနေသော လူထုအခြေပြု ကချင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖဲ့ွ(Pat Jasan)ကို အစိုးရ အာဏာပိုင်များက ဖေဖော်ဝါရီလ ၂၃ ရက်ကတွင် အစိုးရ လုံခြုံရေးနှင့်အတူ သွားခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ် ဆဒုံး၊ ချီဖွေကားလမ်းဆုံရှိ အစိုးရ စစ်တပ်ဂိတ်မှ ရက်သတ္တပတ်ကြာ ပိတ်ပင်ခဲ့ရာမှ ဖေဖော်ဝါရီ ၂၃ရက်နေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးနှင့် ကချင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေး၍ ခွင့်ပြုချက် ပြန်လည် ရရှိခဲ့ခြင်း ဖြစ်သည်။

“လုံခြုံရေးက စစ်တပ်နဲ့ ရဲတပ်ဖွဲ့ ဘယ်နှစ်ဦးပေးမယ်ဆိုတာတော့ မပြောသေးဘူး။ ဘယ်နှစ်ဦး လိုက်ပေးမယ်ဆိုတာ မပြောသေးဘူး”ဟု မြစ်ကြီးနားမြို့ ကချင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ ဥက္ကဌ ဦးလုံဂျွန်တူးရော်က မဇ္ဈိမကို ပြောသည်။

ယနေ့ မွန်းလွဲပိုင်းတွင် ဆံဒုံး၊ ချီဖွေ လမ်ဆုံဂိတ်မှ စတင်ထွက်ခွာပြီး မနက်ဖြန်တွင် ဘိန်းခင်းများ သွားရောက် ဖျက်ဆီးမည်ဖြစ်ကြောင်း လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ လူအင်အား ၃၀၀၀ ခန့်တွင် အဖွဲ့ ၆ ဖွဲ့ ခွဲ၍ ဘိန်းခင်းများ သွားရောက် ဖျက်ဆီးသွားရန် စီစဉ်ထားသည်ဟု ဝိုင်းမော်မြို့နယ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ အတွင်းရေးမှူး ဆရာ ဦးဖလားလွမ်းခေါင်က ပြောသည်။

“မနက်ဖြန် လွတ်တော်မှာလည်း တင်တော့မယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

အစိုးရဘက်မှ တားဆီးပိတ်ပင်လာသဖြင့် ကချင်းမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က အစိုးရနှင့် ပြည်သူ ပူးပေါင်းဆောင်ရွက်နိုင်ရန် လွှတ်တော်သို့ တင်သွင်းရန် ပြင်ဆင်ခဲ့ရာ ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ပြည်သူ့ လွှတ်တော်သို့ တင်သွင်းသွားနိုင်ရန်လည်း ကြိုးစားနေကြောင်း နေပြည်တော်တွင် ရောက်ရှိနေသော ဆရာဦးဖလားလွမ်းခေါင်က ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်ကလည်း Pat Jasan အဖွဲ့ လူအင်အား ၂၀၀၀ ကျော်ဖြင့် ဆဒုံး၊ ချီဖွေ၊ ကန်ပိုင်တီဒေသများရှိ ဘိန်းခင်းများ သွားရောက် ဖျက်ဆီးနေစဉ် မော်ဆီတုန်းကျေးရွာတွင် ဘိန်းခင်းပိုင်ရှင်များက လက်နက်များဖြင့် တားဆီးပိတ်ပင်ခဲ့သဖြင့် လုံခြုံရေး စိုးရိမ်လာသဖြင့် ဖေဖော်ဝါရီ ၅ ရက်တွင် ပြန်လှည့်လာခဲ့ရခြင်း ဖြစ်သည်။

ယင်းဒေသများတွင် ဘိန်းခင်း ဧက ထောင်ချီ ရှိနေသေးသဖြင့် ထပ်မံ ဖျက်ဆီးရန်သွားရောက်စဉ် အစိုးရ စစ်တပ်က တားဆီးပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags