တော်လှန်ရေး လုပ်တာပန်းပြီ ငြိမ်းချမ်းရေးအတွက် ဒေါ်စုကို အားကိုးတယ်ဆိုတဲ့ KNU-KNLA ဗိုလ်မှူးကြီး

တော်လှန်ရေး လုပ်တာပန်းပြီ ငြိမ်းချမ်းရေးအတွက် ဒေါ်စုကို အားကိုးတယ်ဆိုတဲ့ KNU-KNLA ဗိုလ်မှူးကြီး

အသက်၁၆ နှစ်ကတည်းက တော်လှန်ရေး လုပ်ခဲ့ပြီး ယခု အသက် ၆၁ နှစ် ရှိနေပြီဖြစ်သော KNU-KNLA ငြိမ်းချမ်းရေး ကောင်စီ၏ ဗိုလ်မှူးကြီး စောဂျိုးဇက်နှင့် မဇ္ဈိမတို့ မကြာသေးခင်က တွေ့ဆုံ မေးမြန်းရာတွင် ငြိမ်းချမ်းရေးအခြေအနေ၊ မငြိမ်းချမ်း နိုင်သေးသည့် ကရင်ပြည်နယ်အတွင်း အခြေအနေတို့ကို တွေ့ဆုံ မေးမြန်းဖြစ်ခဲ့သည်။

နှစ်ပေါင်း ၄၅ နှစ်ကြာ လက်နက်ကိုင်ဆွဲခဲ့သည့် စောဂျိုးဇက်က တော်လှန်ရေး လုပ်ရသည်ကို ပင်ပန်းသွားပြီဟု ပြောဆိုခဲ့ပြီး ငြိမ်းချမ်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို အားကိုးသည်ဟုလည်းဆိုခဲ့သည်။ အသက် ၆၁ နှစ်အရွယ် ရှိနေပြီဖြစ်သာ စောဂျိုးဇက်က သူမြင်လိုသည့် အနာဂတ် ကရင်ပြည်နယ်ကိုလည်း မဇ္ဈိမသို့ ပြောဆိုခဲ့သည်။

 

တော်လှန်ရေး လုပ်လာတာ ၄၅ နှစ်ရှိပြီဆိုတော့ ခုအချိန်မှာ ငြိမ်းချမ်းရေးရဖို့ ဘယ်လောက်အထိ မေ ျှာ်မှန်းလို့ရနိုင်မလဲ။

အတိုင်းတာ တစ်ခုပေါ်မှာ ခြုံပြီးတော့ ကြည့်လိုက်လို့ရှိရင် အခုအခြေနေအရ NCA  လက်မှတ်ရေးထိုးပြီးတဲ့ နောက်ပိုင်းကျတော့  အချိန်ကာလ အတိုင်းတာပေါ်မှာ ပြန်ချိန်ကြည့်လို့ရှိရင်တော့ သိပ်မဝေးတော့တဲ့ ကာလမှာတော့ အောင်မြင်မှု ပန်းတိုင်ကို ရောက်လာနိုင်တယ်။

 

နှစ်ပေါင်း လေးဆယ်ကျော် တော်လှန်ရေး လုပ်လာပြီးတဲ့ အခါမှာ ပြန်ကြည့်လိုက်ရင် ကရင်ပြည်နယ်ရဲ့  ဖွံ့ဖြိုးတိုးတက်မှုက ဘယ်လိုရှိလဲ။

ဟိုအရင်တုန်းကတော့ နယ်မြေက အေးချမ်းမှုမှ မရှိသေးတာ။ နယ်မြေတိုးတက်မှု မရှိတဲ့အပြင် အမြဲတမ်းပဲ ဒုက္ခဆင်းရဲနဲ့ နေထိုင်ကြုံတွေ့ နေရပါတယ်။ ဒါပေမယ့် ၂၀၀၇ခုနှစ်က စပြီးတော့ ဒီအပစ်ခတ်ရပ်စဲရေး အပေါ်မှာ လူထုတွေက သွားရေးလာရေး အကုန်လုံး အဆင်ပြေ ချော့မွေ့လာတယ်။ ဒီတော့ အနေထိုင်အရ ဆိုလို့ရှိရင်တော့ ဒေသဖွံ့ဖြိုးရေး မရှိသည့်တိုင်အောင် သူတို့မှာ လုပ်ငန်းကိစ္စနဲ့ ပတ်သက်လာရင် လွတ်လွတ်လပ်လပ် သွားလို့လာလွယ်ကူတဲ့အတွက် အကျိုးအမြတ်ကတော့ လူထုအတွက် အဆင်ပြေတာပေါ့။

 

ငြိမ်းချမ်းရေးရဖို့ လက်တစ်ကမ်းပဲ လိုတော့တယ်လို့ ပြောလို့ရမယ်ဆိုရင် ကရင်ပြည်နယ်အတွက် ဘာတွေ လုပ်ကြမလဲ။

အဓိကတော့ ဒေသခံပြည်သူလူထု အကျိုးပြုတဲ့ လုပ်ငန်းတွေ၊ ရင်းနှီးမြှုပ်နှံမှု အပိုင်းကျတော့ ငွေကြေး အခက်ခဲရှိတဲ့အတွက် တတ်နိုင်တဲ့ဘက်ကတော့ အသေးစိတ် ဘာမှ အကောင်ထည်ဖော်လို့ မရသေးပါဘူး။

 

တကယ့်တကယ် အစိုးရက ပံ့ပိုးပေးမယ်ဆိုရင် ဘယ်လို အကူညီမျိုးကို လိုချင်လဲ။ ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက်။

စိုက်ပျိုးရေး မွေးမြူရေး ကဏ္ဍမှာလည်း ဦးစားပေး လုပ်ပေးစေချင်တယ်။ လမ်းပန်း ဆက်သွယ်ရေး ကောင်းလာတာနဲ့အမျှ သွားရေးလာရေး အလျင်မီတဲ့ အချိန်ကျရင် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း ရှိမှ အဆင်ပြေ ချော့မွေ့မှာပါ။

ငြိမ်းချမ်းရေး လက်မှတ်လည်း ထိုးတဲ့အခါမှာ ကျန်တဲ့ ကချင်တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ KIO  ပါမလာဘူးဆိုတော့ ဒီလို လုပ်ဖေါ်ကိုင်ဖက်တွေကို ဘာပြောချင်သလဲ။

လက်ရှိအခြေနေအရတော့ ကျွန်တော်တို့တောင်မှ တိတိကျကျ လွတ်လပ်ခွင့် ဘာတစ်ခုမှ မရသေးပါဘူး။ ဒီNCA  လက်မှတ်ရေးထိုးပြီးလည်း စစ်မှန်တဲ့ ငြိမ်းချမ်းရေးရယ်လို့ သတ်မှတ်လို့ မရသေးပါဘူး။ ဒါပေမယ့် လက်နက်ကိုင် အဖွဲ့စည်းအားလုံးကိုတော့ လက်ဆွဲပြီး ခေါ်သွားမှာ ဒီငြိမ်းချမ်းရေး အစစ်မှန် ရသည့်အထိဖြစ်ပါတယ်။

 

စစ်မှန်တဲ့ ငြိမ်းချမ်းရေး မရဘူးဆိုတော့ ဘယ်လိုအခြေနေမျိုးတွေက စစ်မှန်တဲ့ ငြိမ်းချမ်းရေး မရဘူး ဖြစ်နေတာလဲ။

အခုအခြေနေအရဆိုရင် လက်နက်ပစ်ခတ်ရပ်စဲရေး သဘောတူ စာချုပ်လောက်ပဲ ရှိသေးတယ်လေ။ စစ်မှန်တဲ့ငြိမ်းချမ်းရေးဆိုတာ မူလေးချက်အပေါ်မှာ ကြည့်ချင်းအားဖြင့် ကိုယ့် ကရင်ကံကြမ္မာ ကရင်ဖန်တီးတဲ့ အဆင့်တန်းမှာကျတော့ သူများကို အားကိုးတကြီးနဲ့ မှီခိုနေရတဲ့ အဆင့်တန်းမှာ ရှိတယ်။ အခုက ဒီအချက်အလက်မှာ ကျွန်တော့်မှာ ဟာကွက် တစ်ကွက်ရှိတယ်။ ကရင်ကံကြမ္မာ ကရင်ဖန်တီးမယ့် အစိတ်ပိုင်းမှာကြတော့ အဓိက ကျဆုံးက ပညာရေးမှာ အလျင်မမှီလို့ရှိရင် ရင်ဘောင်တန်းလို့ မရတဲ့ အဖြစ်မျိုးမှာ ရှိတယ်။

 

အသက်လည်း ကြီးပြီဆိုတော့ အဖိုးမြင်ချင်တဲ့ ကရင်ပြည်နယ်က  ဘယ်လိုပုံစံမျိုး ဖြစ်မလဲ။

လွတ်လွတ်လပ်လပ် ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့် ရှိတဲ့နေ့ကျရင် ဒီကရင်ပြည်နယ်မှာ ကိုယ်လုပ်ချင်တဲ့ လုပ်ငန်းစဉ်တွေ လုပ်ငန်းရပ်တွေအားလုံး ကိုယ်လုပ်ပိုင်ခွင့်ရှိတဲ့ အချိန်ကျရင် ကျွန်တော်တို့ တစ်တပ်တအားလုပ်ဖို့ ဆန္ဒရှိပါတယ်။

 

နယ်မှာလည်း နယ်ခံလည်း ဖြစ်တယ်။ ထိတွေ့တိုက်ခိုက်မှု အခြေနေကော ဘယ်လိုရှိလဲ။ အေးအေးဆေးဆေးပဲလား။

ထိတွေ့တိုက်ခိုက်မှု ပေါ်မှာကျတော့ လက်နက်ကိုင်အဖွဲ့အစည်းက တစ်ဖက်တည်း မဟုတ်တဲ့အတွက် တစ်ခါတလေ အတိုင်းတာတစ်ခုအပေါ်မှာ တစ်ဖက်နဲ့တစ်ဖက် အမြင်မရှင်းတာ။ အကယ်၍များ လက်နက်ကိုင် အဖွဲ့စည်း တစ်ဖွဲ့ပဲ ရှိမယ်ဆိုလို့ရှိရင် ပိုပြီးတော့ ငြိမ်းချမ်းရေး ရှိမယ်လို့ ယူဆပါတယ် ခင်ဗျာ။

 

အဖိုးပြောတဲ့အထဲမှာ လက်နက်ကိုင် တော်လှန်ရေးလုပ်တာ နည်းနည်း ပန်းသွားပြီဆိုတော့ ဘယ်လိုမျိုး အခြေနေကြောင့် ပန်းသွားတာလဲ။

ယခင်က တော်လှန်ရေး လျှောက်စဉ်တုန်းကတော့ စိတ်ဓာတ်ပိုင်းမှာ ကျွန်တော်က လူငယ်ဖြစ်တဲ့ အလျောက် စိတ်ဓာတ်ပြင်းထန်တယ်။ ပြီးတော့ လူထုထောက်ခံမှုကလည်း အများဆုံး ပါဝင်တယ်။ ပြီးတော့ စစ်အင်အားလည်း တောင့်တင်းသလို လက်နက် အင်အားလည်း ပိုမိုပြည့်စုံတယ်။ အခုချိန်ကျတော့ စစ်အင်အားလည်း မပြည့်စုံတော့ဘူး လက်နက်အင်အာလည်း မပြည့်စုံတော့ဘူး။ ငွေအင်အားလည်း မပြည့်စုံတဲ့ အတွက် လူထုထောက်ခံမှုက အရင်ကလိုလည်း မပြည့်စုံမရနိုင်တော့ဘူး။ အဲလို မရှိတဲ့ အချိန်နေပေါ်မှာကျတော့ ကျွန်တော်တို့က တော်လှန်ရေးရယ်လို့ သတ်မှတ်ထားပေမယ့် ကိုယ်လုပ်ချင်တဲ့ အတိုင်းတာ တစ်ခုပေါ်မှာ အစွမ်းကုန်လုပ်လို့ မရဘူး ဖြစ်နေတယ်။ အဲတာကြောင့်မို့ လုပ်လာခဲ့တဲ့ သက်တမ်းတစ်လျောက်လုံးက ပြန်ကြည့်ခြင်းအားဖြင့် အကျိုးမြတ် တစ်စုံတစ်ခုမှ ခံစားလာတာ မရှိတဲ့ အပြင် စိတ်ပန်းလူပန်း ဖြစ်လာတဲ့ အတိုင်းတာပေါ်မှာ ရှိလာပါတယ်။

 

သမ္မတ ဦးသိန်းစိန် တက်လာပြီးပြီးချင်းပဲ ပြောတယ်။ လက်နက်ကိုင်တဲ့ တိုင်းရင်းသားတွေ ကွန်ပျုတာကိုင်စေချင်တယ်လို့ ပြောပါတယ် ပြီးခဲ့တဲ့ ငါးနှစ်သက်တမ်းမှာ ဦးသိန်းစိန်အစိုးရ လုပ်ဆောင်ချက်ကို ဘယ်လိုမြင်လဲ။  

ဒီအကန့်မှာကျတော့ စည်းဝေးပွဲလည်း တစ်ခါမှာ မတက်ရောက် ခဲ့ရတော့ မသိဘူး။

 

ဧပြီလ ၁ ရက်နေ့ကျ အစိုးရသစ်တက်လာတော့မယ်။ အစိုးရတက်လာတော့ တိုင်းရင်သားတွေလည်း တစ်စုံတစ်ရာ ယုံကြည်မှုရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရ တက်လာမှာပေါ့လေ။ တက်လာမှာဆိုတော့ သူ့အစိုးရ အနေနဲ့ ငြိမ်းချမ်းရေးအတွက် ဘာလုပ်ပေးချင်လဲ။ သူ့ကိုဘာပြောချင်လဲ။

သူအပြောင်းလဲရှိလာတဲ့ သမ္မတသက်တမ်း ငါးနှစ်ကာလမှာ ဘယ်လိုပုံစံနဲ့သွားမလဲဆိုတာ ကိုယ်လည်း ဘာတစ်ခုမှ မသိရသေးတဲ့အတွက် ဘယ်လိုအဖြေမှ ပြောမရသေးဘူး။

 

အဲတော့ အဖိုးက ဒေါ်အောင်ဆန်းစုကြည် တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးလုပ်မယ့် ပြောထားတဲ့ အခါကျတော့ ပြောတဲ့အခါကျတော့ ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဘာပြောချင်သေးလဲ။

တိုင်းရင်းသားတွေ အားလုံးအပေါ်မှာ မျှမျှတတ အုပ်ချုပ်မယ်ဆိုလို့ ရှိရင်တော့ ကျွန်တော်က လက်ခံမယ် ပြီးတော့ အားကိုးတကြီးက သူနဲ့ တွဲပြီးတော့ လုပ်သွားမယ်ပေါ့။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags