တောင်တရုတ်နှင့် AFC Cup အုပ်စုအဖွင့်ပွဲတွင် ရန်ကုန်အသင်းမှ အဓိကကစားသမား သုံးဦး လွဲချော်

တောင်တရုတ်နှင့် AFC Cup အုပ်စုအဖွင့်ပွဲတွင် ရန်ကုန်အသင်းမှ အဓိကကစားသမား သုံးဦး လွဲချော်
ရန်ကုန်နှင့်ရခိုင်အသင်းပွဲတွင် ပခုံးဒဏ်ရာကြောင့် လူစားလဲခံရသည့် ဂျပန်နောက်ခံလူယာမာရှီတာ အားတွေ့ရစဉ် (ဓာတ်ပုံ-ရွှေဘုတ်)

ဖေဖော်ဝါရီ ၂၃ ၊ ရန်ကုန် ။             ။ AFC Cup အုပ်စုအဖွင့်ပွဲစဉ်အဖြစ်  ဖေဖော်ဝါရီ ၂၄ ရက်တွင် တောင်တရုတ်နှင့် ယှဉ်ပြိုင်ကစားမည့် ရန်ကုန်ယူနိုက်တက်အသင်းအနေဖြင့် အဓိကကစားသမား သုံးဦး ဒဏ်ရာပြဿနာကြောင့် ပါဝင်ကစားနိုင်ခြင်းမရှိဘဲ လွဲချော်မည် ဟု ရန်ကုန်အသင်းမန်နေဂျာ ဦးမြင့်သိန်းက ပြောသည်။

အဆိုပါကစားသမားသုံးဦးမှာ ဂျပန်နောက်ခံလူယာမာရှီတာ (ပခုံးဒဏ်ရာ) ၊ ဇော်မင်းထွန်း (ခြေဖမိုးဒဏ်ရာ) ၊ ကျော်မင်းဦး (ခြေကျင်းဝတ်ဒဏ်ရာ) တို့ အသီးသီး ရရှိနေခြင်းဖြစ်ပြီး ရန်ကုန်အသင်း၏ လာမည့် ပွဲစဉ် နှစ်ပွဲအထိ ဆက်လက်လွဲချော်သွားမည် ဖြစ်သည်။

ရန်ကုန်အသင်း၏ ကစားသမားများ ဒဏ်ရာပြဿနာနှင့် ပတ်သက်၍ “ အသင်းက လောလောဆယ် အဓိကကစားသမား သုံးဦး ဒဏ်ရာပြဿနာရှိပါတယ်။ ဂျပန်နောက်ခံလူရယ် ကျော်မင်းဦးရယ် ဇော်မင်းထွန်းရယ်ပါ။ ယာမာရှီတာက နှစ်ပတ်လောက်နားရပါဦးမယ်။ ဇော်မင်းထွန်းလည်း အဲ့လောက်နားရမယ့် အခြေအနေဖြစ်နေပါတယ်။ ကျော်မင်းဦးကတော့ အပေါ့စားလေ့ကျင့်ခန်းလုပ်နိုင်နေပမယ့် ပွဲကစားနိုင်တဲ့ ကြံ့ခိုင်မှုတော့ ပြန်မရသေးပါဘူး။ လာမယ့် တောင်တရုတ်နဲ့ပွဲက အုပ်စုအဖွင့်ပွဲဖြစ်လို့ အသင်းကို နည်းပြရော ကစားသမားတွေရော အားလုံးကတော့ အကောင်းဆုံး ပြင်ဆင်နေကြပါတယ် ” ဟု ဦးမြင့်သိန်းက ပြောသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ယခုနှစ် ၂၀၁၆ AFC Cup ပြိုင်ပွဲတွင် အုပ်စု (ဆ) ၌ အိန္ဒိယကလပ် မိုဟမ်ဘေဂန်အသင်း၊ တရုတ်ကလပ် တောင်တရုတ်အသင်း၊ မော်လဒိုက်ကလပ် မက်ဇီယာအသင်း တို့နှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိသည်။ ရန်ကုန်အသင်းသည် အုပ်စုအဖွင့်ပွဲတွင် တောင်တရုတ်အသင်းနှင့် လာမည့် ဖေဖော်ဝါရီ ၂၄ ရက် ညနေ ၄း၀၀ နာရီ၌ ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ အိမ်ကွင်းပွဲစဉ်အဖြစ် စတင်ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required