ရွေးကောက်ပွဲ တစ်ခုမှာ ဘာတွေ ပါဝင်သလဲ၊ မဲထည့်ရေးအတွက် ဘာတွေ သိသင့်သလဲ

ရွေးကောက်ပွဲ တစ်ခုမှာ ဘာတွေ ပါဝင်သလဲ၊ မဲထည့်ရေးအတွက် ဘာတွေ သိသင့်သလဲ

ရွေးကောက်ပွဲ တစ်ခု ကျင်းပရေးအတွက် ရွေးကောက်ပွဲ ကော်မရှင်၊ မဲဆန္ဒရှင်၊ ဆန္ဒနယ်၊ မဲစာရင်း၊ မဲရုံ၊  ကိုယ်စားလှယ်လောင်းများ၊ ပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများ ပါဝင်သည်။

ရွေးကောက်ပွဲ

ဒီမိုကရေစီ စနစ်အရ ပြည်သူရွေးချယ်သော အစိုးရကို တင်မြှောက်နိုင်ရန် ရွေးကောက်ပွဲကို ကျင်းပခြင်း ဖြစ်သည်။
ရွေးကောက်ပွဲမှ တစ်ဆင့် ပြည်သူရွေးချယ်သော ကိုယ်စားလှယ်များကို ရရှိပြီး ၎င်းတို့က လွှတ်တော်များတွင်
ပြည်သူတို့၏ ဆန္ဒများ လိုအပ်ချက်များကို ဆွေးနွေးသည်။ ရွေးကောက်ပွဲ ကော်မရှင် ရွေးကောက်ပွဲ အောင်မြင်စွာ
ဖြစ်မြောက်ရေးအတွက် တာဝန်ယူ ကျင်းပပေးရသော အဖွ့ဲအစည်းဖြစ်သည်။ ရွေးကောက်ပွဲ ကော်မရှင်သည်
ပြည်ထောင်စုအဆင့် တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးအဆင့် အဖွဲ့ခွဲများဟူ၍ အဆင့်ဆင့် ဖွဲ့စည်းထားသည်။

မဲဆန္ဒ

မဲပေးခြင်းသည် နိုင်ငံသား တစ်ဦး၏ အမြင့်ဆုံး အခွင့်အရေးပင် ဖြစ်သည်။ ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် မဲဆန္ဒရှင်တစ်ဦးလျှင် မိမိအမည်ပါဝင်သည့် မဲရုံအတွင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အတွက် သတ်မှတ်ထားသော မဲပုံးတွင် ဆန္ဒမဲတစ်ကြိမ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အတွက် သတ်မှတ်ထားသော မဲပုံးတွင် ဆန္ဒမဲတစ်ကြိမ်၊ တိုင်း၊ ပြည်နယ် ကိုယ်စားလှယ်အတွက် သတ်မှတ်ထားသော မဲပုံးတွင် ဆန္ဒမဲတစ်ကြိမ်အပြင် တိုင်းရင်းသားရေးရာ ဝန်ကြီးများအတွက် သတ်မှတ်ထားသော မဲပုံးတွင်လည်း ဆန္ဒမဲ ပေးရသည်။ မဲပေးရမည့်နေရာသည် မိမိ၏ အမည်စာရင်းပါသော မဲဆန္ဒနယ်ရှိ မဲရုံတွင်သာပေးရမည် ဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် ဘောပင်အသုံးပြုကာ ရေးခြစ် ဆန္ဒပြုရသော်လည်း လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင်မူ အသင့်ထား ပေးသည့် တံဆိပ်တုံး နှိပ်ကာ ဆန္ဒပြုရမည်။

မဲဆန္ဒရှင်

မဲပေးနိုင်သူများကို မဲဆန္ဒရှင်များဟု ခေါ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ရွေးကောက်ပွဲ ဥပဒေများအရ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံသည့် အသက် ၁၈ နှစ်ပြည့်ပြီးသည့် မြန်မာနိုင်ငံသားတိုင်းသည် မဲဆန္ဒရှင် ဖြစ်သည်။ မိမိသည် ဥပဒေအရ မဲပေးခွင့် ရှိသော်လည်း မဲဆန္ဒရှင်စာရင်းတွင် ပါဝင်မှသာ မဲပေးခွင့်ရှိသည်။

မဲစာရင်း
ဒေသတစ်ခုတွင် နေထိုင်သော မဲဆန္ဒရှင်များ၏ အမည်များနှင့် အချက်အလက်များကို ပြုစုထားသည့် စာရင်းကို မဲစာရင်းဟု ခေါ်သည်။ မဲစာရင်းများကို ရပ်ကွက်၊ကျေးရွာများရှိ အိမ်ထောင်စုစာရင်း ပုံစံ ၆၆/၆ ပါ အသက်၁၈ နှစ်ပြည့်ပြီးသူ မဲပေးနိုင်သည့် အရည်အချင်းနှင့် ကိုက်ညီသူများစာရင်းကို ပြုစု ထားခြင်း ဖြစ်သည်။ လက်ရှိ ပြုစုထုတ်ပြန်နေသည့် စာရင်းများမှာ အခြေခံ မဲဆန္ဒရှင်စာရင်းများသာ ဖြစ်သည်။ ရပ်ကျေးကော်မရှင်ရုံးများတွင် ထိုစာရင်းများကို ထုတ်ပြန်သည်။ မိမိအမည် မဲဆန္ဒရှင် စာရင်းတွင် မပါဝင်ခြင်း၊ မှားယွင်းခြင်း ရှိပါက အောက်ဖော်ပြပါ ပုံစံများမှ သက်ဆိုင်သည့် ပုံစံဖြင့် သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်ရုံးတွင် သွားရောက်လျှောက်ထားရမည်။

ရွေးကောက်ပွဲတွင် အရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်းများသည် ပါတီတစ်ခုခုကို ကိုယ်စားပြု၍သော်လည်းကောင်း တစ်သီးပုဂ္ဂလ (မည်သည့်ပါတီမှ ကိုယ်စားမပြုသူ) သော်လည်းကောင်း ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးချယ်ခံသည်။

ကိုယ်စားလှယ်လောင်း အမျိုးအစား

- ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (မြို့နယ်တစ်ခုကိုအခြေပြု၍ရွေးချယ်ခံသူများ)၊တစ်နိုင်ငံလုံးတွင် မြို့နယ်ပေါင်း ၃၃၀ ရှိပြီး ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် နေရာ ၃၃၀ ရှိသည်။

- အမျိုးသားလွှတ်တော် ကိုယ်စားလှယ် (တိုင်း၊ ပြည်နယ် တိုင်းတွင် ပုံသေ သတ်မှတ်ချက် လွှတ်တော် ကိုယ်စားလှယ်အတွက် ရွေးချယ်ခံသူများ၊ တိုင်း၊ ပြည်နယ် တစ်ခုချင်းစီတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၂ နေရာ ရှိသည့်အတွက် အမျိုးသားလွှတ်တော်တွင် ၁၆၈ နေရာရှိသည်။

- တိုင်း၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် (မြို့နယ် တစ်မြို့နယ်တွင် မဲဆန္ဒနယ် (၁) နှင့် (၂) ဟူ၍ နှစ်ခုပိုင်းကာ ရွေးချယ်ခံသည့် တိုင်း၊ ပြည်နယ် လွှတ်တော်နေရာ ဥပမာ - ရန်ကုန်တိုင်းတွင် မြို့နယ် ၄၅ မြို့နယ်ရှိသည့်အတွက် တိုင်းနှင့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၉၀ ဦးရှိသည်)

မှတ်ချက် - ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်သည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တို့က လွှတ်တော်အသီးသီးတွင် ၂၅ % စီ ပါဝင်ကြသည်။

မဲရုံ

ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် သက်ဆိုင်ရာ မဲဆန္ဒနယ်များရှိ မဲဆန္ဒရှင်များ မဲထည့်နိုင်ရေးအတွက် ပြုလုပ် ထားသော နေရာ ဖြစ်သည်။ ဥပမာ- ၂၀၁၀ ရွေးကောက်ပွဲတွင် အစိုးရ စာသင် ကျောင်းအများစုကို မဲရုံအဖြစ် အသုံးပြုခဲ့သည်။

မဲရုံတစ်ရုံတွင် မဲပေးသူဦးရေ  ၃၀၀ မှ ၃,၀၀၀ ထိ မဲပေးနိုင်သည်။ လူဦးရေ အနည်းအများပေါ် မူတည်၍ မဲရုံအရေအတွက် ကွဲပြားနိုင်သည်။

မဲဆန္ဒနယ်

မဲပေးနိုင်သူစာရင်းပဲ ရှိသည့် မဲပေးရမယ့်နယ်မြေ။ မဲဆန္ဒနယ် တစ်ခုတွင် မဲပေးနိုင်သူ ဦးရေအပေါ် အခြေခံ၍ မဲရုံအရေအတွက် အနည်းအများ ဖြစ်နိုင်သည်။ ပြည်သူ့လွှတ်တော်တွင် မဲဆန္ဒနယ်ပေါင်း ၃၃၀ ရှိသည်။ အမျိုးသားလွှတ်တော်တွင် မဲဆန္ဒနယ် ၁၆၈ ခု ရှိသည်။ ပြည်နယ်နှင့် တိုင်းတွင် မဲဆန္ဒနယ်ပေါင်း ၆၆၀ ရှိသည်။ သို့သော် ဖွဲစည်းပုံ အခြေခံ ဥပဒေနှင့် သက်ဆိုင်ရာ ရွေးကောက်ပွဲ ဥပဒေတို့အရ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နေရာများကို သတ်မှတ်နိုင်သည်။ (ဥပမာ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတွင် နယ်မြေတည်ငြိမ်မှုမရှိခြင်း၊ မဲစာရင်း ပြုစုနိုင်ခြင်းတို့ကြောင့် မဲဆန္ဒနယ် သတ်မှတ်ပြီး ရွေးကောက်ပွဲ ကျင်းပရန် မသေချာသေး)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required