"စေတီတော်တွေမှာရှိတဲ့ သမိုင်းအမွေအနှစ်ကို ထိန်းသိမ်းချင်လို့ ဗုဒ္ဓဝေယျာဝေစ္စလုပ်တာပါ"

"စေတီတော်တွေမှာရှိတဲ့ သမိုင်းအမွေအနှစ်ကို ထိန်းသိမ်းချင်လို့ ဗုဒ္ဓဝေယျာဝေစ္စလုပ်တာပါ"

မဟာစေတီ ပုညပါလိ ဗုဒ္ဓဝေယျာဝေစ္စအဖွဲ့မှ ဥက္ကဋ္ဌ ကိုအောင်သူနှင့် အင်တာဗျူး

အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပဲခူးမြို့ မဟာစေတီ ဘုရားရင်ပြင်ပေါ်တွင် တစ်ပတ်ကို တစ်ကြိမ် သန့်ရှင်းရေး လုပ်ပေးနေတဲ့၊ တစ်နေရာ တစ်ဒေသကို ကိုယ်စားပြုခြင်းမဟုတ်ဘဲ ပဲခူးတစ်မြို့လုံး ကိုယ်စားပြုလို့ ခံယူထားတဲ့၊ တတ်နိုင်တဲ့ဘက်ကနေ သမိုင်းအမွေအနှစ်များကို ထိန်းသိမ်းဖို့ ကြိုးစားနေတဲ့ မဟာစေတီ ပုညပါလိ ဗုဒ္ဓဝေယျာဝေစ္စအဖွဲ့မှ ဥက္ကဋ္ဌ ကိုအောင်သူနဲ့ တွေ့ဆုံခိုက် အခုလို စကားစမြည် ပြောဖြစ်ခဲ့ပါတယ်။

အမေး။ ။ အသင်း စတင်ဖွဲ့စည်းဖြစ်ပုံလေး သိပါရစေ။

အဖြေ။ ။ စတင်ဖွဲ့စည်းဖြစ်တာကတော့  ၂၀၁၄ ခုနှစ် ဇူလိုင်၁၃ ရက်နေ့ကပါ၊ ဒီ နီးနားရပ်ကွက်က ပရဟိတကို စိတ်ဝင်စားတဲ့ လူငယ်တွေ စုပေါင်းပြီး ဒီ မဟာစေတီဘုရား ရင်ပြင်တော်ပေါ်မှာ သန့်ရှင်းရေး စလုပ်ဖြစ်သွားတာပါ။

အမေး။ ။ အသင်းနေနဲ့ လုပ်ဆောင်ချက်တွေကို ပြောပြပေးပါ။

အဖြေ။ ။ လုပ်ဖြစ်တာကတော့ ဗုဒ္ဓဝေယျာဝေစ္စကိုပဲ အဓိကထား လုပ်တာပါ။ တစ်နေရာ တစ်ဒေသကိုပဲ ကိုယ်စားပြုတာ မဟုတ်ဘဲ ပဲခူးတစ်မြို့လုံးကို ကိုယ်စားပြုတဲ့ ဗုဒ္ဓဝေယျာဝေစ္စအသင်းတစ်ခုအဖြစ် အလုပ်လုပ်နေကြတာပါ။ ပြီးတော့ မဟာစေတီ ဘုရားကြီးပေါ်မှာရှိတဲ့ အမြင်မတင့်တယ်တဲ့ အမှိုက်တွေကို ကောက်တယ်၊ သန့်ရှင်းရေးတွေ လုပ်တယ်။

အမေး။ ။ ရည်ရွယ်ချက်ကို သိပါရစေ။

အဖြေ။ ။ ဗုဒ္ဓဝေယျာဝေစ္စကို လုပ်ချင်တာပါပဲ။ နောက်ပြီး ပဲခူးမြို့မှာရှိတဲ့ ဘုရားတွေ အားလုံးက သမိုင်းဝင် ဘုရားတွေချည်းပဲလေ အဲ့လိုဆိုတော့ သမိုင်းအမွေအနှစ်ကို ထိန်းသိမ်းဖို့၊ တတ်နိုင်တဲ့ဘက်ကနေ လူငယ်တွေအနေနဲ့ လုပ်ပေးနိုင်တာလေးကို လုပ်ပေးချင်တာပါ။

အမေး။ ။ ရှေ့ဆက် လုပ်ဆောင်သွားမယ့် ဆောင်ရွက်ချက်တွေကို သိပါရစေ။

အဖြေ။ ။ ဘုရားရင်ပြင်တော်တွေပေါ်မှာ အမှိုက်ကောက်မယ်၊ သန့်ရှင်းရေး လုပ်မယ်၊ သမိုင်းဝင် အမွေအနှစ်တွေကို တတ်နိုင်တဲ့ဘက်ကနေ ထိန်းသိမ်းစောင့်ရှောက်မယ်။ အဖွဲ့ရဲ့ တစ်နှစ်ပြည့် နှစ်ပတ်လည်ကျရင် ဘုန်းကြီးကျောင်း တစ်ကျောင်းကို သွား လှူဖို့ ရှိပါတယ်။ စာအုပ်စင် လုပ်ပေးဖို့လည်း ရည်ရွယ်ထားပါတယ်။

အမေး။ ။ အဖွဲ့ဝင် ဖွဲ့စည်းထားပုံနဲ့ အဖွဲ့ဝင် အရေအတွက်ကရော။

အဖြေ။ ။ အခုလက်ရှိမှာတော့ အဖွဲ့ဝင် ၆၀ ရှိပါတယ်။ အသက်ကတော့ ၁၅ နှစ်ကနေ ၃၀ ထိ ပါပါတယ်။ အသက်အရွယ် ကန့်သတ်ထားတာတော့ မရှိပါဘူး။ ပရဟိတကို စိတ်ဝင်စားတဲ့ ဘယ်သူ့ကိုမဆို လက်ခံပါတယ်။

အမေး။ ။ ရန်ပုံငွေ ရှာဖွေပုံနဲ့ ရပ်တည်ပုံကိုလည်း ပြောပြပေးပါ။

အဖြေ။ ။ အဖွဲ့ဝင်တွေဆီကနေ တစ်ပတ်ကို အပတ်စဉ်ကြေး ၂၀၀ ကောက်ပါတယ်။ သန့်ရှင်းရေးအတွက် လိုအပ်တာတွေ ဝယ်ဖို့ပေါ့။ အခုကတော့ အပတ်စဉ်ကြေးနဲ့ လည်ပတ်နိုင်ပေမယ့် နောက်ပိုင်း ဆက်လုပ်သွားမယ့် အလုပ်တွေလည်း ရှိသေးတော့ ရေရှည်မှာတော့ အဆင်မပြေလောက်ပါဘူး။

အမေး။ ။ တခြားပရဟိတ အသင်းတွေနဲ့ ချိတ်ဆက် လုပ်ကိုင်သွားဖို့ ရှိပါသလား။

အဖြေ။ ။ တခြားပရဟိတအသင်းတွေနဲ့ ချိတ်ဆက်လုပ်ကိုင်သွားဖို့ ရှိပါတယ်။ ကိုယ်ပိုင် ရပ်တည်ပြီး တစ်ဦး တစ်ယောက်တည်း အလုပ်လုပ်နေတာထက် အများအားနဲ့ဆိုတော့ ပိုပြီး ခရီးရောက်တာပေါ့။ မကြာသေးခင်ကပဲ ပဲခူးမြို့ရွှေမော်ဓော ဘုရားပွဲကြီး အပြီးမှာ ဘုရားကြီးဝန်းကျင်မှာပဲ ပဲခူူးက လူငယ်တွေ စုပေါင်းပြီး အမှိုက်ကောက်ခဲ့သေးတယ်။ နောက်ပိုင်းမှာလည်း အဲ့လိုပဲ ချိတ်ဆက်ပြီး လုပ်ကိုင်သွားမှာပါ။

အမေး။ ။ အဖွဲ့ဝင်တွေ အပေါ် အစ်ကို့ရဲ့ အမြင်လေး ပြောပေးပါ။

အဖြေ။ ။ အဖွဲ့ဝင်တွေကို အရင်တုန်းကတော့ စည်းကမ်းပိုင်းဆိုင်ရာမှာ အားမရခဲ့ဘူး။ အခုတော့ တော်တော်လေး အားရပါတယ်။ တကယ်လည်း အလုပ်လုပ်ကြတယ်လေ။ နောက်ပြီး အဖွဲ့ဝင် တော်တော်များများက အလုပ်လုပ်နေကြတဲ့ သူတွေဆိုတော့ အားတဲ့ ရက်ကလေးမှာ တတ်စွမ်းနိုင်တဲ့ဘက်ကနေ လာရောက်ကူညီနေတယ်ဆိုတာ တကယ့်ကို ကျေနပ်စရာပါ။

အမေး။ ။ အဖွဲ့ဝင်ချင်ရင် ဘယ်လို လုပ်ဆောင်ရမလဲ သိပါရစေ။

အဖြေ။ ။ ကျွန်တော်တို့အသင်းရဲ့ အခြေခံစည်းကမ်းချက်တွေ ရှိပါတယ်။ အဲ့ဒါတွေကို လိုက်နာနိုင်မယ်၊ ပရဟိတကို စိတ်ဝင်စားတယ်၊ တကယ်လည်း ကျွန်တော်တို့နဲ့ အတူတူ ပူးပေါင်းပြီး လုပ်ဆောင်နိုင်မယ်ဆို အဆင်ပြေပါတယ်။ စိတ်ဝင်စားတဲ့ လူငယ်တွေကိုလည်း ဖိတ်ခေါ်ပါတယ်။ တနင်္ဂနွေနေ့တိုင်း မဟာစေတီဘုရားပေါ်ကို လာရောက်လေ့လာလို့ ရပါတယ်။

အမေး။ ။ ပရဟိတကို စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် ပြောပေးပါ။

အဖြေ။ ။ ပရဟိတစိတ်က တကယ်ကို မြင့်မြတ်ပါတယ်။ ပရဟိတလုပ်ဖို့ ငွေကြေး ဆိုတာထက် လုပ်ချင်ကိုင်ချင်တဲ့စိတ်က ပိုအရေးကြီးပါတယ်။ လူတိုင်းကိုလည်း ပရဟိတအလုပ်တွေ လုပ်စေချင်ပါတယ်။

အမေး။ ။ ဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါ။

အဖြေ။ ။ ပဲခူးမြို့မှာ သမိုင်းဝင် တန်ခိုးကြီး ဘုရားပေါင်းများစွာ ရှိပါတယ်၊ အဲ့ဒီသမိုင်းဝင် ဆိုတာတွေကလည်း ထိန်းသိမ်းထားမှသာ တည်မြဲမှာ ဖြစ်ပါတယ်။ လူငယ်တွေ အနေနဲ့လည်း တတ်နိုင်တဲ့ဘက်ကနေ ဝိုင်းဝန်းကူညီကြပါ။ ပရဟိတလုပ်ငန်းတွေကို တတ်နိုင်တဲ့ဘက်ကနေ ထမ်းဆောင်ကြပါ။ ကျွန်တော်တို့ အသင်းကို စိတ်ဝင်စားရင် လည်း လာရောက်လေ့လာပါ၊ ဖိတ်ခေါ်ပါတယ်။

ဆက်သွယ်ရန် - 09 254646278/09 420284120/09 428142833

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly