အလွမ်းနဲ့တမ်းချင်း တေးအယ်ဘမ် DVD အခွေကို သြဂုတ်လတွင် ထွက်ရှိရန် စီစဉ်နေသည့် အဆိုတော် ရွယ်ရွယ်

အလွမ်းနဲ့တမ်းချင်း တေးအယ်ဘမ် DVD အခွေကို သြဂုတ်လတွင် ထွက်ရှိရန် စီစဉ်နေသည့် အဆိုတော် ရွယ်ရွယ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ။             ။ အလွမ်းနဲ့တမ်းချင်း တေးသီချင်းဖြင့် ပရိသတ် အားပေးမှု ရရှိထားသည့် အဆိုတော် ရွယ်ရွယ်သည် ၎င်း၏ အလွမ်းနဲ့တမ်းချင်း တစ်ကိုယ်တော် တေးအယ်ဘမ်ကို DVD အခွေ အဖြစ် ၂၀၁၆ ခုနှစ် သြဂုတ်လတွင် ထွက်ရှိ ရန် စီစဉ်ထား သည်။

အဆိုတော် ရွယ်ရွယ်သည် ၂၀၁၀ မှ စတင်ပြီး အနုပညာ လောကထဲ ဝင်ရောက် ခဲ့သလို ဝါသနာ ပါသည့် တေးသီချင်းများ သီဆိုရင်း သီချင်းများကို အွန်လိုင်းတွင် Free Link အနေဖြင့်  တင်ခဲ့သည်။ သို့သော်လည်း အလွမ်း နဲ့ တမ်းချင်း တေးသီချင်းဖြင့် ၂၀၁၄ ခုနှစ် မှာမှ ပရိသတ် စတင် သတိ ထားမိခဲ့သူ တစ်ဦးလည်း ဖြစ် သည်။

တစ်ကိုယ်တော် တေးအယ်ဘမ် မထွက်ရှိခင် အချိန်တွင် အတွဲခွေ များတွင် ပါဝင် သီဆို ခဲ့ပြီး ၎င်း၏ ပထမဆုံး တစ်ကိုယ်တော် တေးအယ်ဘမ် ဖြစ်သည့် အလွမ်းနဲ့ တမ်းချင်း တစ်ကိုယ်တော် တေးအယ်ဘမ်ကိုတော့  ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် ထွက်ရှိ ခဲ့ခြင်း ဖြစ် သည်။

အဆိုတော် ရွယ်ရွယ်က "အဲဒီ အလွမ်းနဲ့တမ်းချင်း သီချင်းလေးကို ပရိသတ် ကြိုက်ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အခု DVD အခွေလေးကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားပြီး လုပ်နေပါတယ်။ ၃၀ % လောက်တော့ ပြီးသွားပါပြီ။ DVD အခွေလေး ထွက်လာရင် ပရိသတ် အားပေးပါဦးလို့" ပြောသည်။

Audio CD ထွက်ရှိခဲ့စဉ်က တေးသီချင်း ၁၃ပုဒ် ပါဝင်ပြီး ပရိသတ် အားပေးမှုနည်းသည့် တေးသီချင်းများကို နုတ်ပြီး ပရိတ်သတ် အားပေးပြီး ကိုယ်တိုင် ကြိုက်နှစ်သက်သည့် တေးသီချင်းများကို ရွေးချယ်ပြီး DVD အဖြစ် ရိုက်ကူးသွားမည် ဖြစ်သည်။

အလွမ်းနဲ့တမ်းချင်း တေးသီချင်းကို အကောင်းဆုံး ပုံဖော် ရိုက်ကူးရန် ပြင်ဆင်ထားပြီး ဆုံးရှုံးခြင်းနောက်ကွယ် တေးသီချင်းကိုလည်း Story ကောင်းကောင်း ပုံစံဖြင့် ပုံဖော် ရိုက်ကူးသွားမည် ဖြစ်သည်။

တေးသီချင်းများကို ဒါရိုက်တာများ နှင့် တိုင်ပင်ကာ ရိုက်ကူး ပုံဖော်သွားမည် ဖြစ်ပြီး တခြားသရုပ်ဆောင်များလည်း ပါဝင်မည် ဖြစ်ကာ ကိုယ်တိုင်လည်း ပါဝင် သရုပ်ဆောင်သွားမည်ဟု ဆိုသည်။ လက်ရှိတွင် တေးသီချင်း ၄ပုဒ် ရိုက်ကူး ပြီးစီးသွားပြီ ဖြစ်သည်။

အဆိုတော် ရွယ်ရွယ်သည် Oasix နှင့် Y-Zet တို့ ၏ ပြောစမ်းပါ တေးအယ်ဘမ်တွင် ပါဝင်သီဆို ပေးထားသလို Ice Cold နှင့် အတူ သီဆိုထားသည့် ဒဏ်ရာဒဏ်ချက်၊ တောထဲကပန်း၊ ကယ်သူမဲ့အလင်း စသည့် တေးသီချင်းများလည်း ပရိသတ် ကြိုက်နှစ်သက်သည့် သီချင်များ ဖြစ်သည်။

လက်ရှိတွင် အဆိုတော် ရွယ်ရွယ်သည် နယ်ရှိုးပွဲများတွင် ပါဝင် ဖျော်ဖြေလျက်ရှိပြီး ဖေဖော်ဝါရီ ၂၁ရက်တွင် ထွက်ရှိထားသည့် အဆိုတော် G-Fatt ၏ ဂျင် အမည်ရှိ တစ်ကိုယ်တော် တေးအယ်ဘမ် တွင်လည်း ပါဝင် သီဆိုပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly