ကာဗာနီ၏ ဖင်ကိုနှိုက်ခဲ့သည့် ဂျာရာအား ပွဲပယ်နှင့် ဒဏ်ငွေ ပြစ်ဒဏ်များ ချမှတ်

ကာဗာနီ၏ ဖင်ကိုနှိုက်ခဲ့သည့် ဂျာရာအား ပွဲပယ်နှင့် ဒဏ်ငွေ ပြစ်ဒဏ်များ ချမှတ်

ဆန်တီယာဂို၊ ဇွန် ၂၉။ ။ ကိုပါအမေရိကဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွင် ဥရုဂွေးတိုက်စစ်မှူး ကာဗာနီ၏ ဖင်ကို နှိုက်ခဲ့သော ချီလီကွင်းလယ်ကစားသမား ဂျာရာကို တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်က သုံးပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ငွေ ၄,၇၇၅ ပေါင် ပြစ်ဒဏ်ချမှတ်လိုက်သည်။ ထို့ကြောင့် ဂျာရာသည် ယခုနှစ်လက်ကျန် ကိုပါအမေရိက ပြိုင်ပွဲနှစ်ပွဲစလုံးကို လွဲချော်ရပြီ ဖြစ်သည်။

တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်သည် ဂျာရာ၏ လုပ်ရပ်ကို ပြန်လည်စစ်ဆေးသုံးသပ်ခဲ့ပြီးနောက် အားကစားသမား မပီသသည့် အပြုအမှုဟု သတ်မှတ်ကာ ယခုကဲ့သို့ ပြစ်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်သည်။

ဥရုဂွေးအသင်းက ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော ထိုပွဲစဉ်တွင် ဂျာရာသည် ကာဗာနီ၏ဖင်ကို နှိုက်ခဲ့ပြီး ကာဗာနီက လက်ဖြင့် ပြန်လည်တွန်းခဲ့ရာတွင် သေချာစွာမထိခဲ့သော်လည်း နာကျင်ဟန်ဆောင်ခဲ့ရာ ကာဗာနီမှာ ဒုတိယအဝါကတ်ပြသခံခဲ့ရပြီး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။ ထိုပွဲစဉ်တွင် ဥရုဂွေးအသင်းသည် အနီကတ် နှစ်ကတ်အထိပြသခံခဲ့ရပြီး နှစ်ဖက်အသင်းသားများကြားတွင် ပြဿနာများဖြစ်ပွားခဲ့ကြသည်။

ထို့နောက်တွင် နှစ်သင်းစလုံးသည် တောင်အမေရိကဘောလုံးအဖွဲ့ချုပ်သို့ စောဒကတက်ဝေဖန်ပြောဆိုမှုများ ပြုလုပ်ခဲ့ကြသည်။ ဂျာရာ၏လုပ်ရပ်ကို ချီလီပရိသတ်များက ထောက်ခံခဲ့ကြသော်လည်း ယခုကဲ့သို့ အရေးယူခံခဲ့ရခြင်း ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly