‘အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်ဖို့အတွက် ဆိုလို့ရှိရင် နောက်ထပ် အခက်အခဲတစ်ခုကတော့ အမျိုးသမီး တွေအနေနဲ့ ဒါနဲ့ပတ်သက်တဲ့ အဆက်အသွယ်ကောင်းပေါ့။ သတင်း အချက်အလက်ပေါ့နော်’

‘အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်ဖို့အတွက် ဆိုလို့ရှိရင် နောက်ထပ် အခက်အခဲတစ်ခုကတော့ အမျိုးသမီး တွေအနေနဲ့ ဒါနဲ့ပတ်သက်တဲ့ အဆက်အသွယ်ကောင်းပေါ့။ သတင်း အချက်အလက်ပေါ့နော်’

ယခုတစ်ပတ် ရွေးကောက်ပွဲနှင့် အမျိုးသမီး အစီအစဉ်တွင် မကြာမီ ကျင်းပမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ
အတွက် မဲပေးပိုင်ခွင့်ရှိသူ အမျိုးသမီး လူဦးရေစာရင်းနှင့် သန်းခေါင်စာရင်း မည်သို့ ဆက်စပ်မှု ရှိသည်ဆိုခြင်းကို UNFPA  (ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့) ၏ အကြီးတန်း စီမံကိန်း အရာရှိ ဖြစ်သူ ကျား/မရေးရာ ကျွမ်းကျင်သူ ဒေါ်ခင်ဇာနိုင်နှင့် မဇ္ဈိမက မေးမြန်းထားခြင်းဖြစ်သည်။

တွေ့ဆုံမေးမြန်းသူမှာ ပျိုးလက်ဟန် ဖြစ်သည်။

မေး။ ။ အစ်မရေ ၂၀၁၄ ခုနှစ် မတ်လ ၂၉ ရက်နေ့မှာ ကောက်ခံခဲ့တဲ့ သန်းခေါင်စာရင်းအရဆိုရင်  အမျိုးသမီးလူဦးရေက ၅၁ ဒသမ ၈၇  ရာခိုင်နှုန်း ရှိနေတဲ့အတွက်ကြောင့်မို့လို့ အမျိုးသမီးလူဦးရေဟာ အမျိုးသားလူဦးရေထက် ၁ ဒသမ ၈ သန်း ပိုနေတာကို သိရတယ်ပေါ့နော်။ ကျွန်မသိချင်တာက မဲပေးပိုင်ခွင့်ရှိတဲ့ အမျိုးသမီးဦးရေဟာ အမျိုးသားတွေ ထက် ပိုများနေတယ်လို့များ ပြောနိုင်သလား အစ်မ။

ဖြေ။ ။ ဒီသန်းခေါင်စာရင်းမှာ အသက် ၁၈ နှစ်ပြည့်ပြီး စုစုပေါင်း ဒီမြန်မာနိုင်ငံမှာ လူဦးရေဘယ်လောက်ရှိတယ်ဆိုတာ ထွက်လာမှာဖြစ်တယ်။ အဲဒီဟာကို ကျားဘယ်လောက် မဘယ်လောက်ဆိုပြီး ခွဲခြားပြီး ထွက်လာမှာဖြစ်တယ်။  ဒါပေမဲ့ ထွက်လာတဲ့ အသက် ၁၈ နှစ်ပြည့်ပြီး လူဦးရေစာရင်းဟာ မဲပေးနိုင်တဲ့ လူဦးရေစာရင်းနဲ့ တိုက်ရိုက်အချိုး ကျတယ်လို့တော့ ပြောလို့မရဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဒီမဲပေးပိုင်ခွင့်ရှိတဲ့သူဆိုတာ အသက် ၁၈ နှစ်ပြည့်ပြီး ဖြစ်ရမယ်၊ ပြီးရင် မှတ်ပုံတင်ရှိရမယ်။ နောက် စိတ်ရူးသွပ်တဲ့သူ မဟုတ်ရဘူး၊ သာသနာ့ဝန်ထမ်း မဟုတ်ရဘူး စတဲ့ သူ့ရဲ့တခြားသတ်မှတ်ချက်တွေ ရှိတယ်ပေါ့နော်။ သန်းခေါင်စာရင်းမှာပါတဲ့ ၁၈ နှစ်ပြည့်ပြီး လူဦးရေစာရင်းကတော့ ဒီအချက်တွေကို ဘာမှထည့်မတွက်ဘဲနဲ့ အသက် ၁၈ နှစ်ပြည့်ပြီး မည်သူ့ကိုမဆို ကောက်ခံထားတဲ့စာရင်း ဖြစ်တယ်။ အဲဒါကြောင့် တိုက်ရိုက်အချိုးချလို့ မရဘူး။

မေး။ ။ ခုနက မေးခွန်းလေး ဖြစ်တဲ့ အမျိုးသမီးဦးရေက များနေတဲ့အတွက်ကြောင့်မို့လို့ မဲပေးမယ့် အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုများနေတယ်ဆိုတာကို ပြောနိုင်မလား၊ ပြောလို့ရမလား။

ဖြေ။ ။ အဲ့အတွက်ကြောင့်မို့လို့ ဒီမဲပေးနိုင်တဲ့ လူဦးရေစာရင်းထဲမှာ အမျိုးသမီးဦးရေ ဘယ်လောက်ပါနေတယ် ဆိုတဲ့ ဟာကို သန်းခေါင်စာရင်းက အဖြေမပေးဘူးပေါ့။ ဒါပေမဲ့ သန်းခေါင်စာရင်းက မဲစာရင်းကို ဘယ်လိုပံ့ပိုးမှု ပေးသလဲ ဆိုတဲ့ဟာကို ပြောချင်ပါတယ်။ သူ ပံ့ပိုးမှုပေးတဲ့ အပိုင်းတွေရှိတယ်။ ကျွန်မတို့ ၁၈ နှစ်ပြည့်ပြီး ဂဏန်းတစ်လုံး ထွက်လာမယ်။

တစ်နိုင်ငံလုံးမှာ အသက် ၁၈ နှစ်ပြည့်ပြီး ဘယ်နှစ်ယောက်ရှိသလဲ၊ ကျား ဘယ်လောက်လဲ၊ မ ဘယ်လောက်လဲ။ အဲ့ဒီ ကျားမလူဦးရေစာရင်းဟာ မြို့နယ်တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ ဘယ်နှစ်ယောက်ရှိသလဲ။ မြို့နယ်အသီးသီးမှာ ဘယ်နှစ်ယောက် ရှိသလဲ။ သတင်းအချက်အလက် ထွက်လာမယ်။ အဲ့ဒီ သတင်း အချက် အလက်ဟာ ကျွန်မတို့ မဲပေးဖို့ အတွက် ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ကြိုတင်ပြင်ဆင်မှု လုပ်တဲ့အပိုင်း တွေအတွက် အများကြီး အသုံးဝင်ပါတယ်။ ဒီလူဦးရေကို သိခြင်းအားဖြင့် မဲရုံ ဘယ်နှစ်ရုံကို တည်ဆောက်ထားရမယ်၊ မဲရုံ တစ်ခုနဲ့တစ်ခု အကွာအဝေးဟာ ဘယ်လောက်ထားရမယ်၊ အဲဒီ့ အတွက် လိုအပ်တဲ့ ဒီအစီအမံတွေ ပေါ့နော်၊ မဲပုံးတွေ မဲအရေအတွက်တွေ ခန့်အပ်ရမယ့် ဝန်ထမ်းတွေ အကုန်လုံးကို ကြိုတင်ပြင်ဆင်လို့ ရပါတယ်။ တစ်ချိန်တည်းမှာပဲ ဒီအစိုးရမဟုတ်တဲ့ NGO တွေ၊ ပါတီတွေ အနေနဲ့ကလည်း ဒီမဲပေးတာနဲ့ ပတ်သက်ပြီးတော့ စောင့်ကြပ်ကြည့်ရှုမယ့် အဖွဲ့အနေနဲ့ပဲ ဒီသတင်းအချက်အလက်တွေ သိရှိခြင်းအားဖြင့် မဲကို ကြိုတင်စောင့်ကြပ် ကြည့်ရှုဖို့အတွက် ဘယ်နှစ်ယောက်ကို ဒီသင်တန်းပေးထားရမလဲ၊ လူဘယ်နှစ်ယောက်ကို ဘယ်နေရာမှာ ချထားရမလဲဆိုတဲ့ ကြိုတင်ပြင်ဆင်မှုအပိုင်းတွေကို လုပ်နိုင်တယ်ပေါ့နော်။ ဒါဟာ ဒီမဲရွေးကောက်ပွဲအတွက် အလွန်အရေးကြီးတဲ့ ရွေးကောက်ပွဲအရည်အသွေးကို သေချာစီစဉ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ ဖြစ်ပါတယ်။ နောက်တစ်ချက်က မြို့နယ်တစ်ခုမှာ ဒီ ၁၈ နှစ်ပြည့်ပြီး မဲပေးနိုင်တဲ့သူ အရေအတွက်ကို သိရခြင်းအားဖြင့် အဲ့ဒီအရေအတွက်ကို အခြေခံအချက်တစ်ခုအနေနဲ့ ကျွန်မတို့က ကြည့်ပြီးတော့မှ ဒီနေရာမှာ မဲလာပေးတဲ့သူဟာ ဥပမာအားဖြင့်ပေါ့နော် သန်းခေါင်စာရင်းကနေ ပြောတာလား၊ ၁၈ နှစ်ပြည့်ပြီး ဒီမြို့နယ်မှာ လူ ၁ သိန်းရှိတယ်လို့ ပြောတယ်၊ တကယ် မဲလာပေးတဲ့လူက ဥပမာ ၂ သိန်းလောက် ရှိနေတယ်ဆိုရင် ဘာဖြစ်လို့ ဒီလောက် ကွာဟနေ သလဲ၊ အဲလိုပဲ လာပေးတဲ့သူက ၂ သောင်းလောက်ပဲ ရှိတယ်ဆိုရင် ဘာဖြစ်လို့ ဒီလောက်ကွာဟနေသလဲဆိုတာကို ချက်ချင်း လိုအပ်တဲ့စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နိုင်တယ်ပေါ့နော်။ အဲ့ဒီအတွက်ကို အလွန်အသုံးဝင်ပါတယ်။

မေး။ ။ သန်းခေါင်စာရင်းအရဆိုရင် ၁၈ နှစ်ပြည့်ပြီးတော့ မဲပေးပိုင်ခွင့်ရှိတဲ့ အမျိုးသမီးလူဦးရေတော့ ထွက်လာပြီပေါ့ အစ်မရယ်။ ဒါပေမဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် အမျိုးသမီးတွေ ကိုယ်တိုင်ကိုက သူတို့ လိုလိုချင်ချင် မဲပေးလာ ဖို့ဆိုရင် ဆရာမအနေနဲ့လည်း ကျားမရေးရာ ကျွမ်းကျင်သူတစ်ယောက် အနေနဲ့ပေါ့နော် သူတို့ လိုလိုချင်ချင် မဲပေးလာဖို့ ဘယ်လို ပံ့ပိုးမှုတွေ ပြုလုပ်ပေးသင့်တယ်လို့ထင်လဲ အစ်မ။

ဖြေ။ ။ နိုင်ငံသား တစ်ယောက်အနေနဲ့ ပြောရမယ်ဆိုလို့ရှိရင် ဒီရွေးကောက်ပွဲမှာ လူတွေက တက်တက်ကြွကြွနဲ့ လူတိုင်း၊ မဲ ပေးခွင့်ရှိတဲ့လူတိုင်း ပါဝင်တာဟာ အလွန်အရေးကြီးတဲ့၊ လိုအပ်တဲ့ အခြေခံ အချက်တစ်ချက် ဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုလို့ရှိရင် ကိုယ့်ရဲ့မဲကိုပေါ့နော်၊ မပေးဘဲနဲ့ အဲဒီ့အခွင့်အရေးကို အဆုံးရှုံးခံလိုက်ခြင်းအားဖြင့် အရာရှိဆိုးတွေကို ပိုပြီးတော့မှ သက်တမ်းရှည်စေတယ်ပေါ့နော်။ အဲ့ဒီအဆိုဟာ အခုထက်ထိလည်း မှန်ကန် နေပါတယ်။ မြန်မာနိုင်ငံအတွက်လည်း အထူးမှန်တဲ့ ဆိုရိုးစကားပါ ။ မဲပေးနိုင်ခွင့်ရှိတဲ့ လူတိုင်းလူတိုင်းဟာ ကိုယ့်ရဲ့ အခွင့်အရေးကို သိပြီး ဒီ မဲတစ်ခုနဲ့ ကိုယ်ရွေးချယ်ချင်တဲ့ပါတီ ကိုယ်ရွေးချယ်ချင်တဲ့ နိုင်ငံ့ခေါင်းဆောင်ကို ပေးဖို့ အတွက် ဒါကို အသုံးချလို့ ရတယ်ဆိုတဲ့အချက် ရှိပါတယ်။ တစ်ချက်ကတော့ အမျိုးသမီး၊ အမျိုးသားမဟုတ်ဘူး အမျိုးသမီးတွေ အနေနဲ့ဆိုရင် ဒီမဲပေးတဲ့နေရာမှာ ဒီ မဲပေးဖို့အခွင့်အရေးဆိုင်ရာ သတင်းအချက်အလက်ကို သူ ဘယ်လောက်ရလဲ၊ ဒီအခွင့်အရေးကို သူဘယ်လောက်သိသလဲ၊ အမျိုးသားနဲ့ ယှဉ်လိုက်လို့ရှိရင်ကတော့ သူတို့မှာ ပိုပြီး ခက်ခဲတဲ့ တခြားအခက်အခဲတွေရှိတယ်။

သတင်းအချက်အလက်ရရှိမှု အမျိုးသားထက် နည်းတယ်။ နောက်ပြီးတော့မှ အလုပ်အကိုင်ပေါ့နော်၊ အိမ်အလုပ်နဲ့ မအားတာ၊ ကလေးအလုပ်နဲ့ မအားတာ၊ သူတို့အချိန် အသုံးပြုပုံ အမျိုးသားနဲ့အမျိုးသမီး ကွာတဲ့အခါမှာ ဒီမဲရုံက လွယ်လွယ်ကူကူ သွားလို့မရတဲ့အခါမှာဆိုရင် သူတို့က သွားမထည့်တော့ဘူး။ ဒီဟာ ဒီအချက်တွေ ဖြစ်နိုင်တယ်။ နောက် တစ်ချိန်တည်းမှာဆိုလို့ရှိရင် တချို့က အိမ်မှာ ရှိတဲ့ အိမ်ထောင်ဦးစီး မဲပေးလိုက်ရင် ရပြီလို့ ထင်နေတဲ့အတွက်ကြောင့် မဲသွားမပေးတာရှိတယ်။

အမျိုးသမီးတွေ အနေနဲ့ သတင်းအချက်အလက်ရဖို့တွေကို သေချာသိဖို့ လိုအပ်သလို ဘာ့ကြောင့် အမျိုးသမီးတွေဟာ မဲလာ မပေးတာလဲ။ အခုရှေ့မှာ ရှိခဲ့တဲ့ ၁၉၉၀ ၊၂၀၀၈ ၊၂၀၁၀ ၊၂၀၁၂ မှာ မဲပေးခဲ့တယ်။ ဒီ မဲပေးခဲ့တဲ့ စာရင်းထဲမှာ မဲပေးနိုင်ခွင့်ရှိတဲ့ လူဦးရေစာရင်းက ဘယ်လောက်လဲ။ အဲ့ထဲကမှ အမျိုးသမီးရာခိုင်နှုန်း ဘယ်လောက်ရှိလဲ။ အမျိုးသား ရာခိုင်နှုန်း ဘယ်လောက်ရှိလဲ။ အဲ့ဒီထဲမှာမှ အမျိုးသမီးတွေက ဘယ်နှရာခိုင်နှုန်းက လာပေးပြီးတော့ ဘယ်နှရာခိုင်နှုန်းက လာမပေးဘူးလဲ။ လာမပေးတဲ့ဟာတွေက ဘာ့ကြောင့် လာမပေးတာလဲ။ အဲဒီ့ သတင်း အချက်အလက်တွေက ကျွန်မတို့ သိဖို့ လိုတယ်ပေါ့နော်။ အဲဒါတွေ သိမှသာလျှင် သူတို့ရဲ့လိုအပ်ချက်တွေကို ဘယ်လို ဖြည့်ဆည်းပေးနိုင်မလဲ။ ဘယ်လို အဆင်ပြေအောင် လုပ်ပေးနိုင်မလဲ။

အဲ့ဒီ အမျိုးသမီးတွေ မဲလာထည့် ဖို့အတွက်ပေါ့နော်။ ဒါ လိုအပ်တဲ့အခြေခံအချက်အလက်တွေ ဖြစ်ပါတယ်။ နောက်တစ်ချက်က ဘာလဲဆိုလို့ရှိရင် အမျိုးသမီးမှ မဟုတ်ဘူး၊ သက်ကြီးရွယ်အိုတွေ မသန်စွမ်းတွေ။ သူတို့ကလည်း ဒီ မဲပေးဖို့အတွက် မဲရုံမှာ လိုအပ်တဲ့ အစီအမံတွေ လုပ်ထားသလား။ သူတို့ကော လွယ်လွယ်ကူကူ လာနိုင်အောင် ဘာတွေ လုပ်ပေးဖို့ လိုအပ်မလဲ   ဆိုတဲ့ ဒီအချက်အလက်တွေဟာလည်း ထည့်သွင်းသင့်တဲ့အချက်တွေ ဖြစ်ပါတယ်။

ဒီသန်းခေါင်စာရင်းနဲ့လည်း ချိတ်ဆက်ပြီးပြောရရင် အခုသန်းခေါင်စာရင်းမှာ သက်ဆိုင်ရာမြို့နယ်မှာ သက်ကြီးရွယ်အိုတွေ ဘယ်လောက်ရှိ သလဲဆိုတဲ့ သတင်းအချက်အလက်တွေ ထွက်လာပါမယ်။ မသန်စွမ်းတွေ ဘယ်လောက်ရှိသလဲ ဆိုတာ ထွက်လာ ပါမယ်။ ဖယ်ကျဉ်ခံထားရတဲ့ အမျိုးသမီးဦးစီးတဲ့ အိမ်ထောင်စုတွေ၊ နောက်ပြီး ကလေးသူငယ်တွေ ဦးစီးနေတဲ့ အိမ်ထောင်တွေ ရှိပါတယ်။ အဲ့ဒီ အိမ်ထောင်စုတွေ အနေနဲ့ကော လာပြီးတော့
ပေးလို့ရအောင် သူတို့အတွက်ကော ဘာ အစီအမံတွေကို လုပ်ပေးလို့ရအောင် စီမံခြင်းအားဖြင့် လူတိုင်းလူတိုင်း မဲလာပေးနိုင်မယ်။  ဒီလိုမျိုး ဖယ်ကျဉ်ခံ ထားရတဲ့ ပိုမိုအခက်အခဲရှိတဲ့ လူတွေဟာလည်း ပါဝင်နိုင်မှာ ဖြစ်တယ်။ ဒါတွေဟာ ကျွန်မတို့ လုပ်သင့်တဲ့ အခြေခံ အချက်တွေပါပဲ။

မေး။ ။ သန်းခေါင်စာရင်းကနေပြီးတော့မှ ထွက်လာတဲ့ အစီရင်ခံစာတွေကလည်း မေလမှာ ထွက်လာတယ်။ အဲ့ဒီဟာ အရ ဆိုလို့ရှိရင် သန်းခေါင်စာရင်းကနေပြီးတော့မှ နယ်မြေတွေရဲ့အကြောင်းပေါ့နော်၊ ဒီနယ်မြေတွေက ဖွံ့ဖြိုးလား မဖွံ့ဖြိုး တဲ့ နယ်မြေလားဆိုတဲ့ သတင်းအချက်အလက်တွေအရ သိရတယ်။ ဒီ သတင်းအချက်အလက်တွေကကော ရွေးကောက်ပွဲကို ဝင်မယ့် အမျိုးသမီးတွေအတွက်ကော ဘယ်လိုများ အထောက်အပံ့တွေ ပြုနိုင်မလဲ။  ဘယ်လို နည်းလမ်းတွေနဲ့ သန်းခေါင်စာရင်းကနေပြီးတော့ သူတို့ကို ကူညီနိုင်မလဲပေါ့နော်။

ဖြေ။ ။ ရွေးကောက်ပွဲကိုဝင်မယ့် အမျိုးသမီးတွေအနေနဲ့လို့ ပြောလို့ရှိရင် အမျိုးသမီးဟာ မြန်မာနိုင်ငံမှာ အမျိုးသားထက် ၁ ဒသမ ၈ သန်း ပိုများတယ်။ အဲ့အတွက်ကြောင့်မို့လို့ အမျိုးသမီးတွေ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ဘယ်လို နည်းနဲ့ ပါဝင်မှာလဲဆိုတာကို ကျွန်မတို့ သေသေချာချာ မသိသေးပါဘူး။  သေချာတာတစ်ခုကတော့၊ ဖြစ်သင့်တာ တစ်ခုကတော့ အားလုံးဟာ၊ မဲပေးနိုင်ခွင့်ရှိတဲ့ လူတိုင်းဟာ မဲလာပေးဖို့ လိုအပ်တယ်။ အမျိုးသမီးတိုင်းဟာ သူက မဲပေးသူအနေနဲ့ ပါဝင်မှာလား။ ဒါမှမဟုတ်လို့ရှိရင် သူက ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်မှာလား။ ဒီအချက် ကလည်း အရေးကြီးတယ်။ မြန်မာနိုင်ငံရဲ့သတင်းအချက်အလက်ကို ကြည့်လိုက်လို့ရှိရင် လွှတ်တော်ထဲမှာ အမျိုးသမီးပါဝင်နှုန်းက ၄ ရာခိုင်နှုန်းကျော်ကျော်ပဲ ရှိတယ်။ ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်နေတဲ့၊  အမတ် အဖြစ် အနိုင်ရပြီး ပါဝင်နေတဲ့ အမျိုးသမီးဦးရေဟာ အလွန်နည်းပါးနေတာကို ကျွန်မတို့တွေ့ရတယ်။ တစ်ချိန်တည်းမှာပဲ ကိုယ်စားလှယ်လောင်း ပေါ့နော်၊ ကိုယ်စားလှယ်လောင်း ဘယ်နှစ်ယောက်ရှိတယ် ဆိုတာကလည်း ကြည့် လိုက်ရင်၊ အမျိုးသားနဲ့ နှိုင်းယှဉ်လိုက်ရင် အများကြီး နည်းပါးတယ်ဆိုတဲ့အခါကျတော့ အမျိုးသမီးတွေ ၂၀၁၅ ရွေးကောက်ပွဲကျရင် ဘယ်လိုပါဝင်မှာလဲ ဆိုတဲ့အချက်မှာ ပါတီမှာရှိတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ ကိုယ်စားလှယ်လောင်း ဖြစ်ဖို့အတွက် သူ့မှာ ဘာလိုမလဲ၊ ဘာအခက်အခဲတွေ ရှိမလဲ၊ ဒါတွေကိုလည်း ကျွန်မတို့ သေသေချာချာ သိဖို့လိုပါတယ်။

တစ်ချိန်တည်းမှာပဲ အမျိုးသမီးတစ်ယောက်ဟာ အမတ်ဖြစ်ဖို့အတွက်လည်း သူဟာ ခက်ခဲမှု၊ အမျိုးသားထက် ပိုပြီးခက်ခဲမှု ရှိတယ်။ ဘာအခက်အခဲတွေက သူ့ကို အခြေခံတာလဲပေါ့နော်။ ပါတီမှာ ရှိတဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေ လုပ်ထုံး လုပ်နည်းတွေဟာကော ဘယ်လို အတားအဆီးတွေ ဖြစ်နေလဲ၊ ဘာတွေကို ကျွန်မတို့ ပြင်သင့်သလဲ။ အခုလက်ရှိ ရှိတဲ့ ရွေးကောက်ပွဲဥပဒေတွေကကော၊ အမျိုးသမီးကော၊ အမျိုးသားအတွက်ကော ဒါဟာ လွယ်လွယ်ကူကူ ဖြစ်စေရဲ့လား။ အမျိုးသမီးမှာ ပိုပြီး အခက်အခဲ ရှိစေသလား။ နောက်တစ်ချက်က အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်ဖို့အတွက် ဆိုလု့ိရှိရင် နောက်ထပ် အခက်အခဲတစ်ခုကတော့ အမျိုးသမီးတွေအနေနဲ့ ဒါနဲ့ပတ်သတ်တဲ့ အဆက်အသွယ်ကောင်းပေါ့။ သတင်းအချက်အလက်ပေါ့နော် ။ ငွေရေးကြေးရေးပံ့ပိုးမှု၊ နောက် မိသားစုရဲ့ထောက်ခံမှု၊ မိသားစုရဲ့ အားပေးထောက်ခံမှု၊ ဒါတွေကကော ဘယ်လောက်အခြေအနေမှာ ရှိနေသလဲဆိုတာ။ ဒါတွေဟာ အတားအဆီး ဖြစ်တယ်ပေါ့နော်။ နောက် ပညာအရည်အချင်း၊ နောက်တစ်ချက် ပြောလိုက်ရင် နိုင်ငံရေးဆိုတာက အန္တရာယ်ရှိတယ်။ နိုင်ငံရေးဆိုတာ က ကြောက်ဖို့ကောင်းတယ်။ နိုင်ငံရေးဆိုတာက ဝေးဝေးနေလေ ဘေးကင်းလေ အယူအဆရှိလို့ရှိရင်လည်း ဒါဟာ လူတွေက နိုင်ငံရေးနဲ့ ရွေးကောက်ပွဲနဲ့ နိုင်ငံရေးအခွင့်အာဏာ ရရှိဖို့အတွက်နဲ့ ပတ်သက်ပြီးတော့မှ ကြိုးစားမှုတွေ လျော့နည်းနေမှာပဲပေါ့နော်။  ဒီအပိုင်းတွေသည် ကျွန်မတို့ အများကြီး လုပ်ဖို့လိုသေးတဲ့အပိုင်းပါ။ သန်းခေါင်စာရင်း နဲ့ပတ်သက်တဲ့ အချက်အလက်တွေနဲ့ ပတ်သက်ရင် ရွေးကောက်ပွဲကို ဘယ်လိုအကျိုးပြုမလဲ ဆိုတဲ့ မေးခွန်း ကိုတော့ သန်းခေါင်စာရင်းမှာ ကြည့်လိုက်ရင် မေးခွန်း ၄၁ ခု ပါတယ်ပေါ့နော်။ မေးခွန်း ၄၁ ခုမှာ မေလ ထုတ်ပြန်သွားတဲ့ အထဲမှာ မေးခွန်း ၃၇ ခု အဖြေတွေ ပါပါတယ်။ ၃၇ ခု အဖြေတွေထဲမှာဆိုရင် လူတွေရဲ့နေထိုင်မှု၊ လူမှု အဆင့်အတန်း၊ နောက် မသန်စွမ်းမှု၊ လူတွေရဲ့ ပြောင်းရွှေ့သွားလာခြင်း အကြောင်းတရားတွေ၊ နောက်ပြီးတော့မှ ပညာရေး၊ လုပ်သားအင်အား၊ ကျန်းမာရေး၊ ကျန်းမာရေးလို့ ပြောလို့ရှိရင် ၅ နှစ်အောက် ကလေးသူငယ်တွေ သေဆုံးမှုနှုန်း၊ ကလေးမွေးဖွားစဉ် မိခင်သေဆုံးမှုနှုန်း စတဲ့ ဒီအချက်အလက်တွေ ရှိသလို အိမ်ရဲ့အကြောင်းအရာ ပေါ့နော်။ အိမ်ရဲ့အကြောင်းအရာဆိုတာ လူတွေ ရေ၊ မီး၊ အိမ်သာ၊ သောက်ရေ သုံးရေ၊  နောက် လောင်စာနဲ့ ပတ်သက်ပြီးတော့မှ ဘယ်လိုတွေ သုံးနေသလဲ။ သူတို့ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေးတွေ ဘယ်လို ရှိနေသလဲ။ ဒါက ကျန်းမာရေး၊ ပညာရေးနဲ့ ထပ်ပြီး ချိတ်ဆက်တဲ့ အကြောင်းပေါ့နော်။

ဒီ သတင်း အချက်အလက်တွေကို သိလာမယ်။ ဒီ သတင်းအချက်အလက်က ဘယ်လိုအနေနဲ့ သိလာမလဲဆိုရင် မြန်မာ တစ်ပြည်လုံး သတင်းအချက်အလက် သိရတာတင်မက တိုင်းနဲ့ ပြည်နယ် ၁၄ ခု ၁၅ ခုရဲ့ နှိုင်းယှဉ် ချက်တွေကိုလည်း ကျွန်မတို့ သိလာမှာ ဖြစ်တယ်။ မြို့နယ်အလိုက် နှိုင်းယှဉ်ချက်တွေကို၊ လိုအပ်ရင် ကျေးရွာအလိုက် နှိုင်းယှဉ်ချက်တွေကို သိလာမှာ ဖြစ်တယ်။ အဲလိုသိလာခြင်းအားဖြင့် ပါတီနိုင်ငံရေးအနေနဲ့ပေ့ါနော်။ ပါတီနိုင်ငံရေး အနေနဲ့ကော၊ အမျိုးသမီး ကိုယ်စားလှယ်လောင်း အနေနဲ့ကော ဘယ်လို အသုံးပြုနိုင်သလဲဆိုရင် ဒီ ကိုယ့်နယ်မြေမှာရှိတဲ့ အခြေအနေဟာ ဘာလဲ၊ သတင်းအချက်အလက်တွေကို ကြည့်ပြီး သေချာသိနိုင်ပါတယ်။ ကိုယ့်မြန်မာမှာ လိုအပ်နေတာက ဘာလဲ ကိုယ့်နယ်က ပြောတဲ့ သတင်းအချက်အလက်တွေဟာ ဘယ်သူက အခက်ခဲဆုံးဆိုတာ ကို ပြောနေသလဲ။ ဘာဧရိယာက အလိုအပ်ဆုံးဆိုတာကို ပြောနေသလဲ ဆိုတာတွေကို သေချာသိခြင်းအားဖြင့် သူတို့ တကယ်လုပ်ပေးနိုင်မယ့် ကတိကဝတ်တွေကို လုပ်ပေးနိုင်ပါတယ်။  

မေး။ ။ ကျေးဇူး အများကြီး တင်ပါတယ်။ သန်းခေါင်စာရင်းကနေပြီးတော့မှ ထွက်လာတဲ့ အချက်အလက်တွေ အရဆိုရင် အမျိုးသမီး ဦးဆောင်တဲ့ အိမ်ထောင်စုစာရင်းအနေနဲ့ အိမ်ထောင်စုစာရင်း ဘယ်လောက်ရှိမလဲဆိုတာရယ်၊ သူတို့ရဲ့ အခြေအနေတေ ွသိရပြီပေါ့နော်။ အမျိုးသမီး ဦးဆောင်တဲ့ အိမ်ထောင်စုက အမျိုးသမီးတွေ မဲပေးနိုင်ဖို့ အခွင့်အရေး ကို သူတို့ ကျင့်သုံးဖို့အတွက် ဘာတွေများ ကူညီပံ့ပိုးမှုတွေ လုပ်ပေးနိုင်မလဲရှင့်။

ဖြေ။ ။ သန်းခေါင်စာရင်းကနေ၊ သတင်းအချက်အလက်ကနေ တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ ရှိတဲ့ ဒီလိုအမျိုးသမီး တစ်ဦးတည်း ဦးဆောင်နေတဲ့ အုပ်စုအရေအတွက်တွေ ဘယ်နေရာမှာ အများဆုံးလဲဆိုတာ ကျွန်မတို့ တွေ့ရမယ် အဲလိုပဲ ကလေးသူငယ်တွေ၊ အိမ်ထောင်စုတွေ၊ ဒါတွေသိရမယ်။ အဲလို သိရတဲ့ အရေအတွက်ကို သိရခြင်းအားဖြင့် ကျွန်မတို့ လိုအပ်တဲ့ စီမံပေးမှုတွေ၊ ပံ့ပိုးပေးမှုတွေ အများကြီး လုပ်ပေးနိုင်ပါတယ် ။ သန်းခေါင်စာရင်းမှာ သတင်းအချက်အလက်တွေ အများကြီး ပါပါတယ်။ လူဦးရေ အရေအတွက်ထက် ပိုပြီးတော့မှပေါ့နော်၊ အမျိုးသမီးတွေ အရေအတွက် ဒီလောက် ရှိနေတယ်၊ အဲဒီ့အမျိုးသမီးတွေရဲ့ ပညာရေးအခြေအနေဟာ ဘယ်လောက်လဲဆိုတာ ကျွန်မတို့ သိနိုင်တယ်။ ပြီးလို့ရှိရင် သူတို့ရဲ့ ကျန်းမာရေးအခြေအနေ သူတို့ရဲ့ လူနေမှု အဆင့်အတန်း သူတို့က ဘယ်နေရာတွေမှာ နေကြတယ်ဆိုတဲ့ အခြေအနေနဲ့ ဘာတွေ ပိုပြီး ခက်ခဲနေသလဲဆိုတဲ့ အခြေအနေကိုလည်း ကျွန်မတို့ သိနိုင်မှာ ဖြစ်တယ်။ အဲလိုမျိုး အခြေအနေတွေကို နှိုင်းယှဉ် သိခြင်းအားဖြင့် အစိုးရတွေ အနေနဲ့ ဒီ အမျိုးသမီးတွေနဲ့သက်ဆိုင်တဲ့ မူဝါဒတွေ၊ အစီအမံတွေ၊ ပေါ်လစီတွေကို ချမှတ်ခြင်းအားဖြင့် အမျိုးသမီးတွေအတွက် ပိုပြီးတော့မှ ဖွံ့ဖြိုးတိုးတက်ရေး၊ သူတို့ရဲ့ လူနေမှုဘဝ မြင့်တင်ရေး စတဲ့ လူထုဆိုင်ရာ ပေါ်လစီတွေကို ချမှတ်နိုင်တယ်။ အဲလို ချမှတ်ခြင်းဟာ indirectly သွယ်ဝိုက်ပြီးတော့မှ အမျိုးသမီးတွေရဲ့ မဲပေး နိုင်တဲ့ အခွင့်အရေးတွေကို၊ မဲ ပေးနိုင်တဲ့ အခက်အခဲ၊ မဲ မပေးနိုင်တဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်မယ်၊ အမျိုးသမီးတွေ ပိုပြီးတော့မှ နိုင်ငံရေးမှာ ပါဝင်လာနိုင်တယ်လို့ ယုံကြည်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags